မျက်နှာလေးကြည်လင်ဝင်းပစေတဲ့ မျက်နှာအဆိပ်ထုတ်တာကို အိမ်မှာလည်း ပြုလုပ်လို့ရပါတယ်။
Thin Nu Swe

အခုခေတ် Spa တွေ ၊ အလှပြင်ဆိုင်တွေမှာ ခေတ်စားတဲ့အရာကတော့ မျက်နှာအဆိပ်ထုတ်ခြင်းဆိုတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ အလှပြင်ဆိုင်တွေမှာ ခေါင်းလျှော်နေချိန်မှာဆိုရင် မျက်နှာအဆိပ်ထုတ်မလားလို့ မေးတတ်ကြပါတယ်။ Spaက မေးတဲ့အချိန်မှာ တစ်ခါတည်း မျက်နှာအဆိပ်ထုတ်လိုက်တဲ့သူတွေရှိသလို မျက်နှာအဆိပ်ထုတ်တာ ဘယ်လိုမျိုးလဲလို့ သိချင်ကြတဲ့သူတွေရှိပါတယ်။ ဒါ့ကြောင့် မျက်နှာအဆိပ်ထုတ်တာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားကြတဲ့ မဒီတို့အတွက် မျက်နှာအဆိပ်ထုတ်တဲ့ အကြောင်းကို ခုပဲ စူးစမ်းကြည့်ကြရအောင်ပါ။

မျက်နှာအဆိပ်ထုတ်တယ်ဆိုတာ

မျက်နှာအဆိပ်ထုတ်တယ်ဆိုတာဆိုတာ မဒီတို့နေ့စဉ်မနက်ခင်းတိုင်း ၊ ညတိုင်း မျက်နှာသစ်ဆေးနဲ့ သစ်နေပေမယ့်လည်း ပြောင်စင်မသွားတဲ့ ချွေးပေါက်အတွင်းပိုင်းထဲက အညစ်အကြေးတွေ နဲ့ ညိုညစ်တဲ့အသားအရေတွေကို ပြောင်စင်သန့်ရှင်းသွားအောင် အဆိပ်ထုတ်ပေးလိုက်တဲ့ သဘောပဲဖြစ်ပါတယ်။

အဆိပ်ထုတ်ပေးတဲ့ စက်ကလေး

မျက်နှာအဆိပ်ထုတ်တဲ့ စက်ကလေးနဲ့ မျက်နှာအဆိပ်ထုတ်တဲ့ Vitamin E ဆေးလုံးလေးတွေပေါင်းစပ်ပြီး အဆိပ်ထုတ်လိုက်တာဖြစ်ပါတယ်။ အဆိပ်ထုတ်စက်နဲ့ Vitamin E ဆေးလုံးအာနိသင် ပေါင်းစပ်လိုက်တဲ့အခါမှာတော့ မျက်နှာရဲ့ အတွင်းပိုင်းမှာရှိတဲ့ အညစ်အကြေးတွေကြောင့် ညိုညစ်လာတဲ့ မျက်နှာပြင်ပေါ်က အဆိပ်တွေကို စုပ်ထုပ်လိုက်တာပါ။

မျက်နှာအဆိပ်ထုတ်ဖူးတဲ့ မမိုးပြည့်ကတော့ သူ့ရဲ့ မျက်နှာအဆိပ်ထုတ်တာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံကို Duwun ကို ခုလိုပြောပြပါတယ်။

“အဆိပ်ထုတ်တာလုပ်ဖူးတယ်။ အဆိပ်ထုတ်ပြီးရင် သူက နေပူထဲ ထွက်လို့မရဘူး။ နေပူထဲ မသွားရဘူးပေါ့။ အဆိပ်ထုတ်ပြီး သုံးရက်လောက် မျက်နှာကြည်သွားတယ်။ ပြီးတော့ မျက်နှာပေါ်မှာရှိတဲ့ ချွေးတွေပြောင်သွားသလို ခံစားရတယ်။ ဒါပေမယ့် ချွေးပေါက်ကတော့ နည်းနည်းကျယ်သွားသလို ခံစားရတယ်။” 

ကောင်းကျိုး

မျက်နှာအဆိပ်ထုတ်ခြင်းအားဖြင့် ရရှိတဲ့ ကောင်းကျိုးတွေကတော့ မျက်နှာအတွင်းပိုင်းမှာ ရှိတဲ့ အညစ်အကြေးတွေကို ထုတ်ပစ်လိုက်တာ ဖြစ်တဲ့အတွက် မျက်နှာလေးကြည်စင်လာမှာ ဖြစ်ပါတယ်။ နောက်ပြီး အဆီပြန်တာနဲ့ ဝက်ခြံထွက်တာကို ကာကွယ်ပေးပြီး မျက်နှာလေးကို တင်းတင်းရင်းရင်း ဖြစ်လာစေပါတယ်။ အရေးအကြောင်းတွေကိုလည်း လျော့ပါးသက်သာစေပါတယ်။ ရေဓာတ်လည်း ဖြည့်ပေးတယ်ဆိုတော့ ခုခေတ် မဒီတိုင်းလိုချင်တဲ့ Glow နေတဲ့ အသားအရေပြောင်တင်းတင်းလေးကို ရရှိစေမှာပါ။ အသားအရေအမျိုးအစားအားလုံး အသုံးပြုလို့ရပါတယ်။

မျက်နှာအဆိပ်ထုတ်ဖူးတဲ့ မော်ဒယ် ဟေမာန်ကလည်း သူ့ရဲ့ အတွေ့အကြုံကို Duwun ကို ပြောပြပါတယ်။

“မျက်နှာအဆိပ်ထုတ်တာက...မျက်နှာရဲ့အတွင်းထဲမှာရှိနေတဲ့အညစ်အကြေးတွေက လက်လေးနဲ့မျက်နှာသစ်တာလောက်နဲ့ အတွင်းထဲက အညစ်အကြေးတွေ မကုန်နိုင်ဘူးလေ။ မျက်နှာအဆိပ်ထုတ်တာကတော့ အတွင်းထဲကအညစ်အကြေးတွေဘာတွေကို အဆိပ်ထုတ်တဲ့အခါ ညှစ်ထုတ်နေသလိုပဲ။ အထဲကဖုန်တို့၊ နေလောင်ထားတာတို့ ၊ ဝက်ခြံ တို့က သန့်စင်သွားတာပေါ့။ အဆိပ်ထဲမှာပါသွားတာပေါ့။ မျက်နှာအဆိပ်ထုတ်ပေါင်းတင်တဲ့ လူနဲ့ ဘာမှ skin care မလုပ်တဲ့လူနဲ့အသက်ရွယ်တူချင်း ယှဉ်လိုက်တဲ့အခါမှာ shin care လုပ်တဲ့လူက အရွယ်တင်တာချင်း၊ အသားအရေ ကြည်လင်တာခြင်းက ကွဲပြားသွားပါတယ်။ တစ်လတစ်ကြိမ်လောက် အဆိပ်ထုတ်ပေါင်းတင်ပေးဖြစ်ရင်တော့ ဝက်ခြံထွက်နည်းတယ်။ နောက်ပြီး အသားအရေကြည်ကြည်တင်းတင်းလေးဖြစ်ပြီး အရွယ်တင်နုပျိုစေပါတယ်” 

သတိပြုရန်အချက်

ဆိုးကျိုးဆိုတာထက် သတိထားရမယ့် အချက်တွေရှိပါတယ်။ အဲဒါကတော့ မျက်နှာအဆိပ်ထုတ်တာကို ဝက်ခြံထွက်စပြုနေတဲ့အချိန်တွေမှာ လုံးဝမလုပ်သင့်ပါဘူး။ ဝက်ခြံထွက်ချင်နေတဲ့ အချိန်မျိုးမှာ မျက်နှာအဆိပ်ထုတ်လိုက်မိပြီဆိုရင်တော့ ထွက်စပြုနေတဲ့ ဝက်ခြံတွေဟာ ကန်ထွက်ပြီး မျက်နှာမှာ ဝက်ခြံတွေ ပိုပြီး ထွက်လာတတ်တယ်လို့ Moe Spa ပိုင်ရှင်ဖြစ်သလို ကိုယ်တိုင်လည်း အလှအပပိုင်းဆိုင်ရာတွေမှာ ဝန်ဆောင်မှုပေးနေတဲ့ မမိုးပွင့်ဖြူက Duwun ကို ပြောပါတယ်။

“မျက်နှာအဆိပ်ထုတ်တယ်ဆိုတာက အဆီပြန်တာတို့ ၊ ဝက်ခြံထွက်တာတို့အတွက် ကောင်းတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက ဝက်ခြံထွက်ချင်နေတဲ့ သူတွေအနေနဲ့ အဆိပ်မထုတ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကန်ပြီးထွက်လာတတ်တယ်။ ၁၀ယောက်မှာ တစ်ယောက်လောက်ကတော့ ဝက်ခြံကန်ပြီး ထွက်တတ်တဲ့ သဘောလေးမှာ ရှိတာပေါ့။ တော်တော်များများကတော့ အဆင်ပြေတယ်။ အဆိပ်ထုတ်လိုက်ရင် မျက်နှာလေးက ပြောင်ပြီး တင်းပြီး ဝင်းသွားတယ်။ ရေဓာတ်လည်း ဖြည့်ပေးတယ်ဆိုတော့ မဆိုးဘူးပေါ့နော်။ သူက မိတ်ကပ် နဲ့ လေ နဲ့ ချွေးတို့ ပေါင်းပြီး ဖြစ်တတ်တဲ့ ချွေးပေါက်ထဲက ချေးတွေကို သန့်စင်ပေးတယ်။ စက်ကလေးနဲ့ ဆေးလုံးလေးနဲ့ ပေါင်းပြီး ထုတ်လိုက်တဲ့ အခါမှ မျက်နှာပေါ်က ချွေးပေါက်တွေထဲမှာ ရှိတဲ့ အဆိပ်တွေက ထွက်လာတာ။ အဲဒီ အဆိပ်တွေထွက်လာတဲ့အခါမှာ ချွေးပေါက်တွေက သန့်စင်သွားတာ။ အဆီပြန်တာကိုလည်း သိသိသာသာ သက်သာတယ်။ နောက် တင်းတိပ်တွေကိုလည်း ကာကွယ်ပေးတယ်။” 

ကိုယ်တိုင်မျက်နှာ အဆိပ်ထုတ်မယ်



ခုဆိုရင် Spa တွေသွားနေမှ မဟုတ်ဘဲ မျက်နှာအဆိပ်ထုတ်စက်ကလေးတွေ ဝယ်ပြီး ကိုယ်တိုင်အဆိပ်ထုတ်လို့ ရပါပြီ။ အဆိပ်ထုတ်စက်ကလေးနဲ့ Vitamin E ဆေးလုံးလေးတွေ ဝယ်ပြီး အိမ်မှာ လုပ်ရုံပါပဲ။ Vitamin E ဆေးလုံးလေးတွေက အသားအရေအတွင်းပိုင်းအလွှာအထိ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေ ၊  အဆီပြန်တာတွေကို ယူပစ်သလို ဖယ်ရှားသန့်စင်ပေးပြီး ဝက်ခြံ၊ ဆားဝက်ခြံများကင်းဝေးစေပါတယ်။ ညိုညစ်တဲ့ အသားအရေလေးကို ဖြူဖွေးတင်းရင်းနုပျိုလှပလာစေတဲ့အပြင် Vitamin E က အသားအရေအတွက် လိုအပ်တဲ့အာဟာရဓာတ်ကို ဖြည့်ဆည်းပေးပြီး နူးညံ့ချောမွေ့စေပါလိမ့်မယ်။ Vitamin E ဆေးတောင့်ကလေးကို အသားထဲစိမ့်ဝင်အောင် မျက်နှာအနှံ့လိမ်းပေးပါ။ ပြီးရင် အဆိပ်ထုတ်စက်လေးနဲ့ မျက်နှာအနှံ့ စက်ဝိုင်းသဏ္ဍာန်အောက်ကနေ အပေါ်ကို ပင့်တင်ပြီး ၁၅မိနစ် ဒါမှမဟုတ် မိနစ် ၂၀ လောက် ပွတ်ပေးရပါမယ်။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ရမှာဖြစ်ပါတယ်။     

မျက်နှာအဆိပ်ထုတ်တာကို တစ်ပတ်မှာ နှစ်ကြိမ် ဒါမှမဟုတ် ၃ကြိမ်လောက် အသုံးပြုပေးရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ မျက်နှာလေးကြည်လင်ဝင်းပပြီး အဆိပ်အတောက် အညစ်အကြေးတွေ ကင်းစင်သွားစေမှာပဲ ဖြစ်ပါတယ်။


က္က