အရပ်ပုပြီး အကောင်သေးရင် ဘာဝတ်ဝတ်တော်တယ်၊ ဆိုဒ်ဘာညာရှာရတာလည်း မခက်ဘူးလို့ ထင်ကြ ပေမယ့် ခန္ဓာကိုယ်သေးတဲ့သူတွေမှာလည်း သူ့ပြသနာနဲ့သူရှိတာပါပဲ။
May Thaw

လူတစ်ယောက်ဟာ ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်အဝတ်အစားကို ရွေးချယ်နိုင်ဖို့အတွက် ပထမဆုံးကိုယ့်ရဲ့ ဘော်ဒီအချိုးအစားကို သေချာသိထားမှ ဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့အချိုးအစားကို သေချာသိပြီဆိုရင်တော့ ဘယ်လိုဒီဇိုင်းမျိုးတွေကို ဝတ်သင့်တယ်၊ ဘယ်လိုအဝတ်အစားမျိုးကိုတော့ ရှောင်သင့်တယ်ဆိုတာကို နောက်တစ်ဆင့် ထပ်သိအောင်ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခုတစ်ခေါက်မှာတော့ ခန္ဓာကိုယ်အချိုးအစားတွေထဲက အရပ် ၅ပေ၄လက်မ မပြည့်တဲ့အပြင် အကောင်သေးတဲ့ မဒီတွေအတွက် ဘယ်လိုအဝတ်အစားမျိုးတွေ ရွေးချယ်ရမယ်ဆိုတာနဲ့ ရှောင်ကြဉ်ရမယ်ဆိုတာလေး ရေးပေးသွားမှာ ဖြစ်ပါတယ်။

အရပ်ပုပြီး အကောင်သေးရင် ဘာဝတ်ဝတ်တော်တယ်၊ ဆိုဒ်ဘာညာရှာရတာလည်း မခက်ဘူးလို့ ထင်ကြ ပေမယ့် ခန္ဓာကိုယ်သေးတဲ့သူတွေမှာလည်း သူ့ပြသနာနဲ့သူရှိတာပါပဲ။ တစ်ခါတလေ ဘောင်းဘီတစ်ထည် ဝယ်မယ်ဆိုပြီး ကောက်စွပ်ကြည့်လိုက်ရင် ဘောင်းဘီက ရှည်နေတာမျိုး၊ jacket တွေ ၊ အပေါ်ဝတ်အကျီတွေ စမ်းဝတ်ကြည့်လိုက်ရင် ပခုံးကျပြီးကြည့်မကောင်းဖြစ်နေတာမျိုးတွေပေါ့။

ဒီတော့ ကိုယ့်အရပ်က ၅ပေ ၄လက်မ ဒါမှမဟုတ် အဲဒီထက်ပုတယ် အကောင်ကလည်း ညှက်တယ်ဆိုရင်တော့ ဖက်ရှင်အတွဲအစပ်နဲ့ ပတ်သက်ပြီး ဆောင်ရမယ့် ဒီအချက်လေးတွေ မဖြစ်မနေ သိထားဖု့ိလိုပါပြီ။

(၁) ခါးပိုသွယ်သယောင် ဖြစ်အောင်ဝတ်ပါ။

အရပ်ကပုပြီး အကောင်ကသေးပါတယ်ဆိုမှ ခါးနေရာက ပွတဲ့အကျႌအဝတ်အစားမျိုးသာ ဝတ်ထားမယ်ဆိုရင် လူကပိုပုသလို ပုံစံမျိုးနဲ့အတော်လေး ကြည့်ရဆိုးသွားပါလိမ့်မယ်။ ဒါ့ကြောင့် တီရှပ်ပွပွကြီးတွေ၊ ရှပ်အကျႌပွပွကြီးတွေ ဝတ်ရတာ သဘောကျရင်တောင် ဝတ်ဖို့တော့မစဉ်းစားပါနဲ့။

(၂) စကတ်တိုနဲ့ boot (သို့) ထိပ်ချွန်ရှုးတွဲစီးနိုင်ပါတယ်။

အရပ်ပုတဲ့သူတွေအတွက်တော့ စကတ်တွေရွေးချယ်တဲ့အခါ ဒူးအကျော်၊ ဟိုမရောက် ဒီမရောက် စကတ်မျိုးတွေထက်စာရင် ဒူးခေါင်းအပေါ်နားရောက်တဲ့ စကတ်မျိုးလေးတွေက ပိုလိုက်ဖက်ပါတယ်။ ကိုယ်ကဆယ်ကျောက်သက်ဆိုရင် tennis စကတ်အကားလေးတွေ ဝတ်နိုင်တယ်ဆိုပေမယ့် ကိုယ်က နှစ်ဆယ်ကျော်၊ သုံးဆယ်နားဆိုရင်တော့ ဒူးအပေါ်နားအတိ ရှေ့ကြယ်သီးတပ်စကတ်မျိုးလေးက သိပ်မကားတာမို့ အဲ့ဒါမျိုးလေးတွေ ရွေးဝတ်နိုင်တယ်လေ။ သူ့ကို ဖြစ်နိုင်ရင် ankle boot လေးတွေ ဒါမှမဟုတ် ထိပ်ချွန်ရှုးဖိနပ်လေးတွေနဲ့လည်း တွဲစီးနိုင်ပါတယ်ရှင်။

(၃) ဂျင်းကို cropped jean ရှာဝတ်ပါ။

တအားပွတဲ့ အဝတ်အစားမျိုးတွေ ရှောင်ရမယ်ဆိုတာ သိပြီးသားမို့ အပေါ်ထပ်ဖြစ်တဲ့ jean jacket လိုဟာမျိုး ရွေးရင်တောင် Crop လုပ်ထားတာမျိုးကို ပိုဦးစားပေးရွေးစေချင်ပါတယ်။

(၄) Long Coat လေးတွေ ဝတ်ပါ။

ကိုယ်က Coat အကျႌမျိုးတွေ ဝတ်ရတာသဘောကျတယ်ဆိုရင်တော့ Long Coat လေးတွေ ဝတ်နိုင်ပါတယ်။ အောက်ကအတွဲအစပ်မှာ ဘောင်းဘီက သိပ်ပွတာမျိုးတော့ မရွေးပါနဲ့။ ဒီလိုပဲ စကတ်ဆိုရင်လည်း သိပ်ရှည်တာမျိုးမရွေးဘဲ ဒူးအထက်နား tight စကတ်၊ pencil စကတ်လေးတွေသာ ရွေးလိုက်ပါ။ ဖိနပ်ကိုတော့ မြင့်တာလေး စီးထားရင် ပိုလိုက်ပါတယ်။

(၅) high waist ဘောင်းဘီတွေ ဝတ်ပါ။

ဘောင်းဘီတွေထဲ ဝတဲ့သူတွေ ရွေးလို့မရတဲ့ high waist ဘောင်းဘီအမြင့်တွေကို အကောင်သေးပြီး ပုတဲ့မဒီတွေ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်။

(၆) အပေါ်၊ အောက် အနက်တစ်ရောင်တည်း ဆင်မြန်းတာမျိုးလည်း အဆင်ပြေပါတယ်။

တစ်ခါတလေ လူက အကောင်သေးပြီး ပုတာမို့ အနက်ရောင်ဝမ်းဆက်ဝတ်ဖို့ အိုခေပါ့မလားဆိုပြီး စိတ်ပူတတ်ကြပါတယ်။ ဒါမျိုးအတွက် စိတ်မပူဘဲ ကိုယ်ဝတ်မယ့် အဝတ်အစားဒီဇိုင်းကိုသာ ပိုဦးစားပေး စဉ်းစားဖို့ တိုက်တွန်းချင်ပါတယ်။

(၇) ကိုယ်နဲ့ကွက်တိတိုင်းချုပ်ထားသလို ဖြစ်စေမယ့် suitတွေ shirtတွေ ဆင်မြန်းပါ။

အကျႌ၊အဝတ်အစားနဲ့ ပတ်သက်ပြီး ကိုယ့်ဘော်ဒီနဲ့တိုင်းချုပ်ထားတာမျိုး မဟုတ်တဲ့ အဝတ်အစားတွေက တစ်ခါတလေ ခါးနေရာ၊ ချိုင်းနေရာ ၊ ပခုံးနေရာတွေက အဆင်မပြေတာမျိုးတွေ ရှိတတ်တာမို့ အကျႌချုပ်ဆိုင် သွားပြီး ကိုယ်တိုင်းနဲ့ချုပ်ဝတ်တာမျိုးကလည်း အဆင်ပြေတဲ့ ရွေးချယ်မှုပါပဲ။ အထူးသဖြင့် suit တွေ ချုပ်တဲ့အခါ၊ ရှေ့ကြယ်သီးတပ်ရှပ်အကျႌတွေကို ကိုယ့်ဘော်ဒီနဲ့ကွက်တိလိုချင်တဲ့အခါ မဖြစ်မနေသွားသင့်ပါတယ်။

 (၈) သိပ်မမြင့်တဲ့ ဒေါက်ကိုလည်း ရွေးနိုင်ပါတယ်။

အရပ်ပုလို့ဆိုပြီး ဒေါက်ကိုမှအမြင့်ကြီးတွေ စီးရမယ်မဟုတ်ပါဘူး။ ဒါ့အပြင် အထူကိုလည်း ဒေါက်အထူကြီးတွေ စီးရမယ့်မဟုတ်ပါဘူး။ ဒေါက်ကို မနိမ့်မမြင့်လေးတွေနဲ့ အဝတ်အစားပေါ် မူတည်ပြီးသာ ရွေးချယ်ဝတ်ဆင်ပါ။

အခုပြောပြပေးသွားတဲ့ အချက်(၈)ချက်က ဆောင်ရန်ဖြစ်ပြီး မဖြစ်မနေရှောင်ရမယ့် အဝတ်အစားဒီဇိုင်းနဲ့ အဆင်တန်ဆာပိုင်းကိုလည်း ဆက်ပြီးဖော်ပြပေးလိုက်ပါတယ်။

၁။ ဒူးမရောက်တရောက် ခပ်ပွပွ အဝတ်အစားမျိုးတွေရှောင်ပါ။

Tunic Tops လို့ခေါ်တဲ့ အဝတ်အစားမျိုးတွေက ဟိုမရောက်ဒီမရောက်မို့ အောက်က ဘောင်းဘီတွေ ဘာတွေနဲ့သာ တွဲဝတ်လိုက်ရင် အရပ်ပုတဲ့ အမျိုးသမီးတွေအတွက် အတော်ကိုကြည့်ရဆိုးစေပါတယ်။

။ ခြေထောက်ထိပ်ပိုင်းအဝိုင်းပုံသဏ္ဍာန် ဒေါက်မြင့်ဖိနပ်တွေ ရှောင်ပါ။

Round-Toe Heels လို့ခေါ်တဲ့ ခြေထိပ်ပိုင်းအဝိုင်းဒေါက်မြင့်ဖိနပ်တွေကလည်း အရပ်ပုတဲ့သူတွေ မဖြစ်မနေရှောင်သင့်တဲ့ ဖိနပ်အမျိုးအစားပါ။ အဝိုင်းအစား ထိပ်ချွန်နဲ့ အခြားဒီဇိုင်းတွေ ရွေးစေချင်ပါတယ်။

၃။ အပေါ်ပိုင်းကို သုံးလေးထပ် ထပ်ဝတ်ရတာမျိုးတွေ ရှောင်ပါ။

အရပ်ပုပြီး အကောင်သေးပါတယ်ဆိုမှ အကျီကို သုံးလေးထပ် ထပ်ဝတ်တာမျိုး၊ အတွန့်အဖတ်များစွာနဲ့ အထပ်ထပ်ဖြစ်တဲ့ ဒီဇိုင်းမျိုးတွေ ရှောင်ရမယ်ဆိုတာ အထူးသတိပေးစရာ လိုမယ်မထင်ပါဘူး။

၄။ Shirt dress တွေ မဝတ်ပါနဲ့။

ရှပ်အကျီကိုမှ ခပ်ရှည်ရှည် dress ပုံစံချုပ်ထားတဲ့ Shirtdress တွေ မဝတ်ပါနဲ့။ အရပ်ပုတဲ့သူတွေအတွက် ဟိုမရောက် ဒီမရောက် ဒီဖက်ရှင်က ပိုပုသွားသယောင် ထင်မြင်နိုင်စေတာကြောင့်ပါ။

၅။ အိတ်အကြီးကြီးတွေကလည်း ရှောင်ရမယ့်အရာတွေပါ။

သာမာန်ထက် sizeကြီးတဲ့ အိတ်အကြီးကြီးတွေက အရပ်ရှည်တဲ့သူတွေနဲ့သာ ပိုအဆင်ပြေပါလိမ့်မယ်။ ဒါ့ကြောင့် အဲ့ဒီလိုအိတ်မျိုးတွေ ကြိုက်ရင်တောင် မကိုင်ပါနဲ့။

၆။ Boxy Top တွေကိုလည်း ရှောင်ရမယ့်စာရင်းထဲ ထည့်လိုက်ပါ။

အပေါ်ပိုင်းအကျီကို ခပ်ပွပွ၊ ကားကားနဲ့တိုတို Boxy Top ဒီဇိုင်းမျိုးတွေ ရှောင်ရပါမယ်။ အရပ်ပုတဲ့သူတွေ အတွက် ခန္ဓာကိုယ်အချိုးအစားပိုပေါ်လေ ကောင်းလေပါပဲ။

၇။ ဘောင်းဘီပိတ်စအသားတွေထဲ ပိုးသားလို အပြောင်အချောအစတွေ မရွေးချယ်စေချင်ပါဘူး။

ပိုးသားလို အပြောင်စမျိုးနဲ့ ချုပ်လုပ်ထားတဲ့ ခပ်ပွပွ ဘောင်းဘီမျိုးတွေလည်း အရပ်ပုတဲ့သူတွေနဲ့ အဆင်မပြေနိုင်ပါဘူး။ မဒီတို့ကို ပိုပုသလို လုံးဝထင်သွားစေတဲ့ အရာမို့ တတ်နိုင်သမျှ ရှောင်ဝတ်ပါ။

၈။ Midi စကတ်တွေကလည်း ရှောင်ရမယ့် စကတ်အမျိုးအစားပါ။

ခြေမျက်စိလောက်ရှည်တဲ့ ပွပွကားကား စကတ်တွေကလည်း အရပ်ပုတဲ့ ပျိုမေတွေ ဘိုင်ဘိုင်လို့ နှုတ်ဆက်သင့်တဲ့ စကတ်မျိုးတွေပါ။ Midi Skirt လိုဟာမျိုးတွေပေါ့။

၉။ သရီးကွာတားဘောင်းဘီမျိုးတွေကလည်း နိုးလို့ပြောရမယ့် ဘောင်းဘီအမျိုးအစားပါပဲ။

ငယ်ငယ်တုန်းက တော်တော်လေး ခေတ်စားခဲ့တဲ့ သရီးကွာတားဘောင်းဘီလေးတွေကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲ့ဒီဘောင်းဘီမျိုးတွေကလည်း အရပ်ပုတဲ့သူတွေ ရှောင်ရမယ့် ဘောင်းဘီအမျိုးအစားတွေနော်။

၁၀။ Midcalf Boot တွေ Ankle-Strap  ဒေါက်မြင့်ဖိနပ်တွေကို လုံးဝမရွေးမိအောင် သတိထားပါ။

Boot တွေထဲမှာ ခြေသလုံးကျော်ကျော် ဒူးမရောက်တဲ့ Midcalf boot တွေဟာ အရပ်ပုတဲ့ မဒီတွေအတွက် ရန်သူပါ။ ဒါ့အပြင် ခုနောက်ပိုင်း ခေတ်စားတဲ့ ခြေကျင်းဝတ်မှာ ကြိုးတစ်ခုပြန်ပတ်ထားတဲ့ Ankle-Strap ဒေါက်မြင့်ဖိနပ်တွေကလည်း အရပ်ပုတဲ့ အမျိုးသမီးတွေနဲ့ အဆင်မပြေနိုင်ပါဘူးရှင်။ သူက အပိုင်းတွေကို ကန့်သတ်လိုက်သလို ဖြစ်သွားစေတာမို့ မဝယ်ဖို့ အကြံပေးချင်ပါတယ်။

၁၁။ ခပ်ရှုပ်ရှုပ်အဆင်နဲ့ Jumpsuit တွေကိုလည်း နှုတ်ဆက်လိုက်ပါ။

အပွင့်ရိုက်ဒီဇိုင်းတွေနဲ့ Jumpsuit တွေကလည်း မဒီတို့ကို ပိုကြည့်ရရှုပ်သွားစေပြီး ပုသယောင်ဖြစ်သွားစေ တာကြောင့် ရှောင်ဝတ်ပါ။

၁၂။ ပွလွန်းတဲ့ဘောင်းဘီကြီးတွေကိုလည်း မဝတ်ဖြစ်အောင် ဂရုစိုက်ပါ။

ဂျင်းဘောင်းဘီပွပွကြီးတွေ၊ အသားအိအိဘောင်းဘီကြီးတွေက သူများဝတ်ရင် လှသလိုလိုရှိပေမယ့် အရပ်ပုတဲ့မဒီတွေအတွက်တော့ အဲ့ဒီလိုဘောင်းဘီခပ်ပွပွတွေ မရွေးချယ်တာအကောင်းဆုံးပါပဲ။

ဒီလောက်ဆိုရင်တော့ အရပ်ပုပြီးအကောင်သေးတဲ့မဒီတွေ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး ကိုယ်ရွေးချယ် ဆင်မြန်းရမယ့် ဒီဇိုင်းတွေကိုရော၊ ရှောင်ရမယ့်အရာတွေကိုပါ သေချာသိသွားပြီလို့ မျှော်လင့်ပါတယ်။ ကိုယ့်အဝတ်ဘီရိုထဲက မလိုအပ်တဲ့ အဝတ်အစားတွေ၊ မလိုက်ဖက်တဲ့ အဝတ်အစားတွေ ခုပဲ ဖယ်ထုတ်ပြီး ကိုယ့်ဘော်ဒီနဲ့အသင့်တော်ဆုံးအရာတွေကိုသာ ချန်ထားကာ ဖက်ရှင်ကျကျလေးဖြစ်အောင် တွဲစပ်ဝတ်ဆင်ကြည့်လိုက်ပါလို့။


က္က