အဝတ်အစားတွဲဖက်ဆင်မြန်းရာမှာ မဒီတို့ နေ့စဉ်လုပ်လေ့ရှိတဲ့ အမှားလေးတွေကို ပြောပြပေးလိုက်ပါတယ်။
May Thaw

မဒီတို့အနေနဲ့ နေ့စဉ်နေ့တိုင်း အဝတ်အစားပိုင်းနဲ့အဆင်တန်ဆာတွေကို အလေးထား ရွေးချယ်ဝတ်ဆင် တတ်ကြပေမယ့် ကိုယ်ရွေးချယ်လိုက်တဲ့ အကျီအဝတ်အစားက ကိုယ့်အတွက် သက်သောင့်သက်သာ ရှိရဲ့လား၊ ဖိနပ်က ကိုယ့်ကျန်းမာရေးအတွက် အထောက်အကူဖြစ်ရဲ့လား ၊ ကိုယ့်ခန္ဓာကိုယ်ပေါ်က ဘရာစီယာက ပုံကျပြီး အဆင်ပြေရဲ့လား စတဲ့အချက်တွေကိုတော့ ထည့်သွင်းစဉ်းစားဖို့ မေ့နေ တတ်ကြပါတယ်။

တချို့ကျတော့လည်း အဝတ်အစားနဲ့ပတ်သက်ပြီး ခေတ်စားနေတယ်ဆိုတာလောက်ပဲ သိထားပြီး ဒါကို ဘယ်လိုမျိုး အချိန်အခါနဲ့အညီ မှန်ကန်စွာဝတ်ဆင်ရမယ်ဆိုတာမျိုး မသိကြတာလည်း ရှိနေပြန်ပါတယ်။ ဒါ့ကြောင့် အဝတ်အစားတွဲဖက်ဆင်မြန်းရာမှာ မဒီတို့ နေ့စဉ်လုပ်လေ့ရှိတဲ့ အမှားလေးတွေကို ပြောပြပေးလိုက်ပါတယ်။

(၁) အရမ်းကြပ်တဲ့ဘောင်းဘီတွေကို အတင်းထိုးသွင်းဝတ်ခြင်း

တစ်ခါတလေ ဆိုက်ဒ်မှားပြီး ဝယ်လိုက်မိလို့ ဒါမှမဟုတ် ဒီဇိုင်းလေးက ဒီတစ်ထည်ပဲရှိတော့လို့ဆိုတဲ့ ဆင်ခြေတွေနဲ့ အရမ်းကြပ်လွန်းတဲ့ဘောင်းဘီတွေကို မရရအောင် အတင်းဝတ်တဲ့အကျင့်က ရှောင်ကြဉ်သင့်တဲ့ အကျင့်ပါပဲ။ ဘယ်လောက်ပဲကြိုက်ကြိုက် ဘောင်းဘီက ခန္ဓာကိုယ်၊ ဗိုက်နေရာ၊ ခါးနေရာတွေမှာ တအားကျပ်နေမယ်၊ ပေါင်နေရာမျိုး အတင်းထိုးဆွဲသွင်းနေရမယ်ဆိုရင်တော့ အဲ့ဒီဘောင်းဘီကို မဝတ်တာအကောင်းဆုံးပါ။ မဟုတ်ရင်တော့ အစာကောင်းကောင်းမချေနိုင်တဲ့ပြသနာတွေ၊ နှလုံးရောဂါထိတောင် ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။ အခုမှဘောင်းဘီဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင်လည်း ဘောင်းဘီကိုကြယ်သီးတပ်၊ ဇစ်ဆွဲတင်ပြီးပြီဆိုရင် တင်ပါးနဲ့ဘောင်းဘီသားကြားမှာ လက်နှစ်လုံးစာကွာနေမှသာ ဝယ်ပါ။ မဟုတ်ရင်တော့ တစ်ဆိုက်ဒ်ကြီးတာကိုပဲ ရွေးချယ်သင့်ပါတယ်။

(၂) ဘရာစီယာဝတ်ဆင်ပုံမှားယွင်းနေတာကို ဂရုမစိုက်မိခြင်း

တစ်ခါတလေ ကိုယ်ဝတ်လိုက်တဲ့ဘရာစီယာအုံနဲ့ရင်သား ကွက်တိဖြစ်လားမဖြစ်လား ဂရုမစိုက်မိဘဲ အဆင်ပြေပါတယ်ဆိုပြီး ဖြစ်သလိုဝတ်တတ်တဲ့အကျင့်ကလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ ကိုယ့်ရင်သားနဲ့ဘရာစီယာအုံဟာ ကွက်တိအံကိုက်ဝင်နေဖို့ ဆိုက်ဒ်နဲ့ဆုံးဖြတ်တတ်ကြပါတယ်။ ဒီအချက်က မှန်ပေမယ့် တစ်ခါတလေမှာ ဆိုက်ဒ်မှန်ရွေးထားရင်တောင် အဲ့ဒီဘရာကို ဝတ်တဲ့အခါ အနောက်ဘက် ချိတ်ကြိုးက ကျောအပေါ်နားလေးကို တက်နေတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါကဘာကိုပြသလဲဆိုတော့ ချိတ်ကြိုးဟာ တစ်ဖြောင့်တည်းမှသာ ကိုယ်ဝတ်ထားတဲ့ဘရာဆိုက်ဒ်မှန်တယ်ဆိုတာပါပဲ။ အပေါ်ကို အဝိုက်ပုံစံ တက်နေမယ်ဆိုရင် ဒါဟာ ဆိုက်ဒ်ကြီးတာကို ဝတ်ထားမိတယ်လို့ ဆိုလိုတာပါ။ ဒီလိုမျိုး အချိန်ကြာ ဂရုမစိုက်ဘဲ ဝတ်နေမယ်ဆိုရင် ပခုံးနဲ့နောက်ကျောနာကျင်မှုမျိုးကို ခံစားရလာပါလိမ့်မယ်။

(၃) လည်ပင်းနားကြိုးချည်ပြီး ဝတ်ရတဲ့အဝတ်အစားမျိုးတွေ မကြာခဏဝတ်ဆင်မိခြင်း

ညဘက်သူငယ်ချင်းတွေနဲ့ Night Out ထွက်တဲ့အခါ၊ ရှိုးပွဲတွေသွားတဲ့အခါ လည်ပင်းနားတစ်ဝိုက် ကြိုးချည်ပြီး ဝတ်ရတဲ့ halter top လို့ခေါ်တဲ့ နောက်ကျောဗြောင်အဝတ်အစားလေးတွေ မဒီတွေ တော်တော်လေး သဘောကျဝတ်ဆင်တတ်ကြတာပါ။ တချို့ရေကူးဝတ်စုံလေးတွေကလည်း ဒီလိုပုံစံမျိုးလေးတွေဆိုပေမယ့် ရေကူးဝတ်စုံကိုတော့ တစ်ပတ်တစ်ခါလောက်ပဲ အများစုံဝတ်ဖြစ်မယ်ထင်ပါတယ်။ တကယ်လို့များကိုယ်က ဒီလိုလည်ပင်းနားကြိုးချည်ဝတ်ရတဲ့ အဝတ်အစား၊ အကျီတွေ ဝတ်ရတာသဘောကျတယ်ဆိုရင် ကြိုးကို တင်းနေအောင်မချည်ဖို့ သတိထားတာကောင်းပါတယ်။ တင်းတင်းချည်ဝတ်မယ်ဆိုရင်တော့ အချိန်ကြာလာတာနဲ့ လည်ပင်းနားတစ်ဝိုက် နာကျင်မှုတွေ စတင်ခံစားရလာပါလိမ့်မယ်။

(၄) ကြပ်လွန်းတဲ့ ရှပ်အကျီတွေကို အတင်းကြယ်သီးတပ်ပြီး မရမက ဝတ်ဆင်ခြင်း

ကိုယ့်ဘော်ဒီနဲ့ဘယ်လိုမှ အဆင်မပြေတော့တဲ့ ရှပ်အကျီတွေကို အတင်းကြယ်သီးတပ်ဝတ်တာမျိုးက နေရတာ သက်သောင့်သက်သာ မရှိသလို ကြယ်သီးအပေါ်နဲ့အောက်ကြား အကျီက ဟနေတာကြောင့် အများအမြင်မှာလည်း စိတ်ပျက်စရာကောင်းပါတယ်။ အသက်ရှုလို့မရအောင် ကြပ်တဲ့ရှပ်အကျီကို ဝတ်ထားမိရင် အဆိုးဆုံးကြုံရမှာက တပ်ထားတဲ့ ကြယ်သီးပြုတ်ထွက်သွားတာမျိုးပေါ့။

(၅)အပေါ့သွားတဲ့အခါ ချွတ်ရမလွယ်တဲ့ Jumpsuit တို့ Romper တို့ ဝတ်ဆင်ခြင်း

အပေါ်အောက် တစ်ဆက်တည်းဖြစ်တဲ့ Jumpsuit တို့ Romper အဝတ်အစားတွေက ကြည့်လိုက်ရင်တော့ တကယ့်ကို ချစ်စရာကောင်းပြီး အထာကျပေမယ့် ကိုယ်က အပေါ့ခဏခဏ သွားတတ်တဲ့သူ၊ ဒါမှမဟုတ် ပွဲအခမ်းအနားရောက်နေသူဆိုရင်တော့ ဒီဝတ်စုံတွေက ကိုယ့်ကိုပြသနာတက်စေမှာ အသေအချာပါပဲ။ ကိုယ်က စိတ်ရှည်တယ်၊ လှချင်လို့ ဒါပဲရွေးချယ်မယ်ဆိုရင်တော့ နှစ်ခါကနေ သုံးခါလောက်ဆို အတော် စိတ်ဆင်းရဲလာလိမ့်မယ်လို့ အသေအချာပြောရဲပါတယ်။

(၆) ရှည်လွန်းတဲ့ dress တွေ၊ ဂါဝန်တွေ ဝတ်ဆင်ခြင်း

ဒင်နာပါတီတွေ၊ ပွဲအခမ်းအနားတွေတက်တဲ့အခါ လှဖို့ တစ်ချက်တည်းကိုရွေးပြီး ရှည်လွန်းတဲ့ဂါဝန်မျိုးတွေ ရွေးချယ်ဝတ်ဆင်မိခြင်းကလည်း စိတ်ထဲမသက်မသာဖြစ်စေရုံသာမက အခန့်မသင့်ရင် လှေခါးထစ်တွေမှာ ချော်လဲတာမျိုး၊ ကိုယ့်ဂါဝန်စကိုယ် ပြန်တက်နင်းမိတာမျိုးတွေ ဖြစ်တတ်တာမို့ အတတ်နိုင်ဆုံး ရှောင်နိုင်သမျှရှောင်သင့်တဲ့ အရာပါ။

(၇) ရာသီဥတုနဲ့မလိုက်ဖက်တဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်မိခြင်း

ပူလွန်းတဲ့အချိန်ရာသီမျိုးမှာ ဆွယ်တာတွေ၊ jacket တွေဝတ်ပြီးတော့ပဲဖြစ်ဖြစ်၊ အေးတဲ့ဆောင်းရာသီ၊ ဒါမှမဟုတ် မိုးရာသီအချိန်မျိုးတွေမှာ တိုလွန်းတဲ့ dressတွေ၊ tennis skirt လို စကတ်အကားလေးတွေ ဝတ်ပြီး ဖက်ရှင်ကျဖို့ တစ်ခုတည်းတွေးကာ ရှိုးထုတ်မိတယ်ဆိုရင် လူတွေရဲ့အာရုံစိုက်ခြင်းကို ခံရပါလိမ့်မယ်။ အာရုံစိုက်တယ်ဆိုတာကလည်း ကောင်းသောအာရုံစိုက်ခြင်းမဟုတ်ပဲ ဟာသသဘောမျိုး ကြည့်ခံရတာမျိုးပါ။ နောက်တစ်ချက်က ကိုယ့်အဝတ်အစားကြောင့် နေရတာသက်တောင့်သက်သာ မရှိပဲ ဒီအဝတ်အစားပေါ်ကိုပဲ အာရုံရောက်နေမယ်ဆိုရင် အဲဒီတစ်နေ့တာအချိန်ဟာ စိတ်ပျက်စိတ်ရှုပ်စရာဖြစ်မှာ အသေအချာပါပဲ။

(၇) အတင်းထိုးသွင်းစီးရတဲ့ ဖိနပ်အမြင့်တွေ မကြာခဏစီးခြင်း

မဒီတို့ဟာ ဒေါက်မြင့်တွေစီးရတာသဘောကျတယ်ဆိုရင် ဖိနပ်ကမြင့်တယ်ဆိုရင်တောင် ကိုယ့်ခြေထောက် အတွက် သက်တောင့်သက်သာဖြစ်တဲ့ ဖိနပ်ကို ရွေးချယ်ရပါလိမ့်မယ်။ ဒီလိုဖိနပ်မျိုးရနိုင်ဖို့ဆိုတာကလည်း ဖိနပ်ဆိုင်မှာ သေချာအချိန်ပေးပြီး ဝယ်ယူမှသာ အဆင်ပြေတာမျိုးပါ။ အဲဒီလိုမဟုတ်ဘဲ လှရင်ပြီးရောဆိုပြီး ဖိနပ်အမြင့်တွေကို ဖြစ်သလိုဝယ်ယူဆင်မြန်းမယ်ဆိုရင်တော့ မဒီတို့အနေနဲ့ အချိန်ကြာလာတာနဲ့အမျှ ခြေဖဝါးတွေနာကျင်တာ၊ ဒူးကိုက်တာ၊ ကျောရိုးတွေ နာကျင်မှုခံစားရတဲ့ ဝေဒနာတွေ ခံစားရမှာမလွဲမသွေပါပဲ။

(၈) အဝတ်အစားနဲ့ငြိတတ်တဲ့ ဆွဲကြိုး၊ လက်ပတ်စတာတွေ မစဉ်းစားဘဲ ဆင်မြန်းမိခြင်း

တစ်ချို့အဆင်တန်ဆာတွေက လှပေမယ့် အချွန်အတက်လေးတွေပါတာ၊ အကျီအဝတ်အစားနဲ့ ငြိဖို့လွယ်ကူတာမျိုးလေးတွေကြောင့် ကိုယ့်အနေနဲ့ အဝတ်အစားဆင်မြန်းပြီးတဲ့အခါ ဒီအဆင်တန်ဆာနဲ့ ဒီအကျီအဝတ်အစား အဆင်ပြေမပြေ သေချာစဉ်းစားသင့်ပါတယ်။ ကိုယ်က အလွယ်တကူငြိတတ်တဲ့ အဆင်တန်ဆာနဲ့ ဆွယ်တာလိုအကျီမျိုး၊ ဇာအကျီမျိုးတွေ တွဲဝတ်မိမယ်ဆိုရင် တစ်နေ့လုံး ငြိနေတဲ့ အဲ့ဒီအဆင်တန်ဆာကို ဖြုတ်နေရတာနဲ့တင် အချိန်ကုန်သွားပါလိမ့်မယ်။ ဒါကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာတွေထဲက တစ်ခုပါပဲ။

ဒါကြောင့် အဝတ်အစား ဆင်မြန်းတဲ့အခါ ဖက်ရှင်ကျဖို့လည်းတွေးရင်း ကိုယ့်အတွက် စိတ်အနှောင့် အယှက်ဖြစ်စေမယ့် အဝတ်အစားမျိုးလား၊ နေရထိုင်ရ သွားလာရတဲ့အခါ သက်သောင့်သက်သာ ရှိစေမယ့် အဝတ်အစားမျိုးလား၊ ကိုယ့်ရဲ့ကျန်းမာရေးအတွက် အထောက်အကူပြုမယ့် အရာလားဆိုတာ ထည့်စဉ်းစားဖို့ အရေးကြီးပါတယ်။ အရေးအကြီးဆုံးတစ်ချက်က ကိုယ့်ဖက်ရှင်ဟာ ကိုယ့်ရဲ့ယုံကြည်မှုကို မြှင့်တင်ပေးတဲ့အရာ မို့ အဲဒီလိုမဖြစ်စေတဲ့ဖက်ရှင်မျိုးကို ဘယ်တော့မှမရွေးချယ်မိဖို့ တိုက်တွန်းလိုက်ပါရစေ။


က္က