ဒီတစ်ခေါက်မှာတော့ ပြိဿရာသီဖွားတွေရဲ့ ဖက်ရှင်အမြင်နဲ့ ဝတ်စားဆင်ယင်မှုအကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

လူတစ်ယောက်ဟာ သူဘယ်ရာသီခွင်မှာ မွေးဖွားတယ်ဆိုတာပေါ်မူတည်ပြီး သူ့ရဲ့စိတ်နေစိတ်ထား၊ အပြုအမူ၊ သူ့ကိုဘယ်လိုအရာတွေ လွှမ်းမိုးထားတတ်သလဲ၊ သူ့အကြိုက်စတာတွေကို ခန့်မှန်းကြည့်နိုင်ပါတယ်။ ထပ်ပြီး အတိအကျပြောရရင် ဒီရာသီခွင်မှာ မွေးဖွားတဲ့သူနဲ့ အခြားရာသီခွင်မှာ မွေးဖွားတဲ့သူဟာ ဖက်ရှင်အမြင်၊ နောက် အရောင်ရွေးချယ်မှုစတာတွေကလည်း မတူညီကြပါဘူး။

မဒီတို့အနေနဲ့ ကိုယ်ဘယ်ရာသီခွင်မှာ မွေးဖွားတယ် ဆိုတာကို သိရုံနဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ဘယ်လိုအရာလေးတွေကို ပိုရွေးချယ်သင့်တယ်၊ ဘယ်လို အရောင်မျိုးတွေကိုတော့ ပိုဦးစားပေးရွေးချယ်သင့်တယ်ဆိုတာလေးတွေ သိသွားစေနိုင်တာမို့ ရာသီခွင်နဲ့ဖက်ရှင် ဆက်စပ်ပုံကို ရေးပေးသွားမှာပဲ ဖြစ်ပါတယ်။

ရာသီခွင် (၁၂) မျိုးရှိတဲ့အနက် ဒီတစ်ခေါက်ရေးပေးဖို့အလှည့်ကျလာတာကတော့ ပြိဿရာသီဖွား (Taurus) နဲ့ဖက်ရှင်အကြောင်းပဲ ဖြစ်ပါတယ်။ မဒီတွေထဲမှာ ဧပြီလ ၂၀ရက်နဲ့ မေလ ၂၀ရက်ကြား မွေးဖွားသူတွေပါရင် အဲ့ဒီမဒီတွေဟာ ပြိဿရာသီဖွားတွေပါ။

မိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်အကြောင်း

အဝတ်အစားနဲ့ပတ်သက်ပြီး အမှတ်တရတွေ အမြဲရှိနေတတ်တဲ့ ကရကဋ်ရာသီဖွားများ

ဖက်ရှင်ကို ဘယ်သူနဲ့မှမတူအောင် ဆင်မြန်းတတ်တဲ့ သိဟ်ရာသီဖွားတွေအကြောင်း တစေ့တစောင်း

ဒီရာသီဖွားတွေကတော့ သက်သောင့်သက်သာရှိတဲ့ အဝတ်အစားဒီဇိုင်းတွေကိုသာ နှစ်သက်ကြသူတွေပါ။ အခုလိုပြောလိုက်လို့ ဖြစ်သလိုဝတ်စားတတ်တဲ့သူမျိုးတော့ မဟုတ်ပါဘူး။ ပြိဿရာသီဖွားတွေဟာ အတင်းကြီး လုပ်ယူပြီး ဖက်ရှင်ကျအောင် မဝတ်ဆင်တတ်ကြသလို အထပ်ထပ် ဝတ်ရတဲ့ဖက်ရှင်မျိုး၊ ရှုပ်ယှက်ခတ် နေအောင် တွဲစပ်ဝတ်ဆင်ရတဲ့ အဝတ်အစားမျိုး စတာတွေကို ဘယ်တော့မှ မရွေးတတ်ပါဘူး။ သူတို့ဟာ ဖက်ရှင်နဲ့ ကိုယ့်ပုံစံတစ်သားတည်းကျနေတာမျိုးတွေကို သဘောကျကြပါတယ်။ သူ့ဖက်ရှင်ကို ကြည့်လိုက်တာနဲ့ သူ့ Lifestyle ကိုထွင်းဖောက်မြင်နိုင်တာမျိုးပေါ့။ အရိုးဆုံးကိုမှ အဆန်းဆုံးဖြစ်အောင် ဆင်မြန်းမှုမှာ ဒီရာသီဖွားတွေက ဆရာပါ။ သူများတွေ ဒီလိုဝတ်လိုဝတ်ရင် လူစိတ်ဝင်စားခံချင်မှ ခံရမှာဖြစ်ပေမယ့် သူတို့ကျတော့ အပေါ်၊အောက်အတွဲအစပ် ရိုးရိုးရှင်းရှင်းလေးတွေကိုမှ သူများထက် ထူးခြားအောင် တွဲဖက်နိုင်တာမျိုးပါပဲ။

သူတို့တွေဟာ သူတို့သဘောကျတဲ့ ဂျင်းဘောင်းဘီနဲ့ အမိုက်စား sneaker တွဲစီးပြီး အေးဆေး အပြင်ထွက်ချင်တတ်ကြတဲ့ သူမျိုးတွေလို့ ဆိုရင်လည်း မမှားပါဘူး။ ကိုယ့်အတွက် ဝတ်ရတာ အဆင်ပြေတဲ့ ဘောင်းဘီ၊ အကျီမျိုးတွေဆို သေချာမှတ်ထားပြီ အဲ့ဒီဇိုင်းတွေ၊ ဆင်တူရိုးမှား ဒီဇိုင်းတွေကို ခပ်များများ ဝယ်ထားတတ်ကြပါတယ်တဲ့။

ဒီတော့ ပြိဿရာသီဖွားမဒီတွေကို ဒါနောက်ဆုံးပေါ်ခေတ်စားနေတာနော်ဆိုပြီး ဝတ်ခိုင်းတာမျိုး၊ ဝယ်ဖို့အကြံပေးတာမျိုး သွားလုပ်လည်း အကျိုးထူးမှာမဟုတ်ပါဘူး။ သူတို့တွေက trend နောက်ကို လိုက်တတ်တဲ့သူတွေ မဟုတ်သလို သူများနဲ့မတူတဲ့ ကိုယ်ပိုင်စတိုင်မျိုး သီးသန့်ရှိချင်တတ်ကြသူတွေမို့ သူတို့အကြိုက်ကတော့ သူတို့အတွက်အမြဲ မိုက်နေတဲ့ ဖက်ရှင်စတိုင်ဖြစ်နေမှာပါ။

ပြိဿရာသီဖွားတွေရဲ့ ထူးခြားချက်က တခြားလူတွေရဲ့အမြင်မှာ ဆက်စီကျဖို့ထက် သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိဖို့အတွက်သာ အမိုက်စားအဝတ်အစားတွေကို အများဆုံးရွေးချယ်တတ်ကြပါတယ်။ သူတို့ဟာ တစ်ခုခုကို သဘောကျပြီဆိုတာနဲ့ အဲ့ဒီ ဖက်ရှင်ပစ္စည်းကို ဝယ်ထားလိုက်ပြီး ဒါကို ဘယ်လိုလေးတွဲဝတ်မလဲဆိုတာ အမြဲစဉ်းစားတတ်သူတွေပါတဲ့။

သူတို့သဘောကျတတ်တဲ့ အဝတ်အစားတွေက ရှပ်အကျီလေးတွေ၊ ဆွယ်တာသား အကျီလက်ရှည်တွေ၊ sneaker ဖိနပ် အမိုက်စားတွေနဲ့ ဒီဇိုင်း pattern တွေပါတဲ့ အကျီမျိုးတွေပဲ ဖြစ်ပါတယ်။ ဘောင်းဘီရွေးချယ်မှု အပိုင်းဆိုရင်လည်း ကြည့်လိုက်တာနဲ့ အဆင့်အတန်းရှိမှန်းသိသာပြီး ချုပ်ရိုးချုပ်သားကောင်း တည်ငြိမ်တဲ့ ပုံစံတွေကိုသာ ရွေးတတ်ပါတယ်။

ဒီရာသီဖွားတွေဟာ ရှော့ပင်လုပ်တော့မယ်ဆိုရင် သူတို့တွေခံယူထားတဲ့ အရာက ဈေးကြီးရင်ကြီးမယ်၊ ဒါပေမယ့် သေချာလေး ချုပ်လုပ်ထားတဲ့ အရာတွေကိုသာ ဝယ်မယ်၊ အခုဘာခေတ်စားနေလဲဆိုတာ လိုက်ကြည့်ပြီး ဘယ်တော့မှ မဝယ်ဘူးဆိုတဲ့ လူမျိုးတွေပါ။ ကိုယ်ဝယ်လိုက်တဲ့ အဝတ်အစားတွေက ကွာလတီ ကောင်းပြီး ဆင်မြန်းလိုက်တာနဲ့ အားလုံးရဲ့အမြင်မှာ ထူးခြားမှုရှိနေစေတတ်တာမျိုးပါ။

ပြိဿရာသီဖွားတွေဟာ ဖက်ရှင်နဲ့ပတ်သက်ပြီး ခုလိုအားသာချက်တွေ ရှိသလို အားနည်းချက်အနေနဲ့ကတော့ ကိုယ်ဝတ်နေကျ ဒီဇိုင်းတွေကလွဲပြီး အပြောင်းအလဲမလုပ်ချင်ကြတာမျိုးပါ။ လူဆိုတာ အမြဲတမ်းပုံစံတစ်ခုတည်း ကြီးသွားနေရင် ကြာလာတဲ့အခါ ကိုယ့်ဘာသာကိုယ်တောင် ပျင်းစရာကောင်းလာတတ်တာမို့ ကိုယ်က ရှပ်အကျီလေးတွေကို စတိုင်ဘောင်းဘီတွေနဲ့ ဖက်ရှင်ကျကျ တွဲဝတ်နေကျဆိုရင် အပြောင်းအလဲအနေနဲ့ အတွန့်အဖတ် floral ဒီဇိုင်း ဘလောက်စ်အကျီလေးတွေကို စတိုင်ဘောင်းဘီခါးအမြင့်စတာလေးတွေနဲ့ ပြောင်းလဲတွဲစပ်ကြည့်ပါ။ ပုံစံကြီးလုံးဝပြောင်းချလိုက်တာမျိုး မဟုတ်ဘဲ မသိမသာနဲ့ ကိုယ့်အသွင်ကို ပြောင်းလဲကြည့်စေချင်တာပါ။

နောက်တစ်ချက်ကတော့ ပြိဿ ရာသီဖွားတွေဟာ တခြားရာသီဖွားတွေထက် လည်ပင်းအလှရှိတယ်လို့ ဆိုကြပါတယ်။ ဒီအလှကို ဖုံးကွယ်သွားနိုင်မယ့် အဝတ်အစားမျိုး ၊ scarf စည်းတာမျိုးတွေ ရှောင်ပါ။ လည်ပင်းအလှပေါ်လွင်စေမယ့် ဘယ်အရာကိုမဆို လှပတင့်တယ်အောင် ဝတ်ဆင်ဖို့အကြံပေးချင်ပါတယ်။

ဒါ့အပြင် ပြိဿရာသီဖွားအတွက် ထူးခြားပြီးအကျိုးပြုတဲ့အရောင်က အပြာနဲ့စိမ်းပြာမို့ အမြဲဝတ်နေကျ ကာကီရောင်၊ အညိုတွေအစား ဒီအရောင်လေးတွေ စမ်းဝတ်ကြည့်ပါ။ ကာလာအတောက်တွေ ဝတ်နေကျ မဟုတ်ဘူးဆိုပေမယ့် ဒီအရောင်ပါတဲ့ အဝတ်အစား၊ အဆင်တန်ဆာတွေက ကိုယ့်ကိုလူအများကြားမှာ ပိုထင်းသွားအောင်၊ ဆွဲဆောင်မှုပိုရှိအောင် ပံ့ပိုးပေးနိုင်မယ်ဆိုတာ မယုံမရှိပါနဲ့။

ဖက်ရှင်နဲ့ပတ်သက်ပြီး အခြေခံအကျဆုံးတွေကိုသာ တွဲစပ်ဆင်မြန်းနေကျဖြစ်တာကြောင့် ပွဲတက်တဲ့အခါ ကိုယ့်ဖက်ရှင်ကိုယ် သံသယဝင်မိတဲ့အခါ ပြိဿရာသီဖွားတစ်ယောက်အတွက် အရိုးဆုံးက အဆန်းဆုံးနဲ့ အလန်းဆုံးဖြစ်နေလိမ့်မယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပြန်မွေးဖို့ မမေ့ပါနဲ့။

နိုင်ငံတကာက အနုပညာရှင်တွေထဲမှာ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး သူများနဲ့မတူ ထူးခြားကာအထာကျတဲ့ ပြိဿရာသီဖွားအမျိုးသမီး အနုပညာရှင်တွေကတော့ Adele၊ Janet Jackson၊ Jessica Alba၊ Megan Fox၊ Gigi Hadid နဲ့ Lily Allen စတဲ့သူတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြူဖြူကျော်သိန်း၊ အိန္ဒြာကျော်ဇင်၊ ထွန်းအိန္ဒြာဗိုလ်၊ ထက်ထက်မိုးဦး၊ ရွှေမှုံရတီ၊ မေတိုးခိုင်၊ မေဂရေ့စ်၊ မေ၊ ချောစုခင်၊ ပိုပို တို့က ပြိဿရာသီဖွားတွေပါ။

မဒီတို့ရော ဒီအနုပညာရှင်တွေထဲက ဘယ်သူ့ရဲ့ဖက်ရှင်ကို သဘောကျလဲဆိုတာ ပြောပြပေးသွားပါဦးနော်။

 

Share

Loading Next Article...
က္က