မျက်နှာပြင်ပေါ်က စိတ်အနှောင့်အယှက်ပေးနိုင်လွန်းတဲ့ ဆားဝက်ခြံတွေကို ဖယ်ထုတ်ကြမယ်။
Thin Nu Swe

ဆားဝက်ခြံလို့ ခေါ်တဲ့ အမည်းဆံလေးတွေဟာ မျက်နှာပြင်ပေါ်မှာ စိတ်အနှောင့်အယှက်ကောင်းကောင်းပေးတတ်ကြပါတယ်။ ဒီအမည်းဆံလေးတွေကို မျက်နှာပေါ်မှာမြင်ရတာ အထူးသဖြင့် နှာခေါင်းထိပ်နားမှာမြင်ရတာ အတော်ကြည့်ရဆိုးပါတယ်။ ဒီဆားဝက်ခြံလေးတွေဟာ မိတ်ကပ်လိမ်းရင်တောင်မှ ပျောက်မသွားဘဲ နှာခေါင်းနားတဝိုက်မှာ အဆီလိုလို အဆံလိုလိုနဲ့ နေရထိုင်ရ ခက်လွန်းပါတယ်။

ဆားဝက်ခြံဖြစ်လာပုံ

ချွေးပေါက်ထဲမှာ အဆီနဲ့ အညစ်အကြေးတွေ ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာတာပါ။ ဆားဝက်ခြံတွေဟာ အဆီတွေ ၊ အညစ်အကြေးတွေနဲ့အတူ ဘက်တီးရီးယားပိုးမွှားတွေ မွှေးညှင်းပေါက်ထဲက ဆဲလ်အသေတွေနဲ့ ဓာတ်ပြုပြီး ဖြစ်လာတဲ့အရာတွေပါ။ အစားအသောက်တွေ ၊ ဟိုမုန်းပြောင်းလဲတာတွေနဲ့လည်း သက်ဆိုင်သလို မသန့်ရှင်းတဲ့ အရာတွေကို အသုံးပြုမိတာ ၊ သန့်ရှင်းတဲ့နေထိုင်မှုပုံစံမရှိတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ တနေကုန်လိမ်းထားတဲ့ မိတ်ကပ်တွေကို သေချာ မသန့်စင်လို့ ဖြစ်တတ်တာတွေလည်း ရှိပါတယ်။

ဆားဝက်ခြံကို ဖြေရှင်းတဲ့နည်းလမ်း

ဆားဝက်ခြံကို ဖြေရှင်းကြတဲ့ နည်းလမ်းတွေ အမြောက်အမြားရှိပါတယ်။ တချို့က ဆားဝက်ခြံအတွက် သီးသန့်ထုတ်ထားတဲ့ ကပ်ခွာလေးတွေ အသုံးပြုတတ်ကြသလို့အတွက် BHA Salicylic acid ပါတဲ့ Scrub အသုံးပြုပေးတာမျိုး Peeling လုပ်ပေးတာမျိုးနဲ့ ဖြေရှင်းတတ်ကြပါတယ်။ ဒါတွေက တစ်ပတ်ကို နှစ်ကြိမ်လောက် ပြုလုပ်ပေးရမှာပါ။

ဆားဝက်ခြံထွက်တတ်တဲ့ အသားအရေ

တကယ်တော့ ဆားဝက်ခြံက အဆီတွေ ၊ အညစ်အကြေးတွေကြောင့် ဖြစ်တယ်ဆိုပေမယ့်လည်း ဆားဝက်ခြံ အထွက်များတဲ့ အသားအရေအမျိုးအစားကတော့ အဆီပြန်အသားအရေ၊ အရမ်းအဆီပြန်လွယ်တဲ့ အသားအရေမျိုးတွေ ဖြစ်ပါတယ်။ ဆဲလ်သေတွေ ရှိနေတဲ့ အသားအရေမျိုးနဲ့ ဆဲလ်သေအဖြစ်မြန်တဲ့ အသားအရေအမျိုးအစားတွေက ဆားဝက်ခြံဖြစ်ဖို့ ပိုအခွင့်အရေးများပါတယ်။

သုံးစွဲနေတဲ့ အသုံးအဆောင်တွေ

ဆားဝက်ခြံအဖြစ်များနေပြီး အထက်က အသားအရေအမျိုးအစားတွေလည်း မဟုတ်ဘူးဆိုရင်တော့ ကိုယ်သုံးနေတဲ့ Cosmetic တွေ၊ Skin Care တွေဟာ ချွေးပေါက်တွေကို ပိတ်စေတာလားဆိုတာကို

ပြန်လည်ဆန်းစစ်ကြည့်ရပါမယ်။ ဆားဝက်ခြံအထွက်များသူတွေအတွက် BHA Salicylic acid ပါတဲ့ Cleansing Foamတွေ ၊ Toner တွေနဲ့ Deep Cleansing လုပ်ဖို့လိုအပ်ပါတယ်။ ဒီ BHA Salicylic Acid တွေဟာ ချွေးပေါက်တွေကို သန့်စင်စေပြီး ဆားဝက်ခြံကို သက်သာစေပါတယ်။

အိမ်မှာ အလွယ်တကူ ဆားဝက်ခြံဖယ်ရှားမယ်

အိမ်မှာပဲ အလွယ်တကူ ဆားဝက်ခြံဖယ်ရှားလို့ရတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

Baking Soda Mask

လိုအပ်တာတွေကတော့ Baking Soda ၊ သွားတိုက်ဆေး နဲ့ ရေပဲလိုတာပါ။ Baking Soda တစ်ဇွန်း ၊ သွားတိုက်ဆေးတစ်ဇွန်းနဲ့ ရေကို သမအောင် မွှေပါ။ ပြီးရင်တော့ မျက်နှာသုတ်ပဝါ ဒါမှမဟုတ် မွှေးပွလက်ကိုင်ပဝါသန့်သန့်တစ်ထည်ကို ပူခြစ်နေတဲ့ ရေနဲ့ စိမ်လိုက်ပါ။ အဲဒီနောက် ဆားဝက်ခြံတွေ အများကြီးရှိတဲ့ နေရာတွေကို တစ်မိနစ်ခန့် အုပ်ထားပါ။ ဒီလိုအုပ်ထားလိုက်တဲ့အတွက် ဆားဝက်ခြံနဲ့ အဆီခဲတွေ အရည်ပျော်လာပါလိမ့်မယ်။ ပြီးရင်တော့ ရောသမမွှေထားတဲ့ Baking Soda Mask ကို သွားပွတ်တံနဲ့ ယူပြီး ဆားဝက်ခြံရှိတဲ့ နေရာတွေကို ညင်ညင်သာသာလေး စက္ကန့် ၃၀ လောက် ပွတ်ဆွဲပေးရပါမယ်။ ပြီးရင်တော့ ၃မိနစ်လောက် ခဏ ထားထားရပါမယ်။ ပြီးရင်တော့ ဆားဝက်ခြံတွေမှာ ကပ်ထားတဲ့ ကပ်ခွာကို ဖယ်ရှားလိုက်လို့ရပါပြီ။ ဖယ်ရှားတဲ့အချိန်မှာလည်းဆားဝက်ခြံအဆံလေးတွေကိုပါ တွေ့ရှိရပါလိမ့်မယ်။

ဒီနည်းက လွယ်ကူရိုးရှင်းပြီး လိုအပ်တဲ့ ပစ္စည်းတွေလည်း ရှာရလွယ်ကူသလို တကယ်လည်း ထိရောက်တဲ့နည်းလမ်းပါ။

Moe Hair & beauty Salon ဖွင့်ထားပြီး Hair & Make up artist တစ်ယောက်ဖြစ်တဲ့ မမိုးပွင့်ဖြူကလည်း ခုလို အကြံပေးပါတယ်။

"ဆားဝက်ခြံတွေကတော့ ချွေးပေါက်ထဲမှာအဆီနဲ့နေ့စဉ်လိမ်းနေတဲ့မိတ်ကပ်သနပ်ခါးစတာတွေ ပိတ်တဲ့အခါမှာဖြစ်တာပါ။ scrubတို့ peelingတို့နဲ့တစ်ပတ်၂ကြိမ်၃ကြိမ်လောက်ပွတ်ပေးရင်ပျောက်ပါတယ်။ အဲဒါတွေသုံးပြီးတိုင်းလည်း တိုနာ သုံးပေးသင့်ပြီး ရေဓါတ်ဖြည့်တဲ့creamတစ်ခုခုပြန်သုံးပေးရင်ပိုအဆင်ပြေပါတယ်။ ဆားဝက်ခြံမဖြစ်အောင် မျက်နှာသစ်တဲ့အခါdeep cleansing လုပ်သင့်တယ်။ deep cleansing foamသုံးရင်အဆင်ပြေပါတယ် ။ BHA ..salicylic acid ပါတဲ့ cleanserပေါ့ ။"

ဆားဝက်ခြံကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတဲ့သူတွေအတွက်တော့ ဒီနည်းလမ်းလေးကို အသုံးပြုပြီး ဆားဝက်ခြံတွေကို တာ့တာလုပ်လိုက်လို့ရပါပြီ။


က္က