ကိုယ့်ချစ်သူ ကောင်လေးရဲ့ ဘောင်းဘီကို ယူဝတ်ထားသလို မပွတပွလေးနဲ့ ဝတ်ရတာ အဆင်ပြေလွန်းပါတယ်။

ထသွားထလာကနေ ပွဲတက်အထိ ဆင်မြန်းနိုင်တဲ့ ဂျင်းဘောင်းဘီအမျိုးအစားတစ်ခုကို ပြပါဆိုရင် Boyfriend jeans ကို ရွေးထုတ်ပြရမှာပါပဲ။

Boyfriend Jeans လို့ဆိုလိုက်ကတည်းက ကိုယ့်ချစ်သူ ကောင်လေးရဲ့ ဘောင်းဘီကို ယူဝတ်ထားသလို မပွတပွလေးနဲ့ ဝတ်ရတာ အဆင်ပြေလွန်းတာမို့ ပျိုမေတွေရဲ့ အသည်းစွဲဂျင်းဘောင်းဘီအမျိုးအစားတစ်ခု ဖြစ်လာခဲ့ပါတယ်။ သူ့ကိုမှ ပေါင်မှာအပြဲပါတဲ့ ဒီဇိုင်းမျိုးတွေ၊ ခါးအပေါ်မရောက်တရော Mid Rise ဒီဇိုင်းလေးတွေအပြင် ချက်လျှော Boyfriend jeans စသဖြင့် ပုံစံစုံ ဒီဇိုင်းစုံ ဈေးကွက်ထဲရောင်းချလာခဲ့ပါတယ်။

ဒီတော့ ကိုယ့်မှာ Boyfriend Jeans တစ်ထည်သာရှိမယ်ဆိုရင် စတိုင်လ်ဘယ်နှစ်မျိုးလောက်များ ထွက်အောင် ဝတ်နိုင်မလဲဆိုတဲ့ အချက်က စိတ်ဝင်စားစရာပါပဲ။ ဖက်ရှင်ချစ်သူ မဒီတွေမှာသာ Boyfriend Jeans တစ်ထည်ရှိမယ်ဆိုရင် …..

(၁) ရှေ့ကြယ်သီးတပ်ရှပ်အကျီလေးတွေနဲ့ တွဲဝတ်နိုင်ပါတယ်။

ရှပ်အကျီကြိုက်တဲ့ မဒီတွေအတွက်တော့ ရှေ့ကြယ်သီးတပ်ရှပ်လေးတွေနဲ့ Boyfriend Jeans တွဲစပ်မှုဟာ မရှိမဖြစ်လို့ ဆိုပါရစေ။ Boyfriend Jeans က ချက်လျှောမဟုတ်ပဲ ခါးနည်းနည်းမြင့် တယ်ဆိုရင် ဟိုးအရင်က vintage fashion ပုံစံလို အကျီကို ဘောင်းဘီထဲထည့်ဝတ်ပြီး ထသွားထလာကနေ ပွဲတက်အထိ အမိုက်စား ဆင်မြန်းနိုင်တယ်နော်။

(၂) တီရှပ်လေးတွေနဲ့ ပေါ့ပေါ့ပါးပါး တွဲဖက်ဆင်မြန်းနိုင်ပါတယ်။

ကိုယ်က ရှိုးပွဲသွားမယ်၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်၊ ချစ်သူနဲ့ movie date ရှိတယ် ဘာညာဆိုရင် တီရှပ်လေးတစ်ထည်နဲ့ Boyfriend Jeans လေး တွဲဝတ်ပြီး သွားလိုက်ရုံပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ပြီး တွဲစပ်ဝတ်ထားတဲ့ နှစ်မျိုးစလုံးက လွပ်လပ်တာမို့ အဝတ်အစားနဲ့တင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး တစ်နေ့တာအတွက် ပိုအဆင်ပြေသွားစေမှာပါ။ ဒီလိုအပြင်အဆင်အတွက် ဖိနပ်ကိုတော့ sneaker လေး ရွေးဖို့မမေ့နဲ့နော်။

(၃) ဘလေဇာတွေနဲ့လည်း ဆင်မြန်းနိုင်ပါသေးတယ်။

အလုပ်သွားမယ့်သူ၊ ဒါမှမဟုတ် အလုပ်ကိစ္စ ဧည့်သည်တွေနဲ့ ချိန်းထားတာမို့ ပထမဆုံး သွားတွေ့မယ့်သူ၊ ပွဲတက်ရမှာဆိုပေမယ့် ပွဲတက်ဂါဝန်မျိုးတွေ၊ ပြောင်ပြောင်လက်လက်တွေ မဝတ်ချင်တဲ့ မဒီတွေအတွက် ရှပ်အကျီ၊ Boyfriend Jeans နဲ့ ဘလေဇာအတွဲအစပ် ဒါမှမဟုတ် အဖြူရောင်ဗြောင်၊ အနက်ရောင်ဗြောင် tee လေးတွေနဲ့ Boyfriend Jeans တွဲဝတ်ပြီး အပေါ်က ဘလေဇာကုတ်ထပ်ဝတ်ကာ ပွဲတက်ဖို့ အကြံပေးပါရစေ။ ဒီအတွဲအစပ်က မဒီတွေကို အားလုံးကြားထဲ ထင်းနေစေရုံသာမက ယုံကြည်မှုရှိတဲ့သွင်ပြင်လည်း ရစေနိုင်ပါလိမ့်မယ်။ ဖိနပ်ကိုတော့ heel စီးနိုင်ရင်လည်း စီးပါ။ မဟုတ်လည်း အကျီအရောင် ဒါမှမဟုတ် ဘလေဇာအရောင်နဲ့လိုက်တဲ့ sneaker စီးနိုင်ပါတယ်။

(၄) Crop Top လေးတွေနဲ့လည်း ဝတ်နိုင်ပါတယ်။

ကိုယ့် personal style က ချစ်စရာကောင်းတဲ့ မဒီပုံစံလေး၊ မိန်းကလေးဆန်တဲ့ ဖက်ရှင်မျိုးတွေကိုသာ သဘောကျတယ်ဆိုရင်လည်း Crop Top နဲ့ ချက်အရမ်းမလျှောတဲ့ ခါးမမြင့်တမြင့် Boyfriend Jeans လေးတွေ တွဲနိုင်တယ်နော်။

(၅) ဘလောက်စ်အကျီမျိုးတွေနဲ့လည်း တွဲဖက်ဆင်မြန်းနိုင်ပါတယ်။

ခုနောက်ပိုင်း အတွန့်အဖတ်လေးတွေ ပါတဲ့ ဘလောက်စ်အကျီလေးတွေ၊ ဇာအကျီမျိုးလေး တွေနဲ့လည်း Boyfriend Jeans က အဆင်ပြေတာပါပဲ။ ဒီပုံစံဆို အသက် ၃၀ကျော် ၄၀လေဒီတွေထိ ဝတ်ဆင်နိုင်တဲ့ ဖက်ရှင်မျိုးပါ။ ဒီလိုပုံစံမျိုး ဝတ်မယ်ဆိုရင်တော့ ဘောင်းဘီအောက်နားလေးကို အခေါက်သေးသေးလေး ခေါက်ပြီး ဒေါက်မြင့်ဖိနပ် ဒါမှမဟုတ်လည်း sandal၊ Platform sandal လေးတွေနဲ့ တွဲပြီး ဝတ်နိုင်ပါတယ်။

(၆) ဆွယ်တာနဲ့ Boyfriend Jeans ဆိုတာကလည်း အမြဲလိုက်ဖက်တဲ့ အတွဲအစပ်ပဲနော်။

ရာသီတိုင်းနဲ့ အဆင်ပြေမယ့် မထူမပါး ဆွယ်တာလေးတွေနဲ့ Boyfriend Jeans ကလည်း တကယ့်ကို လိုက်ဖက်မှုရှိတဲ့ တွဲစပ်မှုပါ။ သူ့ကိုဆို Boyfriend Jeans ထဲ ဆွယ်တာအကျီလေး ထည့်ဝတ်ပြီး အောက်ကနေ ankle boot ဒါမှမဟုတ် sandal လေးတွေနဲ့ ဆင်မြန်းနိုင်တယ်လေ။

(၇) hoodie တွေ၊ pullover တွေနဲ့ Boyfriend Jeans အတွဲကိုလည်း မေ့မထားစေချင်ပါဘူး။

ကိုယ့်ဖက်ရှင်က သိပ်မိန်းကလေးမဆန်ဘူး၊ hoodie ပွပွကြီးတွေ Pullover တွေ ဝတ်ရတာ သဘောကျတယ်ဆိုရင်တော့ သူ့ကို Boyfriend jeans နဲ့ တွဲဝတ်လိုက်ရုံပါပဲ။ အဓိကကတော့ Boyfriend Jeans တွေက နည်းနည်းပွပွလေးတွေမို့လို့ အပေါ်က Hoodie ကို ဂျင်းဘောင်းဘီထဲ ထည့်ဝတ်ပြီး ကပိုကရိုဆန်ဆန်လေး ပြင်ဆင်ကြည့်လိုက်ပါ။

(၈) ကြိုးတစ်ချောင်းနဲ့ စွပ်ကျယ်လေးတွေဆို ခါးပတ်လေးပတ်ဝတ်ပါ။

အရှင်းဆုံးနဲ့ အလန်းဆုံးမှ ဝတ်တတ်တဲ့ မဒီတွေအတွက်တော့ ကြိုးတစ်ချောင်းအကျီလေးတွေ၊ စွပ်ကျယ်လေးတွေနဲ့လည်း Boyfriend Jeans က လိုက်ဖက်မှုရှိတဲ့အကြောင်း ပြောပါရစေ။ ဒါပေမယ့် ဒီလို ဝတ်မယ်ဆိုရင် ကိုယ်ဝတ်မယ့်ကြိုးတစ်ချောင်းအရောင် ခါးပတ်လေး ထပ်ပတ်ဝတ်ရင် ပိုပြီးပြည့်စုံပါလိမ့်မယ်။

(၉) ရှပ်အဖြူ၊ tee အဖြူလေးနဲ့ တွဲဖြစ်အောင် တွဲဝတ်ပါ။



တစ်ခါတစ်လေ အပေါ်ကအကျီကို ဘာဝတ်ရမှန်းမသိတော့အောင် အာရုံတွေနောက်နေပြီဆိုရင် ဂျင်းဘောင်းဘီနဲ့ အလိုက်ဖက်ဆုံး အရောင်ဟာ အဖြူရောင်ဆိုတာ သတိရလိုက်ပါ။ အရိုးဆုံးဟာ အဆန်းဆုံးဖက်ရှင်ဆိုသလိုပါပဲ။ Boyfriend Jeans လေးနဲ့ အပေါ်က ရှပ်အဖြူလေးတစ်ထည် တွဲမယ်ဆိုရင်လည်း လူတွေအားလုံးကြားထဲ ထင်းနေမှာပါပဲ။

(၁၀) ပိုဆန်းသွားစေဖို့ ankle boot နဲ့ အဆင်တန်ဆာအရောင်ဆန်းလေးတွေ ရွေးနိုင်ပါတယ်။

အဝတ်အစားလိုပဲ အဆင်တန်ဆာတွေ အရေးကြီးတယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူးနော်။ ဒီတော့ Boyfriend Jeans တွေနဲ့ အမြဲတမ်းလိုက်ဖက်ပြီး လူကိုပိုအထာကျသွားစေတဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ သူ့ကို Ankle Boot လေးတွေနဲ့ တွဲစီးလိုက်တာပါတဲ့။ ဒီအချက်က Boyfriend Jeans ချစ်သူတွေအတွက် သိကိုသိထားရမယ့် အချက်လေးပါပဲ။ အခြား ဆွဲကြိုး၊ နားကပ်၊ နဲ့ လက်စွပ်ဘာညာတွေကိုတော့ အားလုံးပြုံပြီး ဆင်မြန်းတာထက်စာရင် ကိုယ်ဝတ်မယ့်အဝတ်အစားပေါ် မူတည်ပြီး မျှင်မျှင်လေးတွေ အများကြီး ဆင်မြန်းမလား၊ နားကပ်အကြီးကြီး တစ်ခုပဲ ပန်မလား၊ လက်စွပ်လေးတွေပဲ လေးငါးကွင်း ဝတ်ချလိုက်မလားဆိုတာ ပြန်စဉ်းစားပြီး ဆင်မြန်းကြည့်လိုက်ပါလို့။

ခန္ဓာကိုယ်အချိုးအစားလိုက် ရွေးချယ်သင့်တဲ့ ဂျင်းအမျိုးအစား

ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သက်ပြီး Boyfriend Jeans ဟာ Plus Size ကနေ ပိန်တဲ့သူတွေအထိ အဆင်ပြေပါတယ်။ ဒါပေမယ့် ကိုယ်က နည်းနည်းကိတ်တဲ့သူဆိုရင်တော့ ချက်လျှောဒီဇိုင်းမျိုးထက် mid rise boyfriend jeans လိုမျိုး ခါးနေရာ၊ တင်နေရာပိုသိသာကွဲပြားသွားစေမယ့် ဂျင်းကို ရွေးစေချင်ပါတယ်။ ဒီလိုမဟုတ်ပဲ ကိုယ့်ရဲ့ဘော်ဒီအချိုးအစားက အပေါ်ပိုင်းသေးပြီး အောက်ပိုင်းကြီးတာမျိုးဆိုရင်တော့ Boyfriend Jeans ထက် skinny jeans မျိုးက ပိုသင့်တော်ပါတယ်။

Boyfriend Jeans တွေ ဘယ်မှာရှာမလဲ

မဒီတွေအတွက် နောက်ထပ်ပြသနာတစ်ခုက Boyfriend Jeans တွေကို ဝတ်ချင်ပါတယ်ဆိုရင်တောင် ရှာရတာခက်တဲ့ ပြသနာပါ။ ဘာလို့လဲဆိုတော့ သူ့ကို အွန်လိုင်းရှော့တွေမှာသာ ပိုတွေ့ရပြီး အပြင်ဆိုင်တွေမှာ သွားရှာရင် မတွေ့တာများပါတယ်။ ဖြစ်နိုင်ရင်တော့ အွန်လိုင်းရှော့တွေကို follow လုပ်ထားပြီး အမြဲစောင့်ကြည့်နေဖို့ပါ။ နောက်တစ်ချက်က ကိုယ်ပုံပြပြီးရှာခိုင်းလို့ရတဲ့ အွန်လိုင်းရှော့လေးတွေကိုလည်း သိအောင်လုပ်ထားဖို့ပါ။ အကောင်းဆုံး အကြံကတော့ Boyfriend Jeans ဝယ်တော့မယ်ဆိုရင် ဆိုင်တစ်ဆိုင်တည်းကို တန်းသွားရှာတာထက် စင်တာတစ်ခုခုကို သွားပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ရှာရင်ပိုအဆင်ပြေပါတယ်။ Junction City တို့၊ တော်ဝင်စင်တာ စတဲ့စင်တာမျိုးတွေက မိန်းကလေးဖက်ရှင်ဆိုင်တွေမှာတော့ ရှိတတ်ပါတယ်။

Share

Loading Next Article...
က္က