May Thaw

မဒီတော်တော်များများမှာ ဖိနပ်တစ်ရံဝယ်တော့မယ်၊ အထူးသဖြင့် ဒေါက်မြင့် ဖိနပ်တစ်ရံ ဝယ်ရတော့မယ် ဆိုရင် ဒီဖိနပ်က ကိုယ့်အတွက် စီးရတာ သက်သောင့်သက်သာ ဖြစ်ပါ့မလား၊ ဒေါက်နေရာက အဆင်ပြေရဲ့ လား၊ ဖိနပ်များပေါက်မလား စသဖြင့် စိုးရိမ်ပူပန်မှုတွေနဲ့ ခေါင်းခြောက်ကြရပါတယ်။ ကိုယ်က ဖိနပ်ဒီဇိုင်းလေး ကြိုက်လို့ လိုချင်ရင်တောင် မဝယ်ဖြစ်ခဲ့ဘဲ လှည့်ပြန်ခဲ့ရတဲ့ မဒီတွေလည်း ရှိကြပါလိမ့်မယ်။ အထူးသဖြင့် ကိုယ့်ခြေထောက်က သူများခြေထောက်ထက် အပြားပိုကြီးတဲ့ မဒီတွေဆို ဖိနပ်ကိုမဝယ်ခင် အစမ်းကောက်စွပ်ကြည့်လိုက်ရင်တောင် အဆင်ပြေတာက နည်းပါတယ်။

ခြေထောက်အပြားကြီးတဲ့ မဒီတွေဟာ ဖိနပ်ကိုပြီးစလွယ် မျက်စိမှိတ်ကောက်ဝယ်မိသွားပြီဟေ့ ဆိုရင်လည်း စစီးပြီး နာရီပိုင်းလောက်မှာတင် ခြေချောင်းတွေနာလာတာမျိုး ကြုံရတတ်ပါတယ်။ ဒါကခြေအပြားကြီးသူတွေ မကြာခဏ ကြုံရတဲ့ ပြဿနာပေါ့။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်း (၅)ခု ရှိပါတယ်။ ဖိနပ်မဝယ်ခင် ဒီနည်းလမ်းလေးတွေအတိုင်း မှတ်သားပြီး ကျင့်သုံးမယ်ဆိုရင် အဆင်ပြေလာပါလိမ့်မယ်။

(၁) ခြေအပြားကြီးတဲ့သူတွေအတွက် သီးသန့် ထုတ်ထားတဲ့ ဖိနပ်ဒီဇိုင်းကိုရှာပါ။ 

ပထမဆုံးအချက်ကတော့ ဖိနပ်ဆိုင်တွေမှာ ခြေအပြားကြီးသူတွေအတွက် အထူးထုတ် လုပ်ထားတဲ့ ဒီဇိုင်းတွေ တင်ထားတတ်ပါတယ်။ ကိုယ်က ခြေအပြားကြီးလို့ဆိုပြီး ဖိနပ်ဆိုဒ်ကြီးတွေ ဝယ်ရင် အဆင်ပြေမှာ မဟုတ်ပါ ဘူး။ ဖိနပ်မှာမှ ခြေအပြားနေရာ ပိုကျယ်ကျယ်လေး ဒီဇီုင်းထုတ်တာတာမျိုးတွေကသာ ပို အဆင်ပြေစေ ပါလိမ့်မယ်။ Brand တွေထဲမှာ ဆိုရင် Asos တို့ New Look စတဲ့ brand တွေ ထဲမှာ ခြေထောက်အပြားကြီးသူတွေအတွက် သီးသန့်ထုတ်ထားတာလေးတွေ ရှိပါတယ်။

(၂) ကိုယ့်ဖိနပ်ဆိုဒ်ကို ကိုယ်သေချာသိပါစေ။ 

ကိုယ့်ရဲ့ဖိနပ်ဆိုဒ်ဟာ တစ်သက်လုံး ဆိုဒ် တစ်ခုတည်းသွားနေမှာ မဟုတ်ပါဘူး။ ဒါကို စာရေးသူ ကိုယ်တိုင်တောင် မကြာသေးခင်ရက်ပိုင်းအတွင်း အွန်လိုင်းကနေ ဖိနပ်မှာတော့မှ ပိုသေချာသိခဲ့ရတာပါ။ စီးနေကျဆိုဒ်ထက် ပိုသေးတဲ့ဆိုဒ်နဲ့မှ အဆင်ပြေတာမျိုး ကြုံခဲ့ရပါတယ်။ ဒီတော့ ခု ကိုယ့်ခြေထောက်ဆိုဒ်ကို ကိုယ်သေချာတိုင်းကြည့်ဖို့ လိုပါပြီ။ စာရွက်ပေါ် ခြေထောက်ကို တင်ပြီး ခြေမနဲ့ ခြေဖနောင့်အဆုံးကို အမှတ်မှတ်ပြီး သေချာတိုင်းပါ။ ခြေထောက်အကျယ်ကိုလည်း ခြေမဘေးကနေ ခြေသန်းဘေးထိ တိုင်းရမှာပါ။ အွန်လိုင်းကနေ ဖိနပ်မှာမှ ကိုယ့်ဖိနပ်ဆိုဒ်ကို သေချာသိရမှာ မဟုတ်ပါဘူး။ ကိုယ်တိုင်ဆိုင်သွားပြီး ဝယ်တဲ့အခါမှာလည်း ဖိနပ်ဆိုဒ်သေချာသိနေမယ်ဆို ပိုအဆင်ပြေပြီး ကိုယ့်ခြေထောက်က ဘယ်လိုဆိုတာ ပြောပြပြီး မေးရင် ဆိုင်ကလည်း ကိုယ့်ကို recommend သေချာပေးနိုင်ပါလိမ့်မယ်။

(၃) ထိပ်ချွန်ဖိနပ်တွေ ရှောင်ပါ။

ခြေအပြားကြီးတဲ့သူတွေအတွက် ထိပ်ချွန် ဖိနပ်တွေကတော့ ဘယ်လောက်လှနေပါစေ ရန်သူလိုပါပဲ။ မစီးတာ အကောင်းဆုံးပါ။ ခဏလေးပဲ သည်းခံစီးလိုက်မယ်ဆိုရင် ခြေချောင်းတွေထိပ်မှာ အရည်ကြည်ဖု ထွက်တာ၊ ခြေဖဝါးနာတာစတဲ့ ဝေဒနာတွေ ခံစားရပါလိမ့်မယ်။

(၄) အော်ဒါအပ်ပြီး customize ဖိနပ်မျိုး မှာစီးပါ။

တကယ်လို့ အဆင်ပြေမယ်ဆိုရင်တော့ ကိုယ့်ခြေထောက်အတိုင်းနဲ့ customize မှာစီးလို့ရရင် အကောင်းဆုံးပါပဲ။ နိုင်ငံတကာမှာ ဒီလိုမှာစီးလည်း ရသလို မြန်မာနိုင်ငံမှာလည်း အဲ့ဒီလိုအော်ဒါအမှာလက်ခံတဲ့ ဖိနပ်ဆိုင်တွေ ရှိနေပါပြီ။

(၅)ဖိနပ်မဝယ်ခင် စီးကြည့်တဲ့အခါ နူးညံ့ပြီး မမာတဲ့ဖိနပ်သားကိုသာ ရွေးပါ။

ဖိနပ် material က သိပ်မာနေမယ်ဆို မရွေးတာ မကောင်းဆုံးပါ။ ဖိနပ်က စီးလိုက်တာနဲ့ သက်သောင့်သက်သာဖြစ်ပြီး နူးညံ့တာကသာ အကောင်းဆုံးပါ။ ဒီအချက်ကတော့ ခြေအပြားကြီးတဲ့မဒီတွေမှ မဟုတ်ဘဲ ဘယ်သူမဆို ဖိနပ်တစ်ရံဝယ်ပြီဆိုတာနဲ့ သေချာရွေးချယ်ဝယ်ယူရမယ့် အချက်ပါပဲ။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က