ပိုးသားဆံနွယ်လေးတွေ ရရှိဖို့ Hair Rebonding ကို အိမ်မှာ ဈေးသက်သက်သာသာလုပ်လို့ရပါတယ်။

ခုခေတ်မှာ ဆံပင်ဖြောင့်တာထက် Hair Rebonding လုပ်တာက ပိုခေတ်စားလာပါတယ်။ ဒီလို Hair Rebonding လုပ်တာက ဆံပင်အမျိုးအစား အားလုံးမရွေးလုပ်နိုင်တဲ့ နည်းတစ်ခုလည်းဖြစ်ပါတယ်။ Hair Rebonding လုပ်တာက ဆံကေသာ ပိုးသားလေးတွေလို တောက်ပြောင်ပြီးဖြောင့်စင်းသွားတာဖြစ်တဲ့အတွက် မဒီတိုင်း ကြိုက်နှစ်သက်ကြပါတယ်။ Hair Rebonding လုပ်ဖို့ဆိုရင် ဆိုင်မှာ ၃၅၀၀၀ ကနေ သိန်းကျော်တဲ့အထိ ဆိုင်နေရာ ၊ ဆံသားနေရာပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးပြောင်းလဲသွားကြပါတယ်။ ဒီလို ဈေးကြီးမပေးချင်ဘဲ အိမ်မှာ Hair Rebonding လုပ်လိုသူတွေအတွက် အိမ်မှာလုပ်လို့ရတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ Hair Rebonding လုပ်ဖို့အတွက် လိုအပ်တဲ့ ခရင်မ်တွေ ၊ ခေါင်းလျှော်ရည်တွေ ၊ Hair Rebonding Kit တွေ ဝယ်ထားဖို့တော့လိုပါလိမ့်မယ်။

ပထမဆုံးအနေနဲ့ ဆံသားကို ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။ ပြီးရင်တော့ dryer ကို အနေတော် အပူအဆင့်နဲ့ ဆံပင် အခြောက်ခံပါ။

ပြီးရင်တော့ ဆံပင်ကို ဘီးနဲ့ လိုင်းတွေအတိုင်း သေချာ ဖြီးသင်ပြီးတော့ ဆံပင်တွေကို လက်တစ်ဆုပ်စာစီ ယူပြီး ကလစ်လေးတွေနဲ့ လိုက်တွယ်ထားပါ။

အဲဒီနောက်မှာတော့ ဆံသားအနှံ့ဝင်အောင် Relaxant Hair Cream လိမ်းကျံရပါမယ်။ ခရင်မ်တွေ လိမ်းတဲ့အချိန်မှာ လက်အိပ်စွပ်ထားဖို့တော့ လိုအပ်ပါတယ်။

ခရင်မ်တွေကို ဆံသားထဲ အာနိသင်တွေ စိမ့်ဝင်သွားအောင်လို့ အနည်းဆုံး မိနစ် ၃၀ လောက် ထားထားရပါမယ်။ ခရင်မ်တွေက တစ်မျိုး နဲ့ တစ်မျိုး မတူညီကြတဲ့အတွက် အညွှန်းကို သေချာဖတ်ပြီး ကိုယ့်ရဲ့ ဆံသားအလိုက် အသုံးပြုပေးဖို့ လိုအပ်ပါတယ်။

မိနစ်သုံးဆယ်အကြာမှာတော့ ရေဆေးချပြီး ပြန်လည် အခြောက်ခံရမှာပါ။

ဆံသားတွေခြောက်သွားပြီဆိုရင်တော့ နောက်ထပ် ဆံသားတွေကို အကန့်တွေ ထပ်ခွဲပြီး ကလစ်လေးတွေနဲ့ လိုက်ညှပ်ပါ။

ပြီးရင်တော့ ဆံသားကို အတတ်နိုင်ဆုံး အနည်းငယ်စီ ယူယူပြီး စက်ဆွဲပေးရပါမယ်။ အနည်းငယ်စီယူပြီး စက်ဆွဲပေးမှသာ ဆံသားအားလုံးကို ဖြောင့်စင်းအောင် လုပ်နိုင်မှာဖြစ်ပါတယ်။

ဆံသားအားလုံးကို စက်ဆွဲပြီးသွားရင်တော့ ဖြောင့်စင်းနေတဲ့ ပိုးသားဆံနွယ်တွေကို ရရှိလာပါလိမ့်မယ်။ ဒီလို အားလုံးစက်ဆွဲပြီးသွားပြီဆိုရင် နောက်ထပ်တစ်ကြိမ် ဆံသားတွေကို ကလစ်နဲ့ လိုင်းပြန်ခွဲရပါမယ်။

လိုင်းခွဲပြီးရင်တော့ ဆံသားအနှံ့ကို Neutralizer သုတ်လိမ်းပေးရမှာဖြစ်ပါတယ်။ ဆံသားအနှံ့လိမ်းပြီးပြီဆိုရင်တော့ မိနစ် ၃၀ ကြာ ခဏသိပ်ထားရမှာပါ။

 မိနစ် ၃၀ ပြည့်ရင်တော့ ရေအေးနဲ့ ခေါင်းလျှော်လိုက်ပြီး ဆံသားတွေ ခြောက်သွေ့သွားအောင် dryer နဲ့ မှုတ်ရပါမယ်။ ဆံသားတွေ ခြောက်သွေ့သွားပြီဆိုရင်တော့ နောက်ထပ်တစ်ကြိမ် ဆံသားအားလုံးကို စက်ဆွဲရမှာဖြစ်ပါတယ်။ 

 Rebonding လုပ်ပြီး နောက် ၃ရက် (သို့) ၄ရက်လောက် ခေါင်းမလျှော်မိဖို့လိုအပ်ပါတယ်။ ကလစ်တွေတပ်တာ ၊ ဘီးကုပ်ပန်တာ ၊ ခေါင်းစည်းကြိုးစည်းတာ ဘာဆိုဘာမှ မလုပ်ဖို့ လိုအပ်ပါတယ်။ ဒီ ၃ ၄ ရက်အတွင်းမှာ ဆံပင်ကို ဘယ်နည်းနဲ့မှ ရေစိုခံလို့မရပါဘူး။ ဒါမှသာ ဖြောင့်အိစင်းနေတဲ့ ဆံကေသာကို ရရှိမှာပါ။

သတိပေးချက်

Rebonding လုပ်ပြီးလည်း ဆံသားတွေကို ပစ်ထားလို့တော့ မရပါဘူး။ ဆက်ပြီးတော့လည်း ဆံသားအလိုက် ခေါင်းလျှော်ရည် သုံးတာ ၊ Hair Serum လိမ်းတာ ၊ ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း ဖြီးတာမျိုးရှောင်ကြဉ်တာမျိုးတွေနဲ့ ဂရုစိုက်သွားဖို့တော့ လိုအပ်ပါတယ်။

ဒါကတော့ ငွေကုန်ကြေးကျသက်သာပြီး အလွယ်တကူ အိမ်မှာ လုပ်လို့ရတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

မဒီလေးတို့ လှသထက်လှနိုင်ကြပါစေ။

Share

Loading Next Article...
က္က