အမျိုးသမီးတွေအတွက် ဆံကေသာဟာ အရေးပါဆုံး အစိတ်အပိုင်းတစ်ခုတည်းမှာပါဝင်ပါတယ်။ ဒါတင်မက စိတ်တိုင်းမကျရဆုံးကလည်း ဆံကေသာက ထိပ်ဆုံးမှာ ပါဝင်နေပါသေးတယ်။
Thin Nu Swe

ဆံပင်တွေ ပျက်စီးနေတယ်ဆိုရင် တနုံ့နုံ့နဲ့ နေလို့မရကလည်း ဖြစ်ရပါသေးတယ်။ ပျက်စီးနေတဲ့ ဆံကေသာတွေကို ပြုပြင်ကုသဖို့ဆိုတာမျိုးထက် ဆံကေသာတွေ မပျက်စီးအောင် ဂရုစိုက်တားဆီးဖို့လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ကာကွယ်ဖို့ မလွယ်တော့ဘူး ပျက်စီးနေပြီဆိုရင်တော့ ပြန်လည်ကုသဖို့အတွက် လုပ်ဆောင်ရပါတော့မယ်။ ဆိုင်တွေမှာ ပြုပြင်ရင်လည်း အကုန်အကျများတယ်၊ အိမ်မှာပဲ သဘာဝနည်းလမ်းတွေနဲ့ ပြုပြင်ချင်တယ်ဆိုသူတွေအတွက် ထိရောက်တဲ့ သဘာဝနည်းလမ်းတွေ ဖော်ပြပေးချင်ပါတယ်။

ပိုးသားဆံကေသာဖြစ်စေဖို့

အိစင်းနေတဲ့ ပိုးသားဆံကေသာဖြစ်စေဖို့ လိုအပ်တာတွေကတော့ ဒိန်ချဉ်တစ်ခွက်၊ သံလွင်ဆီအနည်းငယ် ၊ ကြက်ဥအကာတစ်လုံးနဲ့ အုန်းသီးအသားကို ကြိတ်ချေထားတဲ့ အုန်းနို့ရည်တို့ပဲ ဖြစ်ပါတယ်။ ဖော်ပြပါ ပါဝင်ပစ္စည်းတွေကို အနှစ်ဖြစ်သွားတဲ့အထိ ရောသမမွှေပေးရပါမယ်။ ပြီးရင်တော့ ဆံပင်တွေကို အလွှာလိုက်ခွဲပြီး အဲဒီအနှစ်တွေကို ဆံပင်ဦးရေပြား အနှံ့လိမ်းပေးရပါမယ်။ ပြီးရင်တော့ Shower Cup လေးအုပ်ထားလိုက်ရုံပါပဲ။ နာရီဝက်ကြာရင်တော့ ရေဆေးချလိုက်ပြီး ခေါင်းလျှော်ရည် အပျော့စားနဲ့ လျှော်လိုက်လို့ ရပါပြီ။ ဒီနည်းအတိုင်း တစ်ပတ်တစ်ခါ ပြုလုပ်သွားမယ်ဆိုရင်တော့ ပိုးသားလို အိစင်းနေတဲ့ ဆံကေသာကို ရရှိမှာပါ။

ပျက်စီးနေတဲ့ ဆံကေသာကို ပြုပြင်နည်း

-ပထမနည်း

ပျက်စီးနေတဲ့ဆံကေသာတွေကို ပြုပြင်ဖို့အတွက် ထိန်းသိမ်းဖို့ ပထမဆုံး ငှက်ပျောသီးမှည့်တစ်လုံး ၊ သံလွင်ဆီ စားပွဲတင်ဇွန်းတစ်ဇွန်း နဲ့ ပျားရည် စားပွဲတင်ဇွန်းနှစ်ဇွန်းလိုအပ်ပါတယ်။ လိုအပ်တဲ့ အရာတွေ ရပြီဆိုရင်တော့ ဦးရေပြားအနှံ့လိမ်းပြီး ၁၀မိနစ်ခန့် ပေါင်းတင်ထားရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ရေအေးနဲ့ ဆေးချပြီး ခေါင်းလျှော်ရည်အပျော့ဆေး ခေါင်းလျှော်လိုက်ရမှာ ဖြစ်ပါတယ်။

-ဒုတိယနည်း

နောက်တစ်နည်းကတော့ ကြက်ဥနှစ်လုံး ၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၃ ဇွန်း ၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ၊ သံပုရာရည် စားပွဲဇွန်း တစ်ဇွန်း တို့လိုအပ်ပါတယ်။ အဲဒီဖော်ပြပါ အရာတွေကို ရောသမမွှေပြီး ဦးရေပြားနဲ့ ဆံပင်အနှံ့ကို လိမ်းရပါမယ်။ အဲဒီနောက် ၁၀ မိနစ်ကြာမှာ ရေဆေးချပြီး ခေါင်းလျှော်ပေးရပါမယ်။

ဒီနည်းလမ်း ၂ မျိုးစလုံးကိုတော့ တစ်ပတ်မှာ နှစ်ကြိမ် ပြုလုပ်ပေးမယ်ဆိုရင်တော့ ပျက်ဆီးနေတဲ့ ဆံကေသာတွေကို ပြန်လည်ပြုပြင်ပေးသွားမှာ ဖြစ်ပါတယ်။

ရေနွေးပူပေါင်းနည်း



နောက်ဆုံးနည်းလမ်းကတော့ အရမ်းကို ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းပါ။ အဲဒါကတော့ ရေနွေးငွေ့နဲ့ ပေါင်းတာပါပဲ။ မျက်နှာသုတ်ပုဝါအကြီးတစ်ထည်ကို ရေနွေးပူပူထဲ စိမ်ပြီး ရေညှစ်လိုက်ပါ။ တစ်ချိန်တည်းမှာပဲ ဦးရေပြားနဲ့ ဆံပင်အနှံ့ အုန်းဆီလိမ်းလိုက်ပါ။ ပြီးရင်တော့ ရေညှစ်ထားတဲ့ မျက်နှာသုတ်ပဝါ နဲ့ ၂ မိနှစ်ခန့်ကြာအောင် ပေါင်းထားလိုက်ပါ။ အဲဒီလို ၂ မိနစ်ပေါင်းတင်ထားတာကို ၁၀ မိနှစ် တစ်ခါ သုံးကြိမ်လောက် ပြုလုပ်ထားပြီးရင်တော့ ခေါင်းလျှော်ပေးပါ။ နူးညံ့ပြီး တောက်ပတဲ့ ဆံကေသာလေးတွေကို ရရှိနိုင်ဖို့ တစ်ပတ်ကို ၂ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

အင်္ဂလိပ်ဘာသာစကားသင်ကြားပေးနေတဲ့ အင်္ဂလိပ်ဆရာမလေး နဒီမင်းကတော့ သူ့ရဲ့ ဆံကေသာအတွက် သဘာဝနည်းလမ်းတွေနဲ့ ပေါင်းတင်ပုံကို Duwun ကို ခုလိုပြောပြပါတယ်။

"ညီမက ဆံပင်နဲ့ပတ်သက်ပြီး အရမ်းစိတ်ညစ်ရတာတော့မရှိဘူး။ ငယ်ငယ်ကဆံပင်အရမ်းပါးတော့ ထိန်းတဲ့အဘွားက ဆံပင်အမြဲရိတ်ပေးထားပြီး ထောလပတ်ရွက်တွေသံလွင်ဆီတွေနဲ့ တစ်ချိန်လုံးပွတ်နေတယ်ပြောတယ်။ ၇နှစ်လောက်ထိ အမြဲကတုံးပဲ။ အဲ့ဒီနောက်ပိုင်း ဆံပင်အရမ်းမည်းတယ်။ ထူတယ်။ ဆံလုံးလည်းကြီးတယ်ဆိုတော့ ဒီအရွယ်ရောက်မှ ထူးထွေပြီးကို ဂရုစိုက်စရာမလိုခဲ့ဘူး။ ဆံပင်ကောက်လိုက်တာတောင် ဆံပင်ကကြမ်းမသွားခဲ့ဘူး။ တစ်ခါတစ်လေတော့ ပေါင်းတင်တာမျိုးရှိတယ်။ ကိုယ့်ဘာသာကိုယ်ဆိုရင်တော့ လျှော်ခါနီး၁၅မိနစ်အလိုကတည်းကတစ်ခေါင်းလုံးသံလွင်ဆီတွေလိမ်းပြီး ရေနွေးသဘက်နဲ့ပေါင်းထားပြီးလျှော်ချတာမျိုး၊ ဆောင်းအကူး ဗောက်ထတတ်တဲ့အချိန်မျိူးဆို ရှောက်သီးပုပ်နဲ့ တစ်ခေါင်းလုံးတိုက်ပြီး လျှော်တယ်။ လုံးဝဗောက်မထတော့ဘူး ဆောင်းတစ်တွင်းလုံး ပျော့ဖို့အတွက်တော့ ကြက်ဥနဲ့ရှားစောင်းဂျယ် ရောမွှေပြီး ပေါင်းတာမျိုးလုပ်ဖြစ်တယ်။"

အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ သီရိဇော်ကလည်း သူ့ရဲ့ ဆံပင်ထိန်းသိမ်းဖြစ်ပုံအကြောင်းကို Duwun ကို ခုလိုပြောပြပါတယ်။

"ဆံပင်နှစ်ခွဖြစ်တယ်၊ ဆံပင်တွေလည်း ပြတ်တယ်။ ဆံပင်ကြောင့် စိတ်ညစ်ရတာတွေ ရှိတယ်၊ ဆံပင်ကြမ်းလာရင်လည်း စိတ်ညစ်ရတယ်၊ ဆံပင်ထိန်းသိမ်းဖြစ်တာကတော့ ပျက်စီးနေတဲ့ အချိန်တွေဆို Treatment လုပ်ပေးတယ်။ တစ်လတစ်ခါ Treatment တွေ လုပ်ဖြစ်တယ်။ အိမ်မှာဆိုလည်း ကိုယ့်ဆံပင်နဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်တွေ ၊ Conditioner တွေ သုံးတယ်။ ကိုယ့်ဆံပင်နဲ့ ကိုက်ညီတဲ့ Hair Coat တွေ လိမ်းတယ်။ ဆံပင်ပေါင်းတယ်။ သဘာဝနည်းနဲ့ဆိုရင်တော့ ငှက်ပျောသီးတို့ ၊ ကြက်ဥအကာတို့နဲ့ ရောပြီးတော့ ဆံပင်ပေါင်းတင်တာမျိုး ၊ နောက်ပြီး ဆံပင်နက်ချင်တဲ့အခါမျိုးတွေမှာ ထောပတ်သီးကို ခြေပြီးပေါင်းတင်တာမျိုးတွေ ရှိတယ်။ ညဘက်မှာ ဆံပင်ကို သံလွင်ဆီလိမ်းပြီး အိပ်၊ မနက်ကျမှ ခေါင်းလျှော်လိုက်တာမျိုးတွေ လုပ်ဖြစ်တယ်။ အဲဒါတွေလုပ်တာက ဆံပင်နှစ်ခွဖြစ်တာတွေ သက်သာပြီးတော့ ဆံပင်သားတွေကောင်းစေတယ်။"

မိတ်ကပ်နဲ့ ဆံပင်လောကမှာ သက်တမ်းရှည်ကြာစွာအောင်မြင်ခဲ့ပြီး နာမည်ကြီးအနုပညာရှင်များစွာနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ Hello က မခိုင်နဲ့ မချိုကတော့ ဆံသားနဲ့ ပတ်သက်ပြီး ထိန်းသိမ်းရမယ့် နည်းလမ်းတွေကို Duwun ကို ခုလိုပြောပြပါတယ်။

"ကိုယ်နဲ့သင့်တော်မယ့် shampoo ၊ ပျော့ဆေး၊ ပေါင်းဆေး၊ ဆံပင်သားလိမ်းတဲ့အဆီတွေကိုရွေးဝယ်ပါ။ ကိုယ့် ဆံပင်ပျက်စီးနှုန်းပေါ်မူတည်ပြီးသင့်တော်တဲ့ Hair Treatment လုပ်ပါ။ ဆံပင်သားမပျက်စီးဖို့ နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်းမှကာကွယ်ပါ။ သဘာဝပစ္စည်းတွေနဲ့ အသုံးပြုပြီး ဆံသားကို ထိန်းသိမ်းတာလည်း ကောင်းပါတယ်။ ခေါင်းမလျှော်ခင် အုန်းဆီစစ်စစ် ကိုတစ်ခေါင်းလုံးလိမ်းပြီးနှပ်ပြီးမှခေါင်းလျှော်တာမျိုးလုပ်သင့်ပါတယ်။ နောက်တစ်နည်းကတော့ ကြက်ဥအကာ၊ ပျားရည် နဲ့ သံလွင်ဆီကိုရောပြီး တစ်ခေါင်းလုံးလိမ်းပြီး အချိန်ကြာကြာလေးထားပြီးမှခေါင်းလျှော်ပါ။ ကြက်ဥအကာမပါဘဲပျားရည်သီးသန့် တစ်ခေါင်းလုံးလိမ်းလည်းရပါတယ်။ ခြောက်သွေ့ ကြမ်းတမ်း ပျက်စီးနေတဲ့ ဆံပင်သားတွေအတွက် ကြက်ဥအကာ၊ ထောပတ်သီး၊ အုန်းဆီ(သို့)သံလွင်ဆီ တို့ကို ရောပြီး လိမ်းတာ၊ ဒါမှမဟုတ် ရှားစောင်းလက်ပပ်၊ ပျားရည် နဲ့ သံလွင်ဆီတို့ကို ရောပြီးလိမ်းတာ ဒါမှမဟုတ် ပျားရည်၊ ဒိန်ချဉ် နဲ့ အုန်းဆီကိုရောပြီးလိမ်းတာ နောက်နည်းတွေကတော့ ကြက်ဥအကာ၊ သံလွင်ဆီ၊ ပျားရည် နဲ့ ဒိန်ချဉ်ကို ရောပြီးလိမ်းတာနဲ့ သံလွင်ဆီ ၊ အုန်းဆီ၊ ကြက်ဥအကာ နဲ့ ပျားရည်ကို ရောပြီးလိမ်းတာ၊ ဒီနည်းလမ်းတွေထဲက ကိုယ်ကြိုက်တဲ့နည်းလမ်းကို အသုံးပြုပြီးပြီဆိုရင်တော့ အချိန်တစ်ခုယူ နှပ်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။ အဲဒီနည်းလမ်းတွေနဲ့ ဆံသားကို ပြန်ကျန်းမာကောင်းမွန်အောင် ကုသလို့ရပါတယ်။

ဒီနည်းလမ်းလေးတွေ သိထားပြီဆိုရင်တော့ ကိုယ့်ရဲ့ ပျက်ဆီးသွားတဲ့ ဆံကေသာ လေးတွေကို သဘာဝနည်းလမ်းတွေနဲ့ ပြန်လည်ပြုပြင်သွားနိုင်မယ်လို့ ထင်ပါတယ်။


က္က