ကိုရီးယားမင်းသမီးလေးတွေလို ကြည်လင်ဝင်းဖန့်တဲ့ အသားအရေမျိုးပိုင်ဆိုင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ နေထိုင်မှုပုံစံတွေကို ပြောင်းလဲပစ်လိုက်ဖို့တော့ လိုပါတယ်။
Thin Nu Swe

ကိုရီးယားမင်းသမီးလေးတွေ ထိရက်စရာမရှိတဲ့ အသားအရေမျိုးကို မပိုင်ဆိုင်ချင်တဲ့ မိန်းကလေးရယ်လို့ မရှိပါဘူး။ အသားဖြူချင်လို့ သောက်ဆေး ၊ ထိုးဆေးတွေတောင် ရအောင် ထိုးနေကြတဲ့ အချိန်မှာ ကိုရီးယားမင်းသမီးလေးတွေလို ကြည်လင်နေတဲ့ အသားအရေမျိုးကတော့ မိန်းကလေးတိုင်း အသက်ကြီးကြီး ငယ်ငယ် လိုချင်ကြတာချည်းပါပဲ။ ကိုရီးယားမင်းသမီးလေးတွေကလည်း ဒီလို အသားအရေမျိုးကို ဟပ်ချလောင်းဆိုပြီး ရလာတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့လည်း အမျိုးမျိုး ကြိုးစားပြီး ဒီလိုအသားအရေမျိုးကို ရရှိလာတာပါ။ ဒီတော့ ကြည်လင်ပြီး လူတကာငေးကြည့်ရတဲ့ အသားအရေမျိုးဖြစ်အောင် ဘယ်လို နေထိုင်မှုပုံစံတွေနဲ့ ရယူမလဲဆိုတာကို ခုပဲ ပြောပြပေးချင်ပါတယ်။

အိပ်ရေးဝဝအိပ်ပါ

ဒီဘက်ခေတ်မှာ အိပ်ရေးဝဖို့ဆိုတာ အတော်ခဲယဥ်းလာပြီလို့ ပြောလို့ရပါတယ်။ တစ်နေ့တာ လုပ်ငန်းခွင်၊ လုပ်ငန်းခွင်ရဲ့ Stress တွေကြောင့်သာမက ခုနောက်ပိုင်း လူတွေရဲ့ အချိန်အတော်များများ အွန်လိုင်းပေါ်မှာချည်း အချိန်ကုန်နေကြတာပါ။ အိပ်ချိန်မှာလည်း မျက်လုံးနဲ့ Screen နဲ့ ထိနေတဲ့အခါမှာ မျက်လုံးနဲ့ တိုက်ရိုက်ထိတွေ့နေတာဖြစ်တဲ့အတွက် ညဥ့်နက်တဲ့အထိ အိပ်မပျော်တော့ဘဲ အိပ်ရေးမဝတာတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်အသားအရေကို ကြည်လင်နေစေချင်တယ်ဆိုရင်တော့ ညဘက်စောစော အိပ်တတ်တဲ့ အလေ့အထနဲ့ ဖုန်းကို ကိုယ့်အိပ်ယာနားမှာ မထားဖို့ အထူးသတိပြုဆင်ခြင်စေချင်ပါတယ်။

ကိုယ်တိုင် ကိုရီးယားမင်းသမီးလေးလို လှပတဲ့ အသားအရေကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ် အဲလစ်အုံးကလည်း ကိုရီးယားမင်းသမီးတွေလို အသားအရေမျိုးပိုင်ဆိုင်အောင် ဘယ်လိုထိန်းသိမ်းသင့်သလဲဆိုတာကို Duwun ကို ခုလိုပြောပြပါတယ်။

"MASK ကပ်ဖို့နဲ့ ကိုယ်နဲ့ သင့်တော်တဲ့ Skin Care သုံးဖို့က အရေးကြီးဆုံးပဲ၊ မိတ်ကပ်တွေ ရွေးရင်လည်း ကိုယ့်အသားအရေနဲ့ လိုက်တဲ့ မိတ်ကပ်ကို ရွေးချယ်သုံးသင့်တယ်၊ မိတ်ကပ်အရမ်းလိမ်းတဲ့ သူတွေအနေနဲ့ကတော့ Spa ပုံမှန်သွားသင့်တယ်။ အရွယ်‌ရောက် အမျိုးသမီးတွေဆိုလည်း Collagen တွေ သောက်တာမျိုး လုပ်ပေးသင့်တယ်။ ရေများများသောက်တာမျိုး နဲ့ လေ့ကျင့်ခန်းပုံမှန် လုပ်တဲ့ အမျိုးသမီးတွေဆိုရင်လည်း အသားအရေက စိုပြေပြီး Glow ပြီးသားပဲပေါ့" 

ရေများများသောက်ပါ

ဒီစကားကို အမြဲပြောလေ့ရှိပါတယ်။ ငွေကုန်ကြေးကျ အသက်သာဆုံး နဲ့ အထိရောက်ဆုံး အသားအရေကို ကြည်လင်စေတဲ့ နည်းလမ်းဟာ ရေသောက်တာပါပဲ။ ရေကို သတိရတိုင်း သောက်ပေးဖို့ လိုအပ်ပါတယ်၊ မနက်မိုးလင်း အိပ်ယာနိုးလာပြီဆိုတာနဲ့ ရေတစ်ဖန်ခွက်လောက် စသောက်ပေးသင့်ပါတယ်။ ရေကို တစ်နေ့ကို ၂ လီတာလောက် အနည်းဆုံး သောက်ပေးမှသာ ကြည်လင်တဲ့ အသားအရေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

စားသောက်နေထိုင်မှုပုံစံ

ဒီဘက်ခေတ် အမျိုးသမီး တော်တော်များများဟာ အပြင်စာနဲ့ နိစ္စဒူဝ ဖြတ်သန်းနေကြရတာဖြစ်ပါတယ်။ အလုပ်ဇောကပ်နေတဲ့ နေ့တွေမှာဆိုရင် ဖြစ်သလို အဆင်ပြေတာလေးနဲ့ မနက်စာ ၊ နေ့လည်စာ၊ ညစာကို ပြီးလိုက်ကြတာများပါတယ်။ အသားအရေကို ကြည်လင်ဝင်းပချင်တဲ့ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ရဲ့ စားသောက်မှုပုံစံကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ နေ့စဥ်စားသောက်မှုပုံစံမှာ အသား ၂၀ ရာခိုင်နှုန်း ၊ အရွက် ၃၀ ရာခိုင်နှုန်း နဲ့ အသီးအနှံနဲ့ နို့ထွက်ပစ္စည်း ၂၀ ရာခိုင်နှုန်း ကို အချိုးကျပါဝင်အောင် စားသုံးဖို့ လိုပါတယ်။ ဒီလို အချိုးကျ စားသုံးမှသာ ကိုယ့်အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရရှိနိင်မှာ ဖြစ်ပါတယ်။

အသားအရေဂရုစိုက်ပါ

ကိုယ့် အသားအရေကို ဂရုတစိုက် ပြုလုပ်ဖို့ ၊ Skin Care တွေ အသုံးပြုဖို့ လိုအပ်ပါတယ်။ အသားအရေ ကြည်လင်ဝင်းပစေအောင် အလှကုန်ပစ္စည်းတွေ ၊ Skin Care တွေ အသုံးပြုလို့ရပေမယ့်လည်း စျေးကြီးလွန်းတဲ့ skin Care ပစ္စည်းတွေကို မတတ်နိုင်တဲ့အမျိုးသမီးလေးတွေ အတွက်ဆိုရင်တော့ သဘာဝနည်းလမ်းလေးတွေနဲ့ ပြုလုပ်ပြီး ကိုယ့်အသားအရေကို ကြည်လင်ဝင်းပလာအောင် လုပ်လို့ ရနိုင်ပါတယ်။

Aesthetic Practitioner ဒေါက်တာရန်နိုင်က ကိုရီးယားအသားအရေမျိုးပိုင်ဆိုင်ဖို့အတွက် ဘယ်လို ကိုယ့်အသားအရေကို ဂရုစိုက်ရမလဲဆိုတာကို Duwun ကို ခုလို ပြောပြပါတယ်။

"ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ အသားအရေက Dry Skin လား၊  Oily Skin လား ဒါမှမဟုတ် Combined အမျိုးအစားလား ဘယ်အမျိုးအစားအုပ်စုထဲပါလဲဆိုတာ အရင် သိဖို့လိုပါတယ်။ အမြုပ်များများထွက်တဲ့ မျက်နှာသစ်ဆပ်ပြာတွေဟာ Sensitive ဖြစ်တတ်တဲ့ အသားအရည်အတွက်မသင့်တော်ပါဘူး။ Cleansing Gel Cleansing Milk စသဖြင့်လည်း သင့်တော်ရာ ရွေးချယ်သုံးစွဲပေးသင့်ပါတယ်။ Alcoholic နဲ့ Non Alcoholic Toners ဆိုပီး အဓိက ခွဲခြားထားပီး Alcohol ပါဝင်တဲ့ Toner တွေဟာ Sensitive ဖြစ်တဲ့ အသားအရည်အတွက် လုံးဝမသင့်တော်ပါဘူး။ ကိုယ်နဲ့ သင့်တော်ရာ Vit C Serum / Antioxidant Serum တမျိုးမျိုး သုံးပေးသင့်ပါတယ်၊ Moisturizer ဆိုတဲ့ ဒီအဆင့်တွေအတိုင်း ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ Products တွေကို ရွေးချယ်ပြီး သုံးပေးရပါမယ်။

လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကတော့



နွားနို့စိမ်းကို အပေါ်ယံရေကြည်ကို ခံပြီး မျက်နှာမှာ နေ့စဥ် ပွတ်လိမ်းပေးရပါမယ်။ ဒီနည်းလမ်းဟာ အသားအရေကို ကြည်လင်စေရုံသာမက ကျန်းမာတဲ့ အသားအရေကို ရရှိစေနိုင်ပါတယ်။

နောက်တစ်နည်းကတော့ သကြား ၊ သံလွင်ဆီ နဲ့ ပျားရည်တို့ကို အနည်းငယ်စီ သမအောင် ရောမွှေပြီးတော့ ညမအိပ်ခင် ပွတ်လိမ်းပေးရမှာပါ။ ၁၀မိနစ် ဒါမှမဟုတ် ၁၅ မိနစ်လောက် ကြာရင်တော့ ရေအေးအေးလေးနဲ့ ဆေးချလိုက်လို့ရပါပြီ။ ဒီနည်းလမ်းတွေကတော့ အသားအရေလေးတွေ ကြည်လင်ဝင်းဖန့်စေတဲ့ သဘာဝနည်းလမ်းတွေပဲ ဖြစ်ပါတယ်။

အသားအရေထိန်းသိမ်းပုံ အဆင့်ဆင့်နဲ့အတူ ကိုယ့်ရဲ့ အသားအရေကို အာဟာရဖြည့်တင်းဖို့ လိုကြောင်း Aesthetic Practitioner ဒေါက်တာရန်နိုင်က Duwun ကို ဆက်ပြောပြပါတယ်။

"အရေးကြီးတာက နေရောင်ကာ Cream သုံးပေးဖို့ပါ။ လူတော်တော်များများမသုံးဖြစ်တဲ့ Skin Care လို့ပြောလို့ရပါတယ်။ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိတဲ့တိုင်အောင် ကျနော်တို့ရဲ့ ပတ်ဝန်းကျင်မှာမမြင်ရတဲ့ ခရမ်းလွန်ရောင်ခြည်တွေရှိတဲ့အတွက် မိမိအသားအရေနဲ့ ကိုက်ညီတဲ့ SPF ကို နေ့ဘက်ဆို သေချာလိမ်းပေးဖို့လိုပါမယ်။ ညအိပ်ခါနီး သေချာသန့်စင်ပြီး Night Cream နဲ့ Sleeping Mask လိမ်းပေးတာက ရေဓါတ်ပြည့်ဝပီး ကြည်လင်တဲ့ မျက်နှာအသားအရေဖြစ်ဖို့ အများကြီးကူညီပေးပါတယ်။ Eye Cream နဲ့ နှုတ်ခမ်းအတွက် Sleeping Mask တို့လည်း သုံးပေးသင့်ပါတယ်။ ခရီးတွေခဏခဏသွားနေရတဲ့ သူတွေအနေနဲ့ လမ်းခရီးမှာ Sheet Mask တွေ အသုံးပြုပေးပြီး မျက်နှာ အသားအရေအတွက် လိုအပ်တဲ့ အစိုဓါတ်ကို ထိန်းသိမ်းပေးရာရောက်ပါတယ်။"

ကိုယ့်ရဲ့ အသားအရေကြည်လင်ဖို့ဆိုတာ ကျန်းမာရေးကောင်းမွန်ဖို့လည်း အထူးလိုအပ်ပါတယ်။ ဒီတော့ ကိုယ်တွင်းကျန်းမာရေးကိုရော အသားအရေကျန်းမာရေးကိုပါ ဂရုစိုက်မယ်ဆိုရင်တော့ အသားအရေတွေပါ ကြည်လင်ဝင်းဖန့်လာမှာ အသေအချာပါပဲ။

 


က္က