အဝတ်အစားနဲ့ပတ်သက်ပြီး မဒီတို့ဆီမှာ မဖြစ်မနေရှိထားသင့်တဲ့အရာတွေထဲ ဂျင်းဘောင်းဘီတစ်ထည်လည်း ပါဝင်ပါတယ်။

အဝတ်အစားနဲ့ပတ်သက်ပြီး မဒီတို့ဆီမှာ မဖြစ်မနေရှိထားသင့်တဲ့အရာတွေထဲ ဂျင်းဘောင်းဘီတစ်ထည်လည်း ပါဝင်ပါတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ ဂျင်းဘောင်းဘီတစ်ထည်သာ ပိုင်ဆိုင်ထားမယ်၊ ကိုယ့်ရဲ့ဝိတ်ကလည်း အလွယ်တကူ အတက်အကျမမြန်ဘူးဆိုရင် သူ့ကို အသက်တွေကြီးတဲ့အထိ ဆင်မြန်းနိုင်တယ်ဆိုတဲ့ စကားလေး ကြားဖူးမှာပါ။

ဂျင်းဆိုတာ အပေအတေခံတယ်၊ တစ်ခါဝတ်ပြီးတိုင်းလည်း တစ်ခေါက်ပြန် လျှော်စရာမလိုအပ်သလို ခုခေတ်စားနေတာ၊ ဟိုးအရင်ကခေတ်စားနေတယ်ဆိုတာမျိုးလည်း မရှိတာမို့ ဂျင်းဘောင်းဘီတစ်ထည်ရဲ့ တန်ဖိုးဟာ ထင်တာထက်ကို ပိုမြင့်ပါတယ်။ အဲ့ဒီမှာမှ ကိုယ့်ဘော်ဒီနဲ့ လိုက်ဖက်ပြီး ကိုယ်တိုင်လည်း သိပ်ကြိုက်တဲ့ဂျင်းဘောင်းဘီမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ မဒီတို့အတွက် အတိုင်းထက်အလွန်ပါပဲ။ ဒါပေမယ့် အဲ့ဒီလို ကိုယ့်ဘော်ဒီအချိုးအစားနဲ့ လိုက်ဖက်ပြီး ဘယ်သွားသွား ကောက်စွပ်သွားချင်လောက်အောင် အဆင်ပြေတဲ့ ဂျင်းဘောင်းဘီတစ်ထည်ရဖို့ ဂျင်းဘောင်းဘီဝယ်တဲ့အခါ မဒီတို့အနေနဲ့ သိကိုသိထားမှရတဲ့ အချက်လေးတွေရှိနေပါတယ်။ ဘာတွေလဲဆိုတာ အောက်မှာ ဖတ်ကြည့်လိုက်ရအောင်။



ခန္ဓာကိုယ်အချိုးအစားတော်တော်များများနဲ့ အဆင်ပြေတဲ့ ဂျင်းဘောင်းဘီအမျိုးအစားက ဘာလဲ

မဒီတွေရဲ့ ခန္ဓာကိုယ်အချိုးအစားတော်တော်များများနဲ့ အဆင်အပြေဆုံး ဂျင်းဘောင်းဘီအမျိုးအစားကတော့ Boot-Cut ဂျင်းတွေပါ။ သူကတင်ပါးနေရာက မဆိုသလောက်လေး fit ဖြစ်ပြီး ဒူးနေရာကအကျပ် အောက်နားကျ ပြန်ကျယ်သွားတဲ့သဘောမို့ ခြုံငုံပြီးပြောရရင် ဒီဘောင်းဘီက ပိန်တဲ့မဒီတွေရော၊ ဝတဲ့မဒီတွေအတွက်ပါ အဆင်ပြေစေပါတယ်။ Skinny jeans တွေက လူကြိုက်များပြီး ရွေးချယ်တဲ့အခါ သိပ်ခေါင်းစားစရာ မလိုဘူးလို့ထင်ရပေမယ့် Boot-Cut jeans တွေလောက်တော့ ခန္ဓာကိုယ်တိုင်းနဲ့ မလိုက်ဖက်ပါဘူး။

 နောက်အိတ်ကပ်ပါတဲ့ ဘောင်းဘီတွေကို သေချာရွေးဖို့လို

မဒီတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ တင်ပါးကနည်းနည်းလေး ပိုကြီးတယ်လို့ ခံစားရရင်၊ တင်ပါးကားတယ်လို့ ထင်တယ်ဆိုရင် တင်ပါးကို ပိုအသားပေး ထင်ရှားစေမယ့် နောက်အိပ်ကပ်ပါတဲ့ ဂျင်းဘောင်းဘီမျိုးတွေ မဝယ်မိစေဖို့သတိထားရမှာပါ။ နောက်တစ်ခု ဘောင်းဘီအိတ်ကပ်မှာ ပန်းထိုးတာတွေ၊ စီးကွင့်နဲ့အလှဆင်ထားတာတွေ ဒါ့အပြင် rivet တွေဘာတွေ ရိုက်ထားတာမျိုးတွေ ဆို ရှောင်ဝတ်ရပါမယ်။ မဟုတ်ရင် အပေါ် အောက် မမျှပဲ အောက်ပိုင်းပိုကြီးသယောင် ဖြစ်သွားစေလို့ပါ။ ကိုယ့်တင်ပါးကပြားတယ် ဆိုရင်တော့ အပေါ်ကပြောတဲ့ အိပ်ကပ်မှာ ဒီဇိုင်းထွင်ထားတဲ့ ဘောင်းဘီမျိုးတွေနဲ့ အဆင်ပြေပါတယ်။

အရောင်ပြေး အနုအရင့်ဂျင်းတွေ ဝယ်မယ်ဆို သတိထား

ဂျင်းဘောင်းဘီဆိုရင် အရောင်ရင့်၊ အရောင်နုအကြိုက်တွေ ကွဲပြားတတ်ကြပေမယ့် တချို့ကျတော့လည်း နှစ်ရောင်စပ်လေးတွေ သဘောကျတတ်ကြပါတယ်။ တစ်ခါတလေ ဒူးနေရာကဖျော့ပြီး ပေါင်နေရာက အရောင်ရင့်တာ၊ တင်ပါးနေရာကဖျော့ပြီး ခြေသလုံးနေရာကရင့်တာစသဖြင့်လည်း ဈေးကွက်ထဲ ဒီဇိုင်းအမျိုးမျိုး ရှိနေတာမို့ လှမယ်ထင်တာလေး ဝယ်ပြီးမှ ကိုယ်နဲ့ကြည့်ရဆိုးနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မဒီတို့ အနေနဲ့သိထားရမှာက ဒူးနေရာမှာ ပိုကာလာဖျော့သွားတဲ့ ဂျင်းကိုဝတ်ထားရင် အဲ့ဒီလူက အရပ်ပိုရှည် သယောင်ဖြစ်တတ်ပေမယ့် ကာလာဖျော့တာ၊ ဖြူတာက ဘောင်းဘီရဲ့ တင်ပါးနေရာ ဘာညာမှာဆိုရင်တော့ ကြည့်မကောင်းလှပါဘူး။ အရောင်ပြေး အရောင်စပ်တွေ ဝယ်တော့မယ်ဆို အရင်ဆုံးဘောင်းဘီကို တခြားလူနဲ့ ကပ်ကြည့်ပြီး သုံးသပ်ကြည့်ပါ။ ကိုယ်တိုင်ဝတ်ပြီးတော့လည်း သေချာရွေးဖို့လိုပါတယ်။

ခါးအလှပေါ်လွင်ဖို့ ခုခေတ်စားနေတဲ့ ဂျင်းတွေက ကူညီနိုင်သလား

Mid-Rise လိုခေါ်တဲ့ ခါးအပေါ်မဆိုသလောက်လေး ရောက်တဲ့ ဂျင်းတွေက ခုနောက်ပိုင်းတော်တော်ခေတ်စား လာပါတယ်။ သူကခါးအလှကို ပေါ်လွင်စေပါတယ်။ ဒီလိုပြောလို့ Low-Rise လို့ခေါ်တဲ့ ချက်လျှော ဘောင်းဘီကရောလို့ မေးစရာရှိပါတယ်။ အဲ့ဒီလိုချက်လျှောဘောင်းဘီမျိုးကျတော့ ခါးသေးရင်ချီ မဒီတွေအတွက် ပြသနာမရှိပေမယ့် ကိုယ်က ဗိုက်နည်းနည်းပူတယ်၊ ဗိုက်မှာအဆီရှိမယ်ဆိုရင် ကြည့်ရဆိုးပါလိမ့်မယ်။

Destroy နဲ့ Ripped jeans တွေရွေးမယ်ဆိုရင် ဘာတွေသိထားရမလဲ

ကိုယ်က ဂျင်းဆိုရင် Distressed လုပ်ထားတဲ့အပြဲတွေ ဝတ်ရတာ ကြိုက်တယ်ဆိုရင် ဒူးနေရာ၊ ခြေသလုံးဝန်းကျင် နေရာတွေမှာ distressed လုပ်ထားတာလောက်က အဆင်ပြေနိုင်ပါတယ်။ တစ်ခုသတိထားရမှာက ဒူးနေရာဆို ထိုင်တဲ့ထတဲ့အခါ အပြဲတအားများရင် တစ်မျိုးကြီးဖြစ်နေနိုင်ပါတယ်။ နောက်တစ်ချက်က ဘောင်းဘီတစ်ခုလုံး ဖြဲထားတာမျိုးကျတော့လည်း ထသွားထလာအတွက်ရော၊ ကိုယ်ကရုံးဘာညာတစ်ခါတစ်လေ ဝတ်ချင်ရင်တောင် သိပ်အဆင်မပြေနိုင်တာ သိထားဖို့လိုပါတယ်။ ဒါ့ကြောင့် ဖြဲရာ အနည်းဆုံးကိုသာ ရွေးပါ။ Ripped jeans တွေတော်တော်များများက ဝယ်ခါစထက် နောက်ပိုင်းဖြဲထာတတဲ့နေရာက ပိုကျယ်လာ ပြဲလာ တတ်တာလည်း ရှိတာကြောင့်ပါ။

Cropped Jeans တွေက လူတိုင်းနဲ့ အဆင်ပြေပါ့မလား

ခြေကျင်းဝတ်အပေါ်နားထိသာ အရှည်ရှိတဲ့ Cropped Jeans တွေ၊ အဲဒီထက်အပေါ်နည်းနည်းရောက်တဲ့ Cropped Jeans တွေက အရပ်ရှည်ပြီးသွယ်တဲ့သူတွေအတွက်သာ အဆင်ပြေတဲ့ ဘောင်းဘီမျိုးပါ။ ကိုယ့်အရပ်က ၅ပေ ၄ လက်မ အောက်ဆိုရင် Cropped Jeans တွေ အတတ်နိုင်ဆုံးရှောင်ဖို့ လိုပါတယ်။ အဲ့ဒီလို မဟုတ်ဘဲ အရပ်ပုပေမယ့် အဲ့ဒီလို ဟိုမရောက် ဒီမရောက်ဖြတ်ထားတဲ့ ဂျင်းတွေကိုမှ အရမ်းသဘောကျတယ်၊ ဝတ်ချင်တယ်ဆိုရင်တော့ ဖိနပ်ကို heel လိုအမြင့်တွေ မဖြစ်မနေ ဝတ်ပါ။ အကျီကိုလည်း အရမ်းပွတာကြီးတာမျိုးတွေ မရွေးဖို့ သတိထားပါ။

ပွင့်ရိုက်ဂျင်းဒီဇိုင်းတွေ သဘောကျတဲ့မဒီတွေ ဒီအချက်သိထားဖို့ိလို

ကိုယ်က ပိန်ပြီးသေးတဲ့သူဆိုရင် printed jeans တွေကို ရွေးတာထက် ကာလာဗြောင်တွေက အကောင်းဆုံးပါ။ ဒီလိုမဟုတ်ပဲ ပွင့်ရိုက်ဂျင်းတွေပဲ ရွေးချင်တယ်ဆိုရင်လည်း floral printed ကိုမှ သေးတာမှိန်တာ ဒါမှမဟုတ် အလုံးအစက်သေးတာလေးတွေ ရွေးစေချင်ပါတယ်။ အစင်းအကွက်ဆိုလည်း ကိုယ့်ဘော်ဒီနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းကိုရွေးပါ။ မဟုတ်ဘဲ ဂျင်းပေါ်က အပွင့်ကြီးကြီးတွေ ဒါမှမဟုတ် printed ဒီဇိုင်းကပြူးပြူးပြဲပြဲဆိုရင် လူကောင်သေးတဲ့အတွက် ဘယ်လိုမှ လိုက်ဖက်မှု မရှိနိုင်တာကြောင့်ပါ။

ဂျင်းဘောင်းဘီနဲ့တွဲဝတ်မယ့် ဖိနပ်ကရော ဘယ်လောက်အရေးပါသလဲ

ကိုယ်က skinny jeans ပဲဝတ်ဝတ်၊ boot-cut jeans ပဲ ရွေးရွေး boyfriend jeans တွေပဲ ဆင်မြန်းဆင်မြန်း အရေးကြီးတာက သူနဲ့တွဲဝတ်မယ့် ဖိနပ်ပါ။ ဒီလိုဘောင်းဘီမျိုးတွေ အတွက် စဉ်းစားနေစရာမလိုဘဲ လုံးဝလိုက်ဖက်တာကတော့ heeled bootie လို့ခေါ်တဲ့ ဒေါက်လေးနည်းနည်းပါတဲ့ boot ဖိနပ်တွေနဲ့ pump ဒေါက်မြင့်ဖိနပ်တွေပါပဲ။ ဖိနပ်အမြင့်နဲ့ ဂျင်းတွဲစီးရခြင်းရဲ့ အကျိုးကျေးဇူးကတော့ ပေါင်လုံး၊ တင်ပါး စတာတွေဟာ ကြည့်ရတာပိုအဆင်ပြေပြီး ဟန်ချက်ညီ သလို ဖြစ်စေတာပါပဲ။ ဆင်မြန်းထားသူတွေအတွက် ဒီလိုအတွဲအစပ်က အားစိုက်ထုတ်ရတာမျိုးရှိပေမယ့် ဘေးကကြည့်ရတဲ့သူအတွက်တော့ ဒီလိုတွဲဖက်မှုကတော့ လုံးဝပြီးပြည့်စုံသွားစေပါတယ်။

ကဲ ဒီလောက်ဆိုရင် ဂျင်းဘောင်းဘီဝယ်တော့မယ်ဆို ဘာတွေကိုသတိထားရွေးချယ်သင့်တယ်ဆိုတာ သိသွားလောက်ပါပြီ။ အွန်လိုင်းက ဘောင်းဘီဝယ်မယ်ဆိုရင် ခါးအတိုင်းကို ကိုယ့်ခါးဆိုက်ဒ်ရော၊ ကိုယ်ဝယ်မယ့် ဘောင်းဘီရဲ့ဆိုက်ဒ်ကိုပါ သေချာသိဖို့လိုပါတယ်။ တစ်ခါတစ်လေ Small၊ Medium နဲ့ Large ဆိုက်ဒ်ဆိုတာလောက်နဲ့ ဝယ်ဖို့အဆင်မပြေတာတွေရှိလို့ပါ။ နောက်ပြီး အသားကရော ဆွဲသားပါတာမျိုးလား၊ မပါဘူးလားဆိုတာ မေးကြည့်ဖို့ လိုပါသေးတယ်။ ဖြစ်နိုင်ရင်တော့ ဘောင်းဘီဝယ်မယ်ဆို ကိုယ်တိုင်သွားဝတ်ကြည့်ပြီးမှ ဝယ်တာ အကောင်းဆုံးမို့ စင်တာတွေဆီ ကိုယ်တိုင်သွားပြီး ဝယ်လိုက်ပါလို့ အကြံပေးချင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က