မိုးတွင်းဆိုရင် ခြေချောင်း၊ လက်ချောင်းတွေကြားတွင် မှိုပိုးဝင်တဲ့ သဲဝဲ ရေဝဲ ရောဂါဖြစ်ပါတယ်။

မိုးရေနဲ့ သဲတွေ၊ ညစ်ပတ်တဲ့ ရေအိုင်ထဲတွေ ဖြတ်ရတာကြောင့် ခြေထောက်တွေကို စနစ်တကျ သန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်

သဲတွေ၊ ညစ်ပတ်တဲ့ မြေပြင်နဲ့ရောသွားတဲ့ မိုးရေဟာ မဒီတို့ရဲ့ခြေထောက်လေးတွေ သန့်ရှင်းမှုကို ထိခိုက်စေသလို မှိုဝင်ပြီး အနာတွေ ဖြစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ မိုးတွင်းမှာ ခြေထောက်လေးတွေကို ဘာကြောင့် ဂရုစိုက်သင့်တယ်၊ ဘယ်လိုဂရုစိုက်ရမယ်ဆိုတာကို မျှဝေပေးချင်ပါတယ်။

မိုးရေကြောင့် ခြေလက်တွေမှာ ဖြစ်တတ်တဲ့ ပြဿနာများ

“မိုးတွင်းဆိုရင် ခြေချောင်း၊ လက်ချောင်းတွေကြားတွင် မှိုပိုးဝင်တဲ့ သဲဝဲ ရေဝဲ ရောဂါဖြစ်ပါတယ်။ ခြေချောင်း၊ လက်ချောင်းကြားမှာ နီရဲ၊ ပွန်းတာတွေ ၊ အရည်စိုထွက် တာတွေ ၊ အရေပြား ပက်ကြားအက်တာတွေ နဲ့ အရည်ကြည်ဖုတွေ ဖြစ်တတ်ပါတယ်။ မှိုပိုးသာမက၊ ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ပြီး   ပြည်တည်နာတွေ နဲ့ သားငံရည်တွေ ထွက်လာတတ်ပါတယ်။ မိုးရေစိုပါများရင် ဖြစ်လာတတ်တဲ့ သဲဝဲ၊ ရေဝဲ ကို မကုသဘူးဆိုရင် ခြေသည်း၊ လက်သည်း မှိုစွဲတတ်ပါတယ်”  အရေပြားအထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာ မြတ်စန္ဒာကျော်က မိုးတွင်းမှာ ဖြစ်တတ်တဲ့ ခြေထောက်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါတယ်။

“မိုးတွင်းမှာ ဒုက္ခရောက်တာက ဖိနပ်ထဲသဲအရမ်းဝင်တာပဲ။ ပြီးရင်မိုးတွင်းစီးဖိနပ်တွေကချော်တယ်။ အဲဒါကြောင့် ခနခနချော်လဲတယ်။ ronny က သဲနဲ့ allergy ဖြစ်တော့ ခြေခုံမှာဆို အမာရွတ်တွေပိုဖြစ်တယ် မိုးတွင်းဆိုပိုဖြစ်တာပေါ့’ လို့ Language Instructor အဖြစ်လုပ်ကိုင်နေတဲ့ ronny ဆိုတဲ့မိန်းကလေးက ပြောပါတယ်။

ခြေထောက်လေးတွေကို ဘယ်လိုဂရုစိုက်မလဲ

မိုးရေထိထားတဲ့ ခြေထောက်တွေကို သေချာဆေးကြောပြီး ခြောက်သွေ့အောင် လုပ်ဖို့ လိုပါတယ်။

 ခြေထောက်လေးတွေကို သန့်ရှင်းရာမှာတော့ သူ့နေရာနဲ့သူ မတူညီတဲ့ ပုံစံတွေနဲ့ သန့်ရှင်းရေးလုပ်ရမယ်ဆိုတာကို နားလည်ထားရမှာပါ။ ခြေဖနောင့်လို နေရာမျိုးကတော့ ချေးတွန်းကျောက်နဲ့ သေချာ SCRUB လုပ်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ အစိုဓာတ်ပါတဲ့ ခရင်မ်လေးကို ခြေဖနောင့်မှာ လိမ်းပေးနိုင်ပါတယ်။ ခြေချောင်းလေးတွေကိုတော့ အစိုဓာတ်ခရင်မ်အစား ပေါင်ဒါအနုစားလေး သုံးစေချင်ပါတယ်။ ခြေချောင်းကြားလေးတွေကို အစိုဓာတ်ခရင်မ်လိမ်းခြင်းဟာ ဘတ်တီးရီးယားတွေကို ပေါက်ဖွားစေဖို့ လမ်းကြောင်းပေးလိုက်သလို ဖြစ်နေပါလိမ့်မယ်။

မော်ဒယ်သရုပ်ဆောင် မြနှင်းရည်လွင်က ခြေချောင်းလေးတွေနဲ့ ပတ်သက်ပြီး သူ ထိန်းသိမ်းဖြစ်တာတွေကို မဒီကနေတစ်ဆင့် ဝေမျှထားပါတယ်။

“အခုလောလောဆယ် Facebook မှာရောင်းတဲ့  Self Love ဆိုတဲ့ coffee scrub နဲ့ ခြေထောက်တွေကို တိုက်တယ်။ ဖြူလည်း ဖြူလာတယ်၊ သန့်လည်း သန့်ရှင်းတယ်။ ခြေသည်းလက်သည်းသန့်ရှင်းရေးကတော့ အစ်မက ခြေသည်းအတို အမြဲထားတယ်။ ဆိုင်မှာသန့်ရှင်းရေးညှပ်တာဆိုးတာ မလုပ်ဖြစ်ရင်တောင် အိမ်မှာအခုလို scrub နဲ့တိုက်တော့ အဆင်ပြေတယ်။ ခြေဆီတွေဘာတွေမထွက်ဘူး။ ပြီးတော့ lotion လိမ်းတယ် အသားခြောက်တတ်လို့ bio oil လိုမျိုးလည်း ထပ်လိမ်းတယ်ဒါမှမဟုတ်လဲ body butter လိုမျိုးဟာမျိုးလိမ်းတယ်" တဲ့။

မြနှင်းရည်လွင် ပြောသလိုပဲ ဒီရာသီကတော့ ခြေသည်းရှည်ထားဖို့ရာ မသင့်ပါဘူး။ ခြေသည်းတွေကို အရှည်ထားမယ်ဆိုရင် အလုပ်ကိစ္စနဲ့ မိုးရေထဲ သွားလာနေရမယ့် မဒီတို့အတွက် ညစ်ပတ်ပေရေနိုင်သလို ခြေသည်းကျိုးတာ ၊ ပိုးမွှားဝင်တာ ၊ ချေး (ဂျီး) တွေ အောင်းတာတွေဖြစ်နိုင်ပါတယ်။ တကယ်တော့ ခြေသည်းတိတိလေးတွေကလည်း ချစ်စရာကောင်းပါတယ်။

မိုးတွင်းမှာစီးမယ့် ဖိနပ်ကိုလည်း သေချာရွေးချယ်ပါ

ရာသီနဲ့ ကိုက်ညီတဲ့ ဖိနပ်ကို ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ အရမ်းတင်းကြပ်လွန်းတဲ့ ဖိနပ်တွေ ဖိနပ်အမြင့်တွေဟာ ဒီရာသီနဲ့ မကိုက်ညီပါဘူး။ ရေစိုခံတဲ့ ဖိနပ်တွေ ၊ မိုးတွင်းစီးဖိနပ်လေးတွေကိုသာ ရွေးချယ်သင့်ပါတယ်။ ဒါဆိုရင်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ ( ခြေထောက်နံတာ ၊ ချော်လဲတာ ) စတာတွေ မဖြစ်နိုင်တော့ပါဘူး။

ဖိနပ်ကိုလည်း ရေစိုတဲ့ ဖိနပ်တွေ မစီးပါနဲ့။ ရေစိုနေရင်တောင် သတိထားပြီး ခြောက်အောင် ပြုလုပ်ပေးပါ။ ရေစိုဖိနပ်တွေက ဘတ်တီးရီးယားခိုအောင်းဖို့ လွယ်ကူတဲ့အတွက် ခြေထောက်တွေမှာ အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ တတ်နိုင်မယ်ဆိုရင် ကိုယ်အလုပ်လုပ်ရာ ရုံးခန်းနေရာမှာ ဖိနပ်တစ်ရံ သီးသန့်ထားရင် ပိုအဆင်ပြေပါတယ်။

ကဲ..ဘယ်လောက်မှ ခက်ခဲတဲ့အရာတွေ မဟုတ်ပါဘူးနော်။ ဒါပေမယ့် စနစ်တကျလိုက်နာလုပ်ဆောင်မယ်ဆိုရင် ကျန်းမာလှပတဲ့ ခြေချောင်းလေးတွေရဲ့ ပိုင်ရှင် ဖြစ်သွားမှာပါ။

Share

Loading Next Article...
က္က