အသားအရေထိန်းသိမ်းတယ်ဆိုတာမျိုးက ကိုယ့်စိတ်ကြိုက် လုပ်ချင်တိုင်းလုပ်လို့ရတာမျိုး မဟုတ်ပါဘူး။

အသားအရေအမျိုးအစားအလိုက် ထိန်းသိမ်းမှ ပိုမို ထိရောက်မှာပါ။ အသားအရေအမျိုးအစားအလိုက် ရာသီဥတုအလိုက် သေချာ အသားအရေထိန်းသိမ်းနိုင်မှသာ အာနိသင်လည်း ပိုမို ထိရောက်ပြီး ကိုယ်လိုချင်တဲ့ လှပချောမွေ့တဲ့ အသားအရေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီတော့ မိုးရာသီမှာ ကိုယ့်ရဲ့ အသားအရေအလိုက် ဘယ်လို ထိန်းသိမ်းသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ပုံမှန်အသားအရေပိုင်ရှင်တွေအနေနဲ့ သိပ်ပြီးခေါင်းစားနေစရာမလိုအပ်ပေမယ့် ကျန်တဲ့ အသားအရေပိုင်ရှင်တွေကတော့ မိုးတွင်းမှာ အသားအရေအမျိုးအစားအလိုက် မတူကွဲပြားတဲ့ အသားအရေထိန်းသိမ်းနည်းတွေရှိပါတယ်။

ခြောက်သွေ့အသားအရေ

ခြောက်သွေ့နေတဲ့ အသားအရေကတောာ့ အသားအရေထိန်းသိမ်းမှုကို ပိုလိုအပ်နေတဲ့ အသားအရေမျိုးပါ။ ရေဓာတ်ဆုံးရှုံမှုများပြီး ခြောက်သွေ့ကွဲအက်နေတဲ့ အသားအရေမျိုးပါ။ ဒီလို အသားအရည်မျိုးကို မိုးရာသီမှာ ဘယ်လို ထိန်းသိမ်းသင့်လဲဆိုတာ အရေးကြီးပါတယ်။

ခြောက်သွေ့အသားအရေပိုင်ရှင်တွေက ကိုယ့်ရဲ့ အသားအရေမှာ ရေဓာတ်ရရှိအောင်လို့ ရေကို လုံလုံလောက်လောက် သောက်ပေးရပါမယ်။ ရေသောက်ခြင်းဟာ ကိုယ်ခန္ဓာအတွင်းက အဆိပ်အတောက်တွေကိုလည်း ပြေစေနိုင်ပါတယ်။ ခြောက်သွေ့အသားအရေတွေအတွက် အသားအရေ သန့်ရှင်းနေစေဖို့နဲ့ အစိုဓာတ်ရရှိနေစေဖို့ အရေးကြီးပါတယ်။ Alcohol အခြေခံတဲ့ တိုနာကို လုံးဝမသုံးမိပါစေနဲ့။

ခြောက်သွေ့အသားအရေပိုင်ရှင်တွေအနေနဲ့ တစ်ပတ်တစ်ခါ အိမ်မှာ ပေါင်းတင်လို့ရတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ ထောပတ်နဲ့ ပျားရည်ကို ရောသမမွှေပြီး မျက်နှာကို ၁၀ မိနှစ်လောက် တင်ထားပါ။ ပြီးမှ မျက်နှာကို ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ဒါဆိုရင်တော့ ခြောက်သွေ့အသားအရေပိုင်ရှင်တွေအတွက် နူးညံ့ချောမွေ့စိုပြေတဲ့ မျက်နှာကို ရရှိပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။

အဆီပြန်အသားအရေ

အဆီပြန်အသားအရေပိုင်ရှင်တွေအနေနဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တဲ့ အဆီပြန်မှုမျိုးကိုတော့ ပြောင်းလဲပစ်လို့မရနိုင်ပါဘူး။ ကိုယ့်ရဲ့ အသားအရေက အစကတည်းက အဆီပြန်အသားအရေအမျိုးအစား ဆိုရင်တော့ မိုးတွင်းမှာ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ပြောပြပေးပါမယ်။ အဆီပြန်အသားအရေပိုင်ရှင်တွေအနေနဲ့ တစ်နေ့ကို ၂ကြိမ် သို့ ၃ကြိမ်လောက်တော့ မျက်နှာသစ်ပေးသင့်ပါတယ်။ ဝက်ခြံနဲ့ အဆီတွေကို ဖယ်ရှားပေးဖို့အတွက် သဘာဝပစ္စည်းတွေပါဝင်တဲ့ Facial Scrub တွေကို အသုံးပြုလို့ရပါတယ်။

အဆီပြန်အသားအရေအတွက်ကတော့ ပဲမှုန့်ရယ် ၊ နို့ရယ် ၊ ပျားရည်ရယ် နဲ့ သံပုရာတို့ကို အချိုးကျ ပေါင်းစပ်ပြီး မျက်နှာပေါ်တင်ပေးရုံပါပဲ။ ၅မိနစ်နေရင် ရေဆေးချလိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ အဆီမပြန်ဘဲ Glow နေတဲ့ ပြောင်တင်းတင်းချစ်စဖွယ်မျက်နှာလေးကို ရရှိပိုင်ဆိုင်စေမှာပါ။

အဆီပြန်သူတွေအတွက် အကောင်းဆုံးကတော့ ရေနွေးပါ။ ရေအေးထက် ရေနွေးက မျက်နှာပြင်ပေါ်က အဆီတွေကို အလွယ်တကူ ဖယ်ရှားပေးနိုင်ပါတယ်။

အစိုဓာတ်ကို လိုချင်တယ်ဆိုရင်တော့ အလှဆီတစ်မျိုးမျိုးနဲ့ နှင်းဆီပန်းရည်ကို အသုံးပြုနိုင်ပါတယ်။ ၁၀မိနှစ်ကြာရင်တော့ ရေအေးနဲ့ဆေးချလိုက်ပါ။ ဒါကတော့ အသားအရေကို တောက်ပစေပြီး အဆီတွေ ဖယ်ရှားပေးမယ့် နောက်တစ်နည်းဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ သင်္ဘောသီး နဲ့ ကွေကာအုပ် (oatmeal) ကို အချိုးကျရောစပ်ပြီး Scrub ပြုလုပ်တဲ့နည်းပါ။ ၁၀မိနစ်ပြည့်ရင်တော့ ရေအေးနဲ့ဆေးချလိုက်လို့ရပါပြီ။ ဒါတွေကတော့ မိုးတွင်းမှာ အဆီပြန်အသားအရေတွေအတွက် အသားအရေထိန်းသိမ်းရမယ့် နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေကို ကိုယ်ကြိုက်နှစ်သက်ရာတစ်ခုခုကို တစ်ပတ်တစ်ကြိမ်လောက် ပြုလုပ်ပေးနိုင်ပါတယ်။

 ပေါင်းစပ်အသားအရေ

 ပေါင်းစပ်အသားအရေတွေကတော့ ပိုပြီးတော့ ထိန်းသိမ်းဖို့လိုပါတယ်။ အမြဲသန့်စင်ပြီး အစိုဓာတ်ဖြည့်ပေးနေဖို့ လိုအပ်သလို အဆီပြန်နေတဲ့ ဧရိယာတွေအတွက် Scrub လုပ်ပေးဖို့လည်း လိုအပ်တဲ့ အသားအရေအမျိုးအစားဖြစ်ပါတယ်။ နေ့စဉ် ရေဓာတ် လုံလောက်အောင်ဖြည့်ပေးဖို့လည်း လိုအပ်ပါတယ်။

ဒီအသားအရေပိုင်ရှင်တွေက မိုးတွင်းပိုင်းမှာ ဘယ်လိုအသားအရေထိန်းသိမ်းရမလဲဆိုတော့ ဆပ်ပြာအနုစားနဲ့သာ နေ့စဉ်မျက်နှာသစ်ဖို့ လိုပါတယ်။ ရေဓာတ်ကိုလည်း အမြဲဖြည့်ပေးဖို့လိုအပ်ပါတယ်။ ဒီအသားအရေပိုင်ရှင်က မိုးတွင်းမှာလည်း ရေဓာတ်ကို လိုအပ်တတ်ကြပါတယ်။ တိုနာရွေးချယ်တဲ့နေရမှာလည်း အသားအရေရဲ့ PH Level ကို ထိန်းညှိပေးမယ့် တိုနာမျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ မိုးတွင်းဆိုပေမယ့်လည်း အစိုဓာတ်ကို လိုအပ်တာကြောင့် နေ့စဉ် Moisturizer ကို လိမ်းပေးရမှာပါ။

မိုးတွင်း အေးအေးမြမြ ရာသီလေးမို့ အသားအရေကို အထူးတလည်ထိန်းသိမ်းနေစရာမလိုဘူးလို့ ထင်တတ်ကြပါတယ်။ မိုးတွင်းမှာ ပိုပြီးတော့တောင် အသားအရေကို ထိန်းသိမ်းကြရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ အသားအရေအလိုက် ကိုက်ညီတဲ့ အသားအရေထိန်းသိမ်းမှုတွေနဲ့အတူ လူတကာငေးကြည့်ရတဲ့ အလှတရားကို ပိုင်ဆိုင်နိုင်ကြပါစေ။    

Share

Loading Next Article...
က္က