Thin Nu Swe

ခေါင်းကို ဘယ်လို စနစ်တကျလျှော်ရမလဲဆိုတာကို လူတိုင်း သိချင်ကြပါတယ်။ ဆံနွယ်တွေ ကြည့်ကောင်းနေစေဖို့ ၊ တကယ်ကျန်းမာရေးကောင်းတဲ့ ဆံကေသာတွေ ဖြစ်စေဖို့အတွက် မဒီတိုင်းလိုလားကြပါတယ်။ အိမ်မှာ လျှော်တာထက် ဆိုင်မှာ လျှော်တာက ပိုပြီး ဆံကေသာတွေ လှပသလိုခံစားကြရပါတယ်။ ဒီတော့ လှပတောက်ပြောင်ပြီး ကျန်းမာတဲ့ ပိုးသားဆံကေသာတွေ ရဖို့ ခေါင်းဘယ်လိုလျှော်ကြမလဲဆိုတာ ပြောပြချင်ပါတယ်။

နေ့စဉ်ခေါင်းလျှော်တာကို ရှောင်ပါ

တချို့ မဒီလေးတွေက ခေါင်းကို နေ့စဉ်လိုလို လျှော်တတ်ကြပါတယ်။ ဒါက လွဲမှားတဲ့ အယူအဆပါ။ ဆံပင်ကို နေ့စဉ် လျှော်တာမျိုး မပြုလုပ်သင့်ပါဘူး။ ခေါင်းကို မကြာခဏ ခေါင်းလျှော်တာဟာ ဦးရေပြားကို အဆီတွေ ပိုထွက်လာစေပါတယ်။ ခေါင်းကို စနစ်တကျလျှော်ရမယ့်အထဲမှာ ခေါင်းကို မကြာခဏလျှော်တတ်တဲ့ အကျင့်ဖျောက်ဖို့လည်း ပါဝင်ပါတယ်။ တစ်ပတ်ကို သုံးကြိမ် ခေါင်းလျှော်တာက သင့်တော်တဲ့ ပမာဏပါပဲ

 ခေါင်းမလျှော်ခင် ဆီနဲ့ပေါင်းပါ

 ဆံသားတွေကို ချောမွတ်တောက်ပြောင်နေစေအောင် ခေါင်းမလျှော်ခင် ပြုလုပ်ရမယ့် အရာတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ဦးခေါင်းကို လိမ်းတဲ့ဆီတစ်မျိုးမျိုး( အုန်းဆီ ၊ သံလွင်ဆီ ၊ Serum ) ကို ဦးရေပြားပေါ်မှာ လိမ်းပြီး နှိပ်နယ်ပေးပါ။ ၁၅မိနစ်လောက် ထားပြီးတော့မှ ခေါင်းလျှော်ပါ။

ကိုယ့်ဆံပင်နဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်ကိုသာ သုံးပါ

ခေါင်းလျှော်ရည်ကို သုံးတဲ့အခါမှာလည်း ကိုယ့်ရဲ့ ဆံကေသာနဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်ကိုသာ ရွေးချယ်သင့်ပါတယ်။ ကိုယ့်ရဲ့ ဆံပင်က အဆီများတဲ့ ဆံသားလား ၊ ခြောက်သွေ့ဆံသားလား ၊ ဗောက်ထတဲ့ ဆံသားလား စတာတွေကို ခွဲခြားပြီး ကိုယ့်ရဲ့ ဆံသားနဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်သုံးပါ။

 ခေါင်းလျှော်ရည် အများကြီး သုံးတာက မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး

ခေါင်းရှင်းသွားအောင်၊ ခေါင်းလျှော်ရည်တွေ ပိုနေလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ဦးရေပြားပေါ် ခေါင်းလျှော်ရည်တွေ အများကြီး ထည့်လိုက်တာက လုပ်ရပ်အမှားပါ။ ကိုယ့်ရဲ့ ဆံကေသာနဲ့ သင့်တင့်လျှောက်ပတ်တဲ့ ပမာဏကိုသာ ထည့်ပြီး လျှော်ရမှာပါ။ ဒါမှ ပိုပြီး အာနိသင်ထိရောက်မှာ ဖြစ်ပါတယ်။ ခေါင်းလျှော်မယ်ဆို နှစ်ခါလျှော်ပေးဖို့ လိုအပ်ပါတယ်။ ပထမတစ်ကြိမ်က ဆံသား နဲ့ ဦးရေပြားတွေကို သန့်စင်ပေးဖို့ ဖြစ်ပြီး နောက်တစ်ကြိမ်ကတော့ ခေါင်းလျှော်ရည်ရဲ့ အာနိသင်တွေ ဆံသားထဲ ဝင်ရောက်သွားဖို့ ဖြစ်ပါတယ်။



ဦးရေပြားကို နှိပ်နယ်ပေးပါ


ခေါင်းလျှော်တဲ့အခါမှာ ဦးရေပြားကို နှိပ်နယ်ပေးဖို့လိုအပ်ပါတယ်။ ခေါင်းလျှော်နေစဉ်အတွင်းမှာ ဦးရေပြားကို အသာအယာနှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။ လက်သည်းနဲ့ ကုတ်တာမျိုး ၊ တအားကြီး ဖိနှိပ်နယ်တာမျိုးတော့မလုပ်သင့်ပါဘူး။ တစ်မိနစ် ဒါမှမဟုတ် နှစ်မိနစ် နှိပ်နယ်ပေးခြင်းအားဖြင့် ဦးရေပြားမှာ သွေးလျှောက်မှုအားကောင်းပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ရရှိနိုင်မှာ ဖြစ်ပါတယ်။


ရေနွေးနွေးလေးနဲ့ လျှော်ပါ


ရေပူကြီးနဲ့တော့ ခေါင်းမလျှော်လိုက်ပါနဲ့နော်။ ရေနွေးနွေးလေး စပ်ပြီးတော့ ခေါင်းလျှော်ပေးဖို့တော့ လိုပါတယ်။ ရေပူနဲ့ ခေါင်းလျှော်ရင်တော့ ဆံသားတွေ ခြောက်သွေ့ပြီး ဆံပင်နှစ်ဖျားခွတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ရေနွေးလေးစပ်ပြီးခေါင်းလျှော်ပေးပါ။ ရေနွေးနဲ့ လျှော်ခြင်းအားဖြင့် အဆီတွေကို ဖယ်ရှားပေးပြီး ဦးရေပြားကို ပွင့်သွားစေပါတယ်။


ံပင်ပျော့ဆေးသုံးနည်း

ခေါင်းလျှော်ရည် နဲ့ ပျော့ဆေးကို တပြိုင်တည်း သုံးတာထက် တစ်ဆင့်ချင်းစီ သုံးတာက ပို ထိရောက်ပါတယ်။ စိတ်ရှည်ခြင်းက ပြီးပြည့်စုံတဲ့ အလှတရားကို ရရှိစေနိုင်မှာပါ။ Conditioner (ဆံပင်ပျော့ဆေး) အသုံးပြုတဲ့အခါ ချက်ချင်းရေမလောင်းချသင့်ပါဘူး။ ၅မိနစ် ဒါမှမဟုတ် ၇မိနစ်ခန့် ဆံသားကို သဘက်လေးနဲ့ ပေါင်းပေးထားသင့်ပါတယ်။ ဒါမှ ဆံပင်ပျော့ဆေးရဲ့ အာနိသင်တွေက ဆံသားထဲကို ဝင်ရောက်သွားမှာ ဖြစ်ပါတယ်။

ရေအေးအေးလေးနဲ့ ဆေးချပါ

အထက်က အဆင့်တွေနဲ့ ခေါင်းလျှော်ပြီးပြီဆိုရင်တော့ ခေါင်းကို ရေပူမသုံးတော့ဘဲ ရေအေးလေးနဲ့ ဆေးချလိုက်ရပါမယ်။

မျက်နှာသုတ်ပုဝါနဲ့သာ ဆံသားတွေခြောက်သွေ့အောင်လုပ်ပါ

Hair Dryer နဲ့ အခြောက်ခံပြီး ဆံသားတွေကို ခြောက်သွေ့စေတာထက် မျက်နှာသုတ်ပဝါနဲ့ ဆံသားတွေကို ခြောက်သွေ့စေတာက ပိုပြီးတော့ ဆံသားတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ သဘာဝလေနဲ့ ခြောက်သွေ့စေတာက ဆံသားရဲ့ ရှိသင့်တဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ ဒါပေမယ့် ခပ်ဖွဖွလေးတော့ သုတ်ပေးဖို့လိုပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ဖိသုတ်မယ်ဆိုရင် ဆံသားတွေ ကျိုးကြေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အဆီ သို့ Serum လိမ်းဖို့ မမေ့ပါနဲ့

မျက်နှာကို ခရင်မ်လူးသလို မိတ်ကပ်လူးသလို ဆံပင်ကိုလည်း လူးပေးစရာတစ်ခုခုတော့ လိုပါတယ်။ ကိုယ့်ရဲ့ ဆံသားတွေ တောက်ပြောင်လှပပြီး ကြည့်ကောင်းနေစေဖို့ ကိုယ့်ဆံသားနဲ့ ကိုက်ညီတဲ့ ဆီ တစ်မျိုးမျိုး လိမ်းပေးဖို့ လိုပါတယ်။ ဒီလို လိမ်းပေးခြင်းအားဖြင့် ဆံသားခြောက်တာ ၊ မွဲတာ နဲ့ ပျက်စီးတာတွေ လျော့ပါးသွားစေနိုင်ပါတယ်။

ဒီလိုမျိုး စနစ်တကျ ခေါင်းလျှော်မယ်ဆိုရင်တော့ လှပထွေးအိနေတဲ့ ဆံကေသာ လှလှလေးတွေကို ပိုင်ဆိုင်နိုင်သွားမှာပါ။

 


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က