အေးမြတဲ့အထိတွေ့၊ မွှေးကြိုင်တဲ့ရနံ့တွေကြောင့် စိတ်ဖိစီးမှုတွေ လျော့ကျသွားမှာပါ။

ကိုယ့်ပတ်ဝန်းကျင်ရော ကိုယ်တိုင်မှာရော မပျော်ရွှင်ရတဲ့ဖြစ်ရပ်တွေ ၊ မကောင်းတဲ့ခံစားမှုတွေများနေပြီး စိတ်ထိခိုက်တာတွေ ၊ စိတ်ဓာတ်ကျ စိတ်ဖိစီးတာတွေဖြစ်နေတဲ့အချိန်မှာ အသားအရေကို ဂရုစိုက်ဖို့ပြောတယ်ဆိုရင် ဒါကို မဖြစ်နိုင်ဘူးလို့ ငြင်းကြပါလိမ့်မယ်။ ဒါပေမယ့် အသားအရေထိန်းသိမ်းခြင်းက အဆိုးမြင်အတွေးတွေထဲမှာ နစ်မြုပ်နေတဲ့ ကိုယ့်ကို ကယ်တင်မယ့် နည်းလမ်းကောင်းတစ်ခုပါ။ အသားအရေထိန်းသိမ်းမှုတစ်ခုကို လုပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ဂရုစိုက်မှုပေးလိုက်တာပါပဲ။ ဒီအတွက် အချိန်လေးခဏပေးလိုက်ရုံနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ ခံစားမှုဖြစ်ပေါ်စေပြီး တက်ကြွစေဖို့ ယုံကြည်မှုရှိစေဖို့ စိတ်ခွန်အားရလာနိုင်ပါတယ်။



စိတ်ဖိစီးမှုများလာတဲ့အခါ ဘယ်လိုအသားအရေထိန်းသိမ်းတာမျိုးတွေ လုပ်သင့်လဲဆိုရင်တော့...

မျက်နှာပေါင်းတင်ပါ 

Photo-japanobjects.com

အသားအရေထိန်းသိမ်းတဲ့ skin care တစ်မျိုးမျိုးကို အေးအောင်ပြုလုပ်ထားပြီး လိမ်းတာဖြစ်ဖြစ် ဒါမှမဟုတ် Face Mask အေးအေးလေးတွေ ကပ်တာဟာ အချိန်ခဏလေးပေးရုံနဲ့ အသားအရေလှပဖို့အတွက်ရော စိတ်ဖိစီးမှုပြေပျောက်ဖို့အတွက်ပါ အသုံးဝင်တဲ့နည်းလမ်းကောင်းတစ်ခုပါ။ အခုနောက်ပိုင်းမှာဆိုရင် face mask ကပ်တာဟာ ခေတ်ရေစီးကြောင်းတစ်ခုဖြစ်ပြီး ရေပန်းစားတာကြောင့် မိမိအသားအရေနဲ့သင့်တော်တဲ့ mask တွေကို ဈေးအသင့်အတင့်နဲ့ အများကြီး ရွေးချယ်ဝယ်ယူလို့ ရနေပါပြီ။ Face Mask လေးကပ်ပြီး မိနစ် ၂၀ ခန့် မျက်လုံးလေးမှိတ်ပြီး ခဏလဲလျောင်းအနားယူလိုက်ပါ။ 

ခန္ဓာကိုယ်ချေးချွတ်ခြင်း (scrub) ပြုလုပ်ပါ 

Photo-byrdie.com

scrub ပြုလုပ်ခြင်းက အသားအရေချောမွေ့စေတဲ့အပြင် scrub ပြုလုပ်ချိန်မှာ နှိပ်နယ်ပေးတဲ့အတွက် ကြွက်သားတွေ တောင့်တင်းနေတာကိုလည်း ပြေလျော့စေပြီး ညောင်းညာနေတာ စိတ်မကြည်လင်တာတွေ ပြေလျော့စေမယ့် နည်းလမ်းတစ်ခုပါ။ Scrub သုံးတဲ့အခါမှာလည်း lavender ၊ rosemary ၊ chamomile ရနံ့ပါတဲ့ scrub တွေက ပိုပြီး စိတ်ဖိစီးမှုတွေပြေလျော့စေပါတယ်။

Eye Mask ကပ်ပါ


Photo- harpersbazaar.com

စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့အခါ ကောင်းကောင်းအိပ်ပျော်ဖို့ ၊ လွယ်လွယ်ကူကူအိပ်ပျော်ဖို့ဆိုတာ ခက်ခဲပါတယ်။ အိပ်မပျော်တဲ့အခါ မျက်ကွင်းညိုတာတွေ ၊ မျက်အိတ်ဖောင်းတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ညအိပ်ယာဝင်ခါနီး Eye Mask ကပ်တဲ့အခါ ပင်ပန်းနေတဲ့မျက်လုံးလေးတွေ ၊ ရောင်ရမ်းနေတဲ့ မျက်အိတ်တွေကိုသက်သာစေပြီး အိပ်ပျော်ဖို့ နဲ့ စိတ်သက်သောင့်သက်သာဖြစ်ဖို့ အထောက်အကူပြုပါတယ်။ Eye Mask ကပ်တဲ့အခါ Cooling Gel Formula နဲ့ mask တွေက မျက်စိအေးမြဖို့ နဲ့ ရောင်ရမ်းမှုတွေ လျော့ကျဖို့ ပိုပြီး အထောက်အကူပြုပါတယ်။

Face Roller နဲ့နှိပ်နယ်ပါ

Photo-stock.adobe.com

အခုနောက်ပိုင်းမှာဆိုရင် မျက်နှာကို သလင်းကျောက် ၊ ကျောက်စိမ်း roller လေးတွေနဲ့ လှိမ့်ပြီး နှိပ်နယ်ပေးတာက အလွန်ခေတ်စားလာပါတယ်။ ဒါကလည်း တကယ်ကို အသားအရေလှပဖို့နဲ့ အိုမင်းမှုကို လျှော့ချဖို့ အသုံးဝင်တဲ့အပြင် အေးမြတဲ့ အထိအတွေ့ကြောင့် စိတ်ဖိစီးမှုကို လျော့ကျနေစနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေရှိတဲ့အခါ ကိုယ်ကသတိမထားမိဘဲ မျက်နှာပြင်ကြွက်သားတွေကို ပိုမိုတင်းမာစေပါတယ်။ ဒါကြောင့် မျက်နှာမှာ အစိုဓာတ်ဖြည့်ခရင်မ်တစ်မျိုးမျိုးအသုံးပြုပြီး သလင်းကျောက် ၊ ကျောက်စိမ်းအစရှိတဲ့ roller လေးတွေနဲ့ လှိမ့်ပြီး နှိပ်နယ်ပေးမယ်ဆိုရင် အရေပြားရဲ့ တင်းရင်းမှုကို အားကောင်းစေပြီး တင်းမာနေတဲ့ ကြွက်သားတွေကိုတော့ ပြေလျော့စေပါတယ်။ ဒါ့အပြင် roller လေးနဲ့ လှိမ့်ပြီး နှိပ်နယ်ပေးတာက လိမ်းထားတဲ့ skin care တွေကို အရေပြားက ပိုမိုစုပ်ယူပေးနိုင်တာကြောင့် ထိရောက်တဲ့ အာနိသင်ကိုလည်း ရရှိစေပါတယ်။ 

ဆပ်ပြာအမြှုပ်တွေနဲ့ ရေချိုးပါ 

Photo-lightfieldstudios.net

ကိုယ့်အိမ်မှာ ရေချိုးကန် ဒါမှမဟုတ် ရေဝင်ချိုးလို့ရတဲ့အရွယ်အစား ဇလုံကြီးကြီးတစ်ခု ရှိတယ်ဆိုရင် အခုဆို ဆပ်ပြာအမြှုပ်ထတဲ့ ဘောလုံးလေးတွေ (bath bombs) တွေကို အလွယ်တကူဝယ်လို့ရနေပြီဖြစ်လို့ ဒါလေးတွေထည့်ပြီး ချိုးလည်းရပါတယ် ။မဟုတ်ရင်လည်း ရေချိုးဆပ်ပြာတွေကို အမြှုပ်များများထအောင် ပြုလုပ်ပြီး ရေချိုးပါ။ တကယ်လို့အနံ့ဓာတ်မတည့်တာ မရှိဘူးဆိုရင်တော့ လာဗင်ဒါနံ့ ၊ နှင်းဆီရနံ့ပါတဲ့ ရေချိုးဆပ်ပြာ ဒါမှမဟုတ် Bath Bombs တွေကို အသုံးပြုရင် စိတ်ဖိစီးမှုတွေ ပြေလျှော့စေပါတယ်။ ညနေပိုင်းမှာ ရေနွေးလေးနဲ့စပ်ပြီး ရေစိမ်မယ်ဆိုရင်လည်း ညဘက် ကောင်းကောင်း အိပ်ပျော်စေမှာပါ။

Skin care လုပ်ခြင်းက စိတ်ဖိစီးမှုကို ဘယ်လောက်ထိ လျှော့ချပေးနိုင်လဲ

cortisol လို့ ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းဓာတ်ဟာ ၈၃ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်တယ်လို့ Skin care brand တစ်ခုဖြစ်တဲ့ Rodan + Fields ရဲ့ ဆန်းစစ်ချက်အရ သိရပါတယ်။ Skin care လုပ်နေတဲ့အချိန် စိတ်ညစ်စရာအတွေးတွေ လျော့ကျမယ်၊ Skin care တွေရဲ့ ရနံ့မွှေးမွှေးတွေကြောင့် စိတ်ဖိစီးမှု လျော့ကျစေမယ့်အပြင် လန်းဆန်းတက်ကြွပြီး ကိုယ့်ကိုယ်ကို ချစ်ခင်စိတ်လည်း တိုးလာစေမှာဖြစ်လို့ ဒီအချိန်မှာ စိတ်ညစ်စရာတွေတွေ၊ ဖုန်းတစ်လုံးနဲ့ အချိန်ကုန်နေမယ့်အစား Skin care ပြီး လန်းဆန်းတက်ကြွအောင် နေခြင်းအားဖြင့် ပူပန်မှုတွေ စိတ်ဖိစီးမှုတွေကို လျှော့ချပြီး ကျန်းမာအောင် နေထိုင်ကြရအောင်နော်။

 


Share

Loading Next Article...
က္က