အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ အလွယ်တကူလုပ်နိုင်တဲ့ နည်းလမ်းတွေကို ဝေမျှပေးမှာပါ။

မဒီတို့ရဲ့ ဒူး ၊ တံတောင် နဲ့ ချိုင်းမှာ အသားအရေညိုညစ်ပြီး အမဲကွက်လိုမျိုး ဖြစ်နေတာ ရှက်စရာမဟုတ်ပါဘူးနော် ။ ဒါဟာ လူတိုင်းကြုံတွေ့ရတတ်တဲ့ အရာပါ။ အသားညိုတဲ့သူဆိုရင်တော့ ပိုပြီး အဖြစ်များတတ်ပါတယ်။ ဒါဟာ မယ်လနင်ဓာတ် ထုတ်လွှတ်မှုများတာကြောင့်လည်း ဖြစ်ပါတယ်။ ဒီအတွက် စိတ်အနှောင့်ယှက်ဖြစ် ညည်းညူနေမိလား ။ ဒါကို တဖြည်းဖြည်းနဲ့ ပါးသွားပြီး ကိုယ့်အသားအရေနဲ့ လျော်ညီအောင် ဖြူဝင်းလှပဖို့ ခပ်လွယ်လွယ်နည်းလေးတွေ ပြောပြချင်ပါတယ်။



အမဲကွက်တွေဘာလို့ဖြစ်လဲ 

ခန္ဒာကိုယ်ကနေ မယ်လနင်လို့ခေါ်တဲ့ ဓာတ်ထုတ်လုပ်မှုများတဲ့ အသားညိုတဲ့သူတွေမှာလည်း ဒူး ၊ တံတောင်နဲ့ ချိုင်းမဲတတ်သလို ပုံမှန်အသားအရေ ၊ ဖြူဝင်းတဲ့ အသားအရေတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါဟာ အဲဒီနေရာတွေမှာ ဆဲလ်အသေတွေစုပုံနေတာ ၊ ခရမ်းလွန်ရောင်ခြည်နဲ့ တိုက်ရိုက်မကြာမကြာထိတာ ၊ အဲဒီနေရာတွေကို ပွတ်တိုက်မှုများတာတွေကြောင့် ဖြစ်တဲ့အတွက် ဒီအချက်တွေကိုလည်း သတိပြုသင့်ပါတယ်။ဒါကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှုထက်ပိုပြီးတော့ ဒီနေရာလေးတွေကို ဂရုပြုစောင့်ရှောက်ပေးမယ်ဆိုရင် အမဲကွက်တွေကြောင့် စိတ်မညစ်ရတော့ဘူးပေါ့။

ဈေးကွက်ထဲမှာတော့ ဒူး ၊ တံတောင် ၊ ချိုင်းကြားအသားအရည်ကို စောင့်ရှောက်ဖို့ ပစ္စည်းအမျိုးအစားအများကြီးရှိပါတယ်။ဒါပေမယ့် ငွေကုန်ကြေးကျမများဘဲ အိမ်သုံးပစ္စည်းတွေနဲ့ အဆင်ပြေအောင် လုပ်လို့လည်း ရပါတယ်။

၁။ ပျားရည်နဲ့ သင်္ဘောသီး

အသားအရည်ခြောက်သွေ့တဲ့သူဆိုရင်တော့ ပျားရည်နဲ့ သင်္ဘောသီးကိုအသုံးပြုပါ။ သင်္ဘောသီးအနည်းငယ်ကို ပျားရည်တစ်ဇွန်းနဲ့ ရောချေပြီး အနှစ်ပြုလုပ်ပါ။အဲဒီအနှစ်ကို ကိုယ့်ရဲ့ ဒူး ၊ တံတောင် ၊ ချိုင်းတို့မှာ မိနစ်၂၀လောက် လိမ်းထားလိုက်ပါ။ အဲဒီနောက် ရေဆေးပြီး ခြောက်သွေ့အောင် ပြန်သုတ်လိုက်ပါ။ပြီးရင် အစိုဓာတ်ပြန်ရဖို့ ကိုယ်လိမ်းနေကျ အစိုဓာတ်ဖြည့်အရာတစ်မျိုးမျိုးလိမ်းထားပါ။တစ်ပတ်တစ်ခါ ပြုလုပ်ပြီးတဲ့နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်။

၂။ အာလူးအရည်

Photo - GoQii

အာလူးတွေဟာ antioxidants တွေပြည့်နှက်နေပြီးအသားအရေကိုချောမွေ့စေပါတယ်။ အာလူးကို အရည်ထွက်အောင်ပြုလုပ်ပြီး မိမိရဲ့ ဒူး ၊ တံတောင် စတဲ့နေရာက အမဲကွက်တွေကို အဲဒီအရည်နဲ့ လိမ်းထားပြီး မိနစ် ၂၀-၃၀ ခန့်ထားပါ။ ပြီးရင် နွေးရုံသာနွေးတဲ့ ရေနဲ့ ဆေးကြောပါ။ အပတ်စဉ်ပြလုပ်ပြီး တဖြည်းဖြည်းပြောင်းလဲလာတာကို မြင်ရတဲ့အခါ ပျော်ရွှင်ပါလိမ့်မယ်။

၃။ Baking soda scrub

Baking Soda ဟာ ညိုမဲမှုတွေအတွက် အလွန်ကောင်းတဲ့ ပစ္စည်းပါပဲ။ အဆီပြန်တဲ့ အသားအရေလည်း သင့်တော်ပါတယ်။ မညီညာတဲ့အသားအရေ ၊ အမဲကွက်တွေအတွက် Baking Soda ကို သံပုရာအရည်နဲ့ရောစပ်ပြီး အနှစ်ပြုလုပ်ပါ။ ပြီးရင် ချိုင်း ၊ ဒူး ၊ တံတောင်က မဲနေတဲ့နေရာတွေမှာ ခပ်ဖြည်းဖြည်းပွတ်တိုက်ပြီး ၁၅မိနစ်ထားပါ။ရေနဲ့ဆေးကြောပါ။ ၃ရက်တစ်ခါ ပြုလုပ်ကြည့်ပါ။ သိသိသာသာ အရောင်ဖျော့သွားပါလိမ့်မယ်။ အပတ်စဉ်ပြုလုပ်ပြီး အမဲကွက်တွေကို ဖယ်ရှားနိုင်ပါတယ်။

၄။ သကြားနဲ့သံလွင်ဆီ

ဓာတ်ပုံ - Brightside

သကြားနဲ့သံလွင်ဆီအရောအစပ်က အသားအရေပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး အစိုဓာတ်ပြည့်ဝစေမှာပါ။သကြားနဲ့သံလွင်ဆီကို ပမာဏတူ ရောစပ်ပါ။အဲဒီအနှစ်ကို ဒူး ၊ တံတောင် နဲ့ ညိုတဲ့နေရာတွေကို လိမ်းပြီး ငါးမိနစ်ခန့် စက်ဝိုင်းပုံ နှိပ်နှယ်ပွတ်လိမ်းပေးပါ။ အဲဒီနည်းလမ်းနဲ့ တစ်ပတ်တစ်ကြိမ်ပြုလုပ်ရင်လည်း သိသာတဲ့ရလဒ်ကို တွေ့ရမှာပဲ။ ဒါ့အပြင် ဒီနည်းလမ်းကို မျက်နှာအတွက်လည်း အသုံးပြုလို့ရပေမယ့် ကြမ်းတမ်းစွာ မပွတ်မိဖို့ သတိပြုရမှာဖြစ်ပါတယ်။

၅။ ဒိန်ချဉ်နဲ့ ပန်းသီးဗင်နီဂါ

ဒိန်ချဉ်နဲ့ ပန်းသီးဗင်နီဂါမှာပါဝင်တဲ့ အက်ဆစ်တွေက သန့်ရှင်းစေဖို့နဲ့ အသားအရည်ကြည်လင်လာစေဖို့ လုပ်ဆောင်ပေးပါတယ်။ဒိန်ချဉ်နဲ့ပန်းသီးဗင်နီဂါ တစ်ဇွန်းစီကိုရောပြီး ဒူး ၊ တံတောင်နဲ့ ညိုညစ်တဲ့နေရာတွေကို သုတ်လိမ်းထားပါ။ ၁၅မိနစ်လောက်ထားပြီးရင်တော့ ရေနွေးနွေးနဲ့ ဆေးကြောသန့်စင်လိုက်ပါ ။ ဒီနည်းကိုတော့ တစ်ပတ်မှာ လေးကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။ 

ဒီနည်းလမ်းလေးတွေကို မှန်မှန်လုပ်ဆောင်မယ်ဆိုရင်တော့ ဘေးဥပါဒ်မဖြစ်ဘဲ အရေပြားပေါ်က အညိုအမဲတွေကို ဖယ်ရှားနိုင်မှာဖြစ်တဲ့အပြင် ဒီနည်းလမ်းတွေကို လုပ်ဆောင်ထားပြီးချိန်မှာ ရေဓာတ်ဖြည့်တစ်ခုခု ပြန်လိမ်းပေးဖို့နဲ့ နေရောင်ခြည်တိုက်ရိုက်ထိတွေ့တာတွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ရှားတဲ့အခါ ပိုမိုပြီး လျင်လျင်မြန်မြန်နဲ့ အကျိုးကျေးဇူးရရှိပါလိမ့်မယ်။

Ref: indiatvnews, brightside


ဆက်စပ်အကြောင်းအရာများ



က္က