ဝါလကင်းလွတ် လာပြီဆိုတာနဲ့ မင်္ဂလာဆောင်ပွဲတွေ တစ်ပွဲပြီး တစ်ပွဲ တက်ရဖို့ ဆက်တိုက်ဖြစ်နေပြီလား။ ပွဲတစ်ပွဲတက်တော့မယ်ဆိုရင် ဘယ်လိုပြင်ဆင်ဝတ်စားသင့်တယ်ဆိုတဲ့အကြောင်းကို ဝေမျှပြောပြပေးချင်ပါတယ်။
Thin Nu Swe

ဝါလကင်းလွတ်လာပြီဆိုတာနဲ့ မင်္ဂလာဆောင်ပွဲတွေ တစ်ပွဲပြီး တစ်ပွဲ တက်ရဖို့ ဆက်တိုက်ဖြစ်နေပြီလား။ ဆိုင်ကို သွားပြင်တာမျိုးတွေ ဒီဘက်ခေတ်မှာ သိပ်မလုပ်ကြတော့ဘဲ ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ ပြင်ဆင်သွားကြတာမျိုးတွေ လုပ်လာကြတာ အမျိုးသမီးတိုင်းလိုလို ဖြစ်လာပါပြီ။ ဘယ်မှာပဲပြင်ပြင် ကိုယ်ကတော့ လူတကာအလယ်မှာ ထင်းကနဲလှချင်ကြတာကတော့ အမျိုးသမီးတိုင်းပါပဲ။ ဒါပေမယ့် သူ့အရပ် သူ့ဇာတ်နဲ့ လိုက်ဖက်ညီအောင် ဝတ်တတ်၊ စားတတ် ၊ ပြင်တတ် ၊ ဆင်တတ်ဖို့ အထူးလိုအပ်ပါတယ်။ ဒီတော့ ပွဲတစ်ပွဲတက်တော့မယ်ဆိုရင် ဘယ်လိုပြင်ဆင်ဝတ်စားသင့်တယ်ဆိုတဲ့အကြောင်းကို ဝေမျှပြောပြပေးချင်ပါတယ်။

ကိုယ်သွားမယ့် ပွဲကို သိအောင်လုပ်ရပါမယ်

ကိုယ်သွားမယ့် ပွဲက ဘယ်လိုအမျိုးအစားလဲ၊ ဘယ်ချိန်၊ ဘယ်နေရာမှာ လုပ်မှာလဲ ဆိုတာတွေကို အရင်ဆုံး စဉ်းစားရမှာဖြစ်ပါတယ်။ ကိုယ်သွားမယ့်ပွဲအလိုက် ကိုယ့်ရဲ့ ပြင်ဆင်ခြယ်သမှုကို ဂရုစိုက်ရမှာပါ။ လူတွေကြားထဲမှာ ထင်းကနဲလှနေတာမျိုးဆိုရင်တော့ အဆင်ပြေပေမယ့် ပွဲနဲ့ ကိုယ့်ရဲ့ ပြင်ဆင်ခြယ်သမှုဟာ မလိုက်ဖက်တဲ့အခါမျိုးမှာ တစ်ယောက်တည်း ကွက်ပြီး ပြူးပြူးပြဲပြဲကြီး ဖြစ်နေတတ်ပါတယ်။ ဒီတော့ ကိုယ်သွားရမှာက မနက်ပွဲလား၊ ညပွဲလား ဘယ်လိုနေရာ ဘယ်လိုအချိန်မှာ လုပ်မှာလဲဆိုတာကို တွေးပြီးမှသာ ကိုယ့်ရဲ့ မိတ်ကပ်နဲ့ အဝတ်အစားကို ရွေးချယ်ပါ။

ဇာတ်လမ်းတွဲတွေမှာ makeup artist အဖြစ်ရော stylist အဖြစ်ပါ တာဝန်ယူဆောင်ရွက်နေတဲ့ ယုသန္တာမင်းကတော့ ပွဲနေပွဲထိုင်တစ်ခုအတွက် ကိုယ့်ဘာသာ လိမ်းခြယ်သွားမယ်ဆိုရင် ဘယ်လိုပြင်ဆင်သင့်လဲဆိုတာကို Duwun ကို ခုလိုပြောပြပါတယ်။

“ပထမဆုံး ကိုယ်က ဘယ်လိုပွဲသွားမလဲ ၊ မနက်ပွဲလား ၊ ညပွဲလား ဆိုတာကို အရင်ဆုံးကြည့်ရမယ်။ ပြီးတော့ ကိုယ်ဝတ်မယ့် အဝတ်အစား ကို ပြန်ကြည့်ရမယ်။ ပြန်ကြည့်ပြီးမှ အဲဒီအဝတ်အစားနဲ့ လိုက်ဖက်မယ့် ကိုယ်လိမ်းမယ့် မိတ်ကပ်အရောင်ရွေးရမယ်၊ နေ့ခင်းဘက်တွေဆို အရောင်ဖျောဖျောလေးတွေ ရွေးပြီးတော့ ညဘက်တွေဆိုရင်တော့ Bling Bling ဖြစ်တဲ့ အရောင်တွေကို ရွေးသင့်တယ်။ Dinner ပွဲလိုမျိး ညဘက်လုပ်တဲ့ ပွဲတွေမှာဆိုရင် Smokey eye ဘက်ကို အများဆုံး သွားတဲ့ ပုံစံလေးတွေ လိမ်းဖြစ်တယ်။ နေ့ပွဲတွေ ဥပမာ ဘုန်းကြီးကျောင်းလို ဆောင်တဲ့ ပွဲတွေမှာဆိုရင်တော့ ပေါ့ပေါ့ပါးပါးလေး လိမ်းသင့်တယ်။ မျက်လုံးဆိုရင်လည်း ထင်းနေတာမျိုးမဟုတ်ဘဲ သဘာဝဆန်တဲ့ ဘက်ကို ရွေးပြီးတော့ လိမ်းတယ်။ မြန်မာလိုဆောင်မယ့် ပွဲတွေဆို သဘာဝဆန်ဆန် နဲ့ nude ဘက်ရောက်တဲ့အရောင်လေးတွေ ကိုလိမ်းတာက ပိုအဆင်ပြေတယ်လို့ ထင်တယ်။ ကိုယ်က ထင်းခနဲ လှနေတာထက် ယဉ်ယဉ်လေး ဖြစ်နေမယ့် အနုဘက် သွားတာလေးကို ပိုသဘောကျတယ်”

ခေတ်ရဲ့ ရေစီးကြောင်းကို သိနေရပါမယ်

ခုခေတ်ရဲ့ မိတ်ကပ်အပြင်အဆင်က ဘယ်လိုပုံစံဆိုတာ သိနေရပါမယ်။ ဘယ်လိုပဲ ပွဲတက်မိတ်ကပ်ဖြစ်ပါစေ၊ ဒီဘက်ခေတ်မှာ သတို့သမီးတွေတောင် ခပ်ပါးပါးကြည်ကြည်လေး ပြင်ဆင်ခြယ်သနေကြတဲ့ ခေတ်ဆိုတော့ ကိုယ့်ရဲ့ မိတ်ကပ်ကိုလည်း ခေတ်ရဲ့ ရေစီးကြောင်းအလိုက် ပြင်ဆင်ခြယ်သရပါမယ်။ မိတ်ကပ်ပြင်ဆင်တဲ့နေရာမှာ ကိုယ့်ရဲ့ အသားအရည် ကာလာ နဲ့ ကိုယ်ဝတ်မယ့်အဝတ်အစားကို လိုက်ပြီး ကိုယ့်ရဲ့ မျက်လုံးကာလာ ၊ ပါးနီကာလာကို ရွေးချယ်သင့်ပါတယ်။ လိမ်းချင်တဲ့ အရောင်လိမ်းတာမျိုး မဖြစ်သင့်ပါဘူး။ နောက်တစ်ခုက မျက်လုံးအရောင် ၊ နှုတ်ခမ်းအနီရောင် နဲ့ ဝတ်မယ့် အဝတ်အစားအရောင် ဆင်တူကြီးတွေ ဝတ်ဆင်တတ်တဲ့ အကျင့်ကြီးတွေကို စွန့်လွှတ်လိုက်ပါတော့။

Beauty by Emerald Page ရဲ့ Beauty Blogger တစ်ဦးဖြစ်တဲ့ ခွာညိုမြင့်သူကလည်း ပွဲထိုင်မိတ်ကပ်အတွက် ကာလာရွေးချယ်မှုအပိုင်းကို Duwun ကနေ ခုလို ဝေမျှပေးပါတယ်။

“အဓိကက ကိုယ်လိမ်းချင်တာက အခုခေတ်စားနေတဲ့ ပါးပါးကြည့်ကြည်လေးလား ဒါမှမဟုတ် အထူလား ပထမဆုံး ရွေးရပါမယ်။ ဒုတိယအနေနဲ့ အရောင်ရွေးခြယ်မှုပါ။ natural warm tone ဘက်ကိုသွားမလား ။ ထင်းနေအောင်လိမ်းမလားဆိုတာကိုလည်း ကိုယ့်ဘာသာကိုယ် သေချာဖို့ လိုပါတယ်။ အဲဒီနောက်မှာ ကိုယ်သုံးမယ့် မိတ်ကပ်အထူအပါးကိုကြည့်ရမယ်။ အရောင်ကိုက်မကိုက်ပြင်ဆင်ရပါမယ်။ လိမ်းမယ့်ရက်မတိုင်မီ အသားအရည် သေချာထိန်းသိမ်းထားသင့်ပါတယ်။ အရောင်ပိုင်းက အခုနောက်ပိုင်းခေတ်အရဆိုရင် natural ဘက်ကိုသွားပါတယ်။ သတို့သမီးတွေကအစ အဲဒီဘက်ကိုပဲသွားတာတွေ့ရတယ်။ အစ်မတို့မြန်မာတွေကျတော့ အသားအရည်က warm tone ကာလာဆိုတော့ warm tone based color တွေကိုဘဲရွေးသင့်ပါတယ်။ ဒါမှ ကိုယ့်အသားနဲ့တစ်ထပ်တည်းကျတဲ့ပြင်ဆင်မှုမျိုးကိုရမှာပါ။ Warm tone နဲ့ cool tone ပေါ်လိုက်ပြီး ကိုယ်ရွေးမယ့် ကာလာကိုချိန်သင့်ပါတယ်။”

အရောင်ရွေးချယ်မှုအပိုင်း

တကယ်တော့ အရောင်ရွေးချယ်မှုအပိုင်းဟာ သိပ်ကို အရေးကြီးပါတယ်။ အရောင်ရဲ့ ထင်ဟပ်မှုက လူရဲ့ အလှကို ပိုပေါ်လွင်စေပါတယ်။ အရောင်ခပ်ဖျော့ဖျော့ ဝတ်သွားရမယ့် ပွဲမျိုးမှာ အရောင်တောက်တောက်ကြီး ရွေးချယ်ဝတ်ဆင်မိမယ်ဆိုရင် ကိုယ်ဟာ ပွဲမှာ မျက်စိစူးစေမယ့်သူတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။ ဒီလိုပါပဲ အရောင်ရဲရဲ ဝတ်သင့်တဲ့ ပွဲမှာ ကိုယ်က ဖျော့တော့တဲ့ အရောင်ကို ရွေးချယ်မိသွားမယ်ဆိုရင်လည်း ကိုယ်က ပွဲမှာ မထင်ပေါ်တော့တာမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် ပွဲရဲ့ အနေအထားကို သေချာ သတိထားပြီး အရောင်တွေကို ရွေးချယ်ဝတ်ဆင် ခြယ်သသင့်ပါတယ်။

နာမည်ကြီးအနုပညာရှင်တွေရဲ့ ပင်တိုင် မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ ပွဲထိုင်မိတ်ကပ်တွေကိုလည်း လိမ်းပေးနေတဲ့ မိတ်ကပ် ဌေးမင်း ကလည်း ပွဲထိုင်မိတ်ကပ်ကို ဘယ်လို လိမ်းခြယ်သင့်တယ်ဆိုတဲ့အကြောင်း Duwun ကို ပြောပြပါတယ်။

“ပွဲထိုင် မိတ်ကပ်ကို ဆိုင်မှာမလိမ်းဘဲနဲ့ ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ လိမ်းသွားမယ်ဆိုရင် အရင်ဆုံး ကိုယ်သွားမယ့်ပွဲကို သိဖို့လိုပါတယ်။ ပွဲက Outdoor လား ၊ Indoor လား။ Outdoor ဆိုရင်တော့ မိတ်ကပ်အများကြီးမလိမ်းဖို့ရယ် နောက်ပြီး ကိုယ့်ရဲ့ Skin type၊ Skin Color တွေကြည့်ပြီးတော့ အောက်ခံ Foundation ရွေးချယ်တာကအစ အသားရောင်နဲ့ တစ်ထပ်တည်းကျဖို့ ၊ မျက်ခုံး မျက်လုံး မျက်တောင် ကို သဘာဝဆန်ဆန် လေးဖြစ်ဖို့ ၊ ပါးနီအရောင်တောက်တောက်တွေ မရွေးချယ်မိဖို့ ၊ Lip Gloss တွေ အလွန်အကျူး မဆိုးမိစေဖို့ ဆိုတဲ့ အချက်တွေ စဉ်းစားပြီးမှ လိမ်းခြယ်ရပါမယ်။ Indoor နဲ့ ဧည့်ခံပွဲ မိတ်ကပ်ကိုတော့ ဝတ်စုံ အရောင်ရယ်၊ ခန်းမ ရဲ့ မီးအလင်းအမှောင် အနေအထားကို မှန်းဆပြီး မျက်ခုံး မျက်လုံး ပါးနီ တို့ကို ပုံမှန်ထက် နည်းနည်းလေးပိုထည့်ပြီး လိမ်းခြယ်ပေးရပါမယ်။ Eyeshadow ခြယ်တဲ့နေရာမှာလည်း မျက်လုံးကို အသားရောင် ၊ အညိုရောင်၊ ပန်းရောင် စသဖြင့် အရောင်နုတွေ ခြယ်မယ်ဆိုရင် အောက်ခံ Foundation လိမ်းပြီးမှ ခြယ် လည်းရပါတယ်။ ဒါမဟုတ် အရောင်ရင့် Eyeshadow Smokey Eye ခြယ် မယ်ဆိုရင်တော့ အရင်ဆုံး မျက်ခုံး နဲ့ မျက်လုံး ပို အရင်ခြယ် သပြီးမှ ဖောင်ဒေးရှင်း လိမ်းတာ အကောင်းဆုံးပါပဲ။ ဘာလို့လည်းဆိုတော့ Smokey Eye ခြယ် လို့ရှိရင် Shadow အမဲတွေက ကိုယ်လိမ်းထားတဲ့ အောက်ခံ Foundation ပေါ်မှာ ကျပြီးတော့ မဲတတ်လို့ပါ။ အားလုံးကို လှစေချင်တဲ့ စေတနာနဲ့ ပွဲထိုင်မိတ်ကပ်လေး အကြောင်းကို မျှဝေ ပေးလိုက်ပါတယ်နော်။”  

အရိုးရှင်းဆုံးက အလှဆုံးပါ

ပွဲတစ်ခုတက်ရတော့မယ်ဆိုရင် အမျိုးသမီးတွေ ဦးနှောက်ခြောက်အောင် စဉ်းစားတတ်ကြပါတယ်။ တစ်ခါတလေမှာတော့ ရှုပ်ယှက်ခတ်နေတဲ့ အဆင်တန်ဆာတွေကို ဆင်မြန်းတတ်ကြလေ့ရှိပါတယ်။ အဲဒါက လွဲမှားတဲ့ အရာပါပဲ။ ဘယ်လိုအချိန် ဘယ်လိုနေရာဒေသမှာပဲ ဖြစ်ပါစေ ၊ ဘယ်လို ခေတ်ရေစီးကြောင်းထဲပဲ ရောက်နေပါစေ၊ အမြဲတမ်း ဆန်းကြယ်ပြီး ဆွဲဆောင်မှုရှိနေတဲ့ အရာက အရိုးရှင်းဆုံး အလှတရားပါ။ ဒါ့ကြောင့် ကိုယ့်အတွက် ပွဲနေပွဲထိုင်တစ်ခု တက်ရောက်ရတော့မယ်ဆိုရင် အများကြီး ဦးနှောက်ခြောက်အောင် လျှောက်တွေးမနေဘဲ ဘယ်လိုရိုးရိုးရှင်းရှင်းလေးနဲ့ လှနေအောင် ပွဲတက်မလဲဆိုတာကိုပဲ သတိထားရွေးချယ်ဖို့ အကြံပြုပါရစေ။


က္က