နှာခေါင်းလေး ချွန်မြလှပနေအောင် လေ့ကျင့်ခန်းတွေ နေ့စဉ်ပြုလုပ်လို့ရပါတယ်။

မျက်နှာရဲ့ ဗဟိုချက်ဖြစ်တဲ့ နှာခေါင်းဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လူတွေရဲ့ သတိထားမှုကို ပထမဆုံးရရှိတာကလည်း နှာခေါင်းဖြစ်တဲ့အတွက် မိန်းကလေးတွေ ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျဆုံး အစိတ်အပိုင်းကလည်း နှာခေါင်းဖြစ်နေတာ များတယ်။ ခွဲစိတ်ပြုပြင်ပြီး နှာခေါင်းလှအောင် လုပ်လို့ရပေမဲ့ ငွေလည်း အများကြီး ကုန်တယ်လေ။ တချို့ကျ ငွေကုန်ခံနိုင်ပေမဲ့ ခွဲစိတ်ပြုပြင်ရမှာ ကြောက်တယ်။ ဒါကြောင့် နှာခေါင်းလေးတွေ လှပချင်တဲ့ မဒီလေးတွေအတွက် ငွေလည်းမကုန်သလို သဘာဝအတိုင်း နှာတံလေး ပိုချွန်မြ လှပလာစေမယ့် နည်းလမ်းလေး မျှဝေပေးချင်ပါတယ်။

နှာထိပ်လေး ချွန်အောင်လုပ်ခြင်း

နှာတံမစင်းတာထက် နှာထိပ်လေးက လုံးပြီး တိုနေတယ်ဆိုရင် နှာတံရဲ့အလှကို တော်တော်လေးထိခိုက်ပါတယ်။ ဒါကြောင့် နှာထိပ်လေး ချွန်နေဖို့ ဒီလေ့ကျင့်ခန်း လုပ်ပေးဖို့ လိုအပ်ပါတယ်။ လက်ချောင်းတွေနဲ့ နှာခေါင်းကို ဖိပေးထားပြီး အားပြင်းပြင်းနဲ့ အသက်ရှူရပါမယ်။ အဲဒီလိုမျိုး ၁၀ ကြိမ် ဆက်တိုက် လုပ်ပေးပါ။ အဲဒီ ၁၀ ကြိမ်ကို တစ်နေ့ အနည်းဆုံးတစ်ခါ၊ နေ့စဉ် လုပ်ပေးရမှာ ဖြစ်ပါတယ်။

နှာခေါင်းပင့်တင်ခြင်း

အခုလုပ်ရမယ့် လေ့ကျင့်ခန်းက နှာထိပ်လေး ချွန်မြပြီး နှာခေါင်းကြွက်သားတွေကိုလည်း သန်မာစေတဲ့ လေ့ကျင့်ခန်းပါ။ သူငယ်ချင်းတွေ အချင်းချင်းတောင် စနောက်ရင်း ပြုလုပ်တတ်ကြတဲ့ ပုံစံမျိုးပါ။ ပါကျဲလို နှာခေါင်းပုံစံမျိုး ပင့်တင်ရမှာပါ။ ဒီလေ့ကျင့်ခန်းဟာ လွယ်ပေမယ့် နှာခေါင်းရဲ့ အရိုး ၊ အရိုးနု နဲ့ ကြွက်သားတွေအတွက် အကျိုးသက်ရောက်မှုတော့ အများကြီးရှိပါတယ်။ နှာခေါင်းကို တိုသွားတယ်လို့ ခံစားရကောင်း ခံစားနိုင်ပေမယ့် အရိုးနုကျိုးတာမျိုးတွေကိုတောင် ကာကွယ်နိုင်တဲ့ လေ့ကျင့်ခန်းပါ။ တစ်နေ့ကို အကြိမ် ၂၀ ၊ ၃၀ လောက်လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ နေ့စဉ်မမေ့မလျော့လုပ်ဖို့တော့ လိုတယ်နော်။

နှာခေါင်းကြွက်သားတည်ဆောက်ခြင်း

နှာတံလှဖို့အတွက် နှာခေါင်းကြွက်သားတွေ သန်မာဖို့က အဓိကကျတဲ့အတွက် ကြွက်သားတွေ သန်မာဖို့ နောက်ထပ် သီးသန့်လေ့ကျင့်ခန်းလည်း လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်ဖို့အတွက် အရင်ဆုံး ပြုံးဖို့လိုပါတယ်။ အပြုံးနဲ့ အတူ နှုတ်ခမ်းဘေးတစ်ဘက်တစ်ချက်ဆီမှာ ပေါ်လာတဲ့ မျဉ်းကွေးလေးနဲ့အတူ နှာခေါင်းဘေးတစ်ဘက်တစ်ချက်ဆီကို ဖိပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကတော့ နှာခေါင်းက ကြွက်သားတွေကို တည်ဆောက်တဲ့ လေ့ကျင့်ခန်းပါ။ နေ့စဉ် အကြိမ် ၂၀ ကနေ ၃၀ အတွင်း လုပ်နိုင်မယ်ဆိုရင်တော့ လှပချွန်မြတဲ့ နှာခေါင်းလေးကို ပိုင်ဆိုင်လာနိုင်မှာပါ။

အသက်ရှူခြင်း

နှာခေါင်းဆိုတဲ့ အတိုင်း အသက်ရှူတာကတော့ မပါမဖြစ်ပါပဲ။ ဒီနှာခေါင်းချွန်ဖို့အတွက် အသက်ရှူလေ့ကျင့်ခန်းကတော့ နှာခေါင်းပေါက်တစ်ပေါက်ဆီက ရှူရမှာဖြစ်ပါတယ်။ နှာခေါင်းတစ်ဖက်ကို ပိတ်ပြီး ကျန်နှာခေါင်းတစ်ပေါက်နဲ့ အသက်ရှုတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဘယ်ဘက်ပြီးရင် ညာဘက် ဆက်လုပ်ရပါမယ်။ ဘယ်ညာနှစ်ခါပြီးရင် တစ်ကြိမ်ပါ။ စုစုပေါင်း ၁၀ ကြိမ်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

နှာခေါင်းရှုံ့ခြင်း

ဓာတ်ပုံရိုက်ရင်တောင် နှာခေါင်းရှုံ့ပြီး ရိုက်တတ်တဲ့ တို့တွေ မိန်းကလေးတွေအတွက် ဒီလေ့ကျင့်ခန်းကလည်း ခက်ခဲမနေပါဘူး။ ဒီလေ့ကျင့်ခန်းက ကြွက်သားတွေကို တည်ဆောက်ပေးပြီး နှာခေါင်းကို ပုံဖော်ပေးနိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ တခြား လေ့ကျင့်ခန်းတွေထက်လည်း နှာတံလေးကို ပိုချွန်သွားစေပါတယ်။ နှာခေါင်းတစ်ခါရှုံ့တိုင်း အချိန်ကြာကြာပြုလုပ်ဖို့တော့ လိုပါတယ်။ ဒီလေ့ကျင့်ခန်းကို တစ်နေ့အနည်းဆုံး တစ်ကြိမ်လောက် လုပ်ရင်ကို လုံလောက်ပါတယ်။ အများဆုံး တစ်နေ့ သုံးလေးကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။

နှာခေါင်းကို နှိပ်နယ်ပေးခြင်း

ကလေးငယ်တွေကို နှာခေါင်းချွန်အောင်ဆိုပြီး မိဘတွေ နှိပ်ပေးတတ်တဲ့ ပုံစံနဲ့ အတူတူပါပဲ။ နှာခေါင်းအစိတ်အပိုင်းအားလုံးကို လက်ညှိုးလေးတွေနဲ့ နှိပ်နယ်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကိုတော့ တစ်နေ့ကို ငါးမိနစ်လောက် လုပ်ပေးရင်ပဲ အဆင်ပြေပါပြီ။

လွယ်ကူရိုးစင်းတဲ့ ဒီလေ့ကျင့်ခန်းတွေက နှာတံလေးတွေဖြောင့်စင်ချွန်မြပြီး လှချင်ကြတဲ့ မေပျိုမဒီတွေအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ နေ့စဉ် ပုံမှန်လုပ်ပေးဖို့လည်း မမေ့ကြနဲ့ဦးနော်။

အားလုံးပဲ လှသထက် လှနိုင်ကြပါစေ။

 

Share

Loading Next Article...
က္က