နှုတ်ခမ်းနီလေးတွေရဲ့ အရောင်အလိုက် လေးနက်တဲ့ အဓိပ္ပါယ်လေးတွေ ရှိနေကြပါတယ်။
Thin Nu Swe

မဒီတို့ အလှပြင်ရင် မပါမဖြစ် အသုံးပြုတာက နှုတ်ခမ်းနီပါ။ မိတ်ကပ်မလိမ်းထားချိန်မှာတောင် နှုတ်ခမ်းနီလေးဆိုးလိုက်ရုံနဲ့ မျက်နှာကို ထင်းကနဲဖြစ်စေနိုင်တဲ့ အရာမျိုးဖြစ်တဲ့အတွက် မိန်းကလေးတိုင်းရဲ့ အသည်းစွဲလည်း ဖြစ်ပါတယ်။ နှုတ်ခမ်းနီတောင့်ကို ရောင်စုံဝယ်စုထားတတ်ကြတာလည်း မိန်းကလေးတွေရဲ့ ရူးသွပ်တဲ့ ဝါသနာတစ်ခုပါပဲ။ ဒီလိုရောင်စုံရှိနေတဲ့ နှုတ်ခမ်းနီလေးတွေရဲ့ အဓိပ္ပါယ်ကို သိထားကြမယ်ဆိုရင် အလှအပတွေဟာ ပိုပြီးလေးနက်လာနိုင်ပါတယ်။

ပန်းရောင်နှုတ်ခမ်းဖူး

ပန်းရောင်ခပ်ဖျော့ဖျော့နဲ့ အလယ်အလတ် ပန်းရောင်လေးကတော့ မိန်းမဆန်တဲ့ အလှတရားကို ဖော်ညွှန်းပါတယ်။ ဒီနှုတ်ခမ်းနီရောင်က နူးညံ့သိမ်မွေ့ခြင်း ၊ ကြင်နာခြင်းနဲ့ အလိုက်သိခြင်းတို့ကို ပြသတဲ့အရောင်ပါပဲ။ ဒီအရောင်လေးကတော့ ကိုယ်ဝတ်ဆင်ထားတဲ့ အဝတ်အစားအလိုက် ပေါ့ပါးမှုနဲ့ လှပတင့်တယ်မှုတို့ကို ပေးစွမ်းမှာပါ။

နှင်းဆီရဲရဲနှုတ်ခမ်းဖူး

နှင်းဆီရဲရဲနှုတ်ခမ်းနီရောင်လေးတွေကတော့ ယုံကြည်မှုအပြည့်အဝရှိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသွင်သဏ္ဍာန်ပါ။ နှုတ်ခမ်းနီရဲရဲလေးတွေနဲ့ လိုက်ဖက်တဲ့ အဝတ်အစားအရောင်တွေကတော့ အနီရောင် ၊ အနက် ၊ ခရမ်းရောင် နဲ့ အပြာရောင်တွေပဲဖြစ်ပါတယ်။ နှုတ်ခမ်းနီ အနီဝတ်ဆိုးထားတဲ့နေ့တွေမှာ အဝါ နဲ့ အစိမ်းရောင်ကို ဝတ်ဆင်တာတွေ ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားတင်းရမယ့် ကိစ္စ ၊ ချေရမယ့်နေရာ နဲ့ ကိုယ့်ရဲ့ အရည်အချင်းတွေကို ပြသရမယ့်နေရာတွေမှာ အနီရောင်နှုတ်ခမ်းနီက အသင့်တော်ဆုံးပါပဲ။ 

စပျစ်ရောင်နှုတ်ခမ်းဖူး

ဒီအရောင်ကတော့ အသားညိုတဲ့သူတွေနဲ့ လိုက်ဖက်တဲ့အရောင်ပါ။ စွဲမက်ဖွယ်ရာ ၊ စိတ်ဝင်စားဖွယ်ရာ နဲ့ စွဲဆောင်မှုအပြည့်ရှိတဲ့ သင်္ကေတအရောင်လည်းဖြစ်ပါတယ်။ ဒီနှုတ်ခမ်းနီလေးကို ဆိုးထားတဲ့ မိန်းကလေးရဲ့ အသွင်သဏ္ဍာန်ဟာ မြင်ရသူစိတ်ကို တမျိုးလေး ခံစားရစေပါတယ်။

ပန်းခရမ်းနှုတ်ခမ်းဖူး

အနီရောင်လည်း မဟုတ် ၊ ခရမ်းရောင်လည်း မကျတဲ့ ပန်းခရမ်းရောင်လေးကတော့ သနားကြင်နာမှု နဲ့ တဇွတ်ထိုးခေါင်းမာသူ မိန်းကလေးတစ်ယောက်ရဲ့ အသွင်အပြင်ကို ဖော်ပြနေပါတယ်။ ထိလိုက်တာနဲ့ မီးပွင့်သွားနိုင်မယ့် အန္တရာယ်ကောင်မလေးတစ်ယောက်ကို ဖော်ညွှန်းတဲ့ နှုတ်ခမ်းနီအရောင်ပါ။

 အနီရောင်နှုတ်ခမ်းဖူး

ဒီနှုတ်ခမ်းနီကတော့ ပုံမှန်အနီရောင်နှုတ်ခမ်းနီပါပဲ။ တောက်ပတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသွင်အပြင်ကိုဆောင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သိနားလည်တဲ့ ရင့်ကျက်တဲ့ ဦးဆောင်နိုင်စွမ်းအပြည့်အဝရှိတဲ့ မိန်းမတစ်ယောက်အဖြစ် ဖော်ညွှန်းထားတဲ့ နှုတ်ခမ်းနီရောင်ဖြစ်ပါတယ်။

 လိမ္မော်ရင့်ရောင် နှုတ်ခမ်း

လိမ္မော်ရင့်ရောင် နှုတ်ခမ်းကတော့ လှပတင့်တယ်တဲ့ အသွင်အပြင်ကိုဆောင်ပါတယ်။ ပြီးပြည့်စုံနဲ့ ကျက်သရေ ၊ ကြင်နာနွေးထွေးမှု ၊ ရင့်ကျက်မှု နဲ့ ချစ်ခြင်းသင်္ကေတပါတဲ့ရှင်။

 ပန်းရောင်ရင့်နှုတ်ခမ်းဖူး

ပန်းရင့်ရောင် နှုတ်ခမ်းနီကလည်း ရဲရင့်မှု ၊ စွန့်စားလိုစိတ်အပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသွင်ကို ပုံဖော်ထားပါတယ်။ လွတ်လပ်ပြီး ဖော်ရွေမှုသဘောကိုလည်း ဆောင်ပါတယ်။ မိန်းမဆန်မှုကို အသားပေးပြီး ယုံကြည်မှုအပြည့်ရှိတဲ့ သွက်လက်ချက်ချာတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ပန်းရင့်ရောင်က အဓိပ္ပါယ်ဆောင်ပါတယ်။

သမရိုးကျမဟုတ်တဲ့ နှုတ်ခမ်းနီရောင်တွေ

ဒီဘက်ခေတ်မှာ ပြောဖို့ခက်တဲ့ ထူးဆန်းတဲ့ နှုတ်ခမ်းနီရောင်တွေအမြောက်အမြား ပေါ်ထွက်လာကြပါတယ်။ နှုတ်ခမ်းနီမည်း ၊ မီးခိုးရောင်နှုတ်ခမ်းနီ နဲ့ ကျောက်မီးသွေးရောင် နှုတ်ခမ်းနီတွေကအစ ပေါ်ထွက်လာကြတာပါ။ ခရမ်းရောင်မကျတကျ နှုတ်ခမ်းနီတွေ ၊ အပြာရောင် နဲ့ အစိမ်းရောင် နှုတ်ခမ်းနီတွေကိုလည်း ဆိုးလာကြပါတယ်။ ဒီရောင်တွေကတော့ မော်ဒန်ဆန်ပြီး ဆန်းသစ်တဲ့ အတွေးအခေါ်လို့ ဆိုရမှာပါပဲ။ များသောအားဖြင့် ဓာတ်ပုံရိုက်ကူးရေးတွေ ၊ အနုပညာရှင်တွေပါဝင်တဲ့ အခမ်းအနားတွေမှာ ဆိုးကြတာကို မြင်တွေ့ရတတ်ပါတယ်။

ဘယ်လို နှုတ်ခမ်းနီအရောင်ကို ရွေးချယ်ဆိုးထားသည်ဖြစ်စေ ဆိုးထားတဲ့ မဒီတွေရဲ့ စိတ်ထဲမှာ လှပလိုမှုနဲ့ အတူ နှုတ်ခမ်းနီအရောင်တွေရဲ့ အဓိပ္ပါယ်လေးနက်မှုတွေ သိထားတယ်ဆိုတော့ ကိုယ့်နှုတ်ခမ်းလေးတွေရဲ့ လေးနက်ချိုမြိန်မှုကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ


က္က