loading...

loading...

loading...

၂၀၁၉ ခုနှစ်ဟာ မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေကို အများကြီးတွေ့မြင်ခဲ့ရတဲ့ နှစ်တစ်နှစ်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။
Thin Nu Swe

၂၀၁၉ ခုနှစ်ကနေ မကြာခင်မှာ ၂၀၂၀ ကို ကူးပြောင်းဖို့ နာရီပိုင်းသာ လိုပါတော့တယ်။ ၂၀၁၉ ခုနှစ်ကို လည်ပြန်ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေ အများကြီးပေါ်ထွန်းခဲ့ကြသလို အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ စွမ်းစွမ်းတမံလုပ်ဆောင်ချက်တွေအများကြီးကို တွေ့ခဲ့ကြရပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း အမျိုးသမီးတွေရဲ့ စွမ်းစွမ်းတမံဆောင်ရွက်ချက်တွေကို ခုပဲ ဖော်ပြပေးလိုက်ပါတယ်။

-အာဆီယံအမျိုးသမီးစွမ်းဆောင်ရှင်ဆုအများဆုံးနှစ်

ဒီနှစ် ၂၀၁၉ ခုနှစ်မှာတော့ ၂၀၁၉ ခုနှစ် အာဆီယံအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်ဆုကို ရန်ကုန် နဲ့ မန္တလေးက အမျိုးသမီး လုပ်ငန်းရှင် ၁၀ဦး က ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ဒီနှစ်ဟာ မြန်မာနိုင်ငံက အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်ဆုအများဆုံး ဆွတ်ခူးရရှိခဲ့တဲ့ နှစ်လည်း ဖြစ်ပါတယ်။ ဆုရရှိသွားခဲ့ကြသူတွေကတော့ ရန်ကုန်က SP bakery CEO ဒေါ်သင်းသင်းကျော်၊ A1 Group of companies ရဲ့ Executive Director ဒေါ်ရည်ဝိုင်းဦး၊ မန္တလေးမြို့ New Technical Group Computing ကုမ္ပဏီက ဒေါ်သီရိခေတ်၊ Unique Generation Group (ဦးဂျမ်းလုံချည်ဖြန့်ဖြူးရောင်းချရေး) က ဒေါ်ခင်ဝင်းဆွေ၊ New Starlight Group of Companies က ဒေါ်မေရင်၊ Shwe Myanmar Garment ကုမ္ပဏီက ဒေါ်နွယ်နီသိန်း နဲ့ အောင်ခန့်ထည်ကုမ္ပဏီက ဒေါ်အေးအေးအောင်တို့ပဲဖြစ်ပါတယ်။ Asean Women Entrepreneur Award (AWEN) ဆုပေးပွဲကတော့ ၂၀၁၄ ခုနှစ်ကနေ နှစ်စဉ်နှစ်တိုင်း အာဆီယံဒေသတွင်း နိုင်ငံတွေက ထူးချွန်အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေကို ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာမှာ မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုလည်းဖြစ်ပါတယ်။


-“Women Riders World Relay” အစီအစဥ်တွင်း ပထမဆုံးပါဝင်ခဲ့တဲ့နှစ်

ကမ္ဘာတဝှမ်း အမျိုးသမီး ဆိုင်ကယ်စီးသမားတွေရဲ့ ပထမဆုံး စုပေါင်းလှုပ်ရှားမှု “Women Riders World Relay”လက်ဆင့်ကမ်း ဆိုင်ကယ်ခရီးစဉ်မှာ မြန်မာအမျိုးသမိးဆိုင်ကယ်သမားတွေပါဝင်ခဲ့တဲ့ နှစ်ဖြစ်ပါတယ်။ “Women Riders World Relay”(WRWR) ရဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေ စွန့်စားမှု လုပ်ငန်းတွေမှာ စိတ်ပါဝင်စားလာစေဖို့ ၊ မြန်မာနိုင်ငံတွင်း ကျား၊ မခွဲခြားဆက်ဆံမှု လျော့ကျလာစေဖို့ ၊ လူမျိုး၊ ဘာသာ၊ ကျား၊ မ လိင်ခွဲခြားမှုတွေကို မြန်မာနိုင်ငံမှာ အပြု သဘောဆောင်ပြီး မြှင့်တင်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေပဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီး ဆိုင်ကယ်စီး စုစုပေါင်း တစ်သောင်း ရှစ်ထောင်ကျော်က တစ်နှစ်အတွင်း နိုင်ငံပေါင်း ၉၉ နိုင်ငံကိုဖြတ်ကျော်မောင်းနှင်ကြတဲ့ အစီအစဥ်ဖြစ်ပါတယ်။ ဒီအစီအစဥ်မှာ မြန်မာနိုင်ငံက ဆိုင်ကယ်စီးအမျိုးသမီး ၇ဦး ပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတွေဟာ နိုင်ငံတကာက အမျိုးသမီးတွေနည်းတူ စွန့်စားမှုကို နှစ်သက်ခုံမင်ကြသူတွေဖြစ်ကြောင်း ၊ ရဲရင့်ပြီး သတ္တိရှိကြကြောင်း ၊ အမျိုးသားများနည်းတူ စွမ်းဆောင်ရည်ရှိကြကြောင်း ဒီလုပ်ရပ်နဲ့သက်သေပြနိုင်ခဲ့ပါတယ်။

-အနုပညာအားထုတ်မှုတွေသာလွန်တဲ့နှစ်

ဒီနှစ်ဟာ အနုပညာလောကထဲမှာလည်း အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေ ဆထက်ထမ်းပိုးများလာခဲ့တဲ့နှစ်လို့ ပြောလို့ရပါတယ်။ ဥပမာအားဖြင့်ပြောရမယ်ဆိုရင်တော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှုအမြောက်အမြားရရှိခဲ့တဲ့ သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားဟာဆိုရင် အမျိုးသမီးတွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ Team တစ်ခုက နောက်ကွယ်မှာ တည်ရှိနေပါတယ်။ ကြောက်ခမန်းလိလိအောင်မြင်ခဲ့တဲ့ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေ အပြည့်အဝပါဝင်နေပါတယ်။ Producer ၊ ဇာတ်ညွှန်း ၊ တည်းဖြတ် ၊ လက်ထောက်ဒါရိုက်တာ ၊ production design ၊ Make Up ၊ အဝတ်အစား ၊ special effect make up ၊ behind the scene photo & video ၊ မှတ်တမ်း နဲ့ cast coordinator အစရှိတဲ့ တာဝန်တွေကို ယူခဲ့ကြသူတွေဟာ အမျိုးသမီးစွမ်းဆောင်ရှင်တွေပါ။ အနုပညာလောကမှာ အတတ်ပညာရှင်အမျိုးသမီးတွေ အများကြီး ပေါ်ထွန်းခဲ့တဲ့ နှစ်လို့ ပြောရင်လည်း မမှားပါဘူး။


-မိန်းကလေးငယ်များကို နေရာပေးခဲ့တဲ့နှစ်

ဒီနှစ်မှာ အမျိုးသမီးငယ်လေးတွေနဲ့ ပတ်သက်ပြီး ဟိုးလေးတကျော်ကျော် ဖြစ်သွားတဲ့ နောက်ထပ်ကိစ္စတစ်ရပ်ရှိပါသေးတယ်။ အဲဒါကတော့ Plan International Myanmar ရဲ့ Girls Takeover အစီအစဥ်ပဲ ဖြစ်ပါတယ်။ အမျိုးသမီးငယ်လေးတွေကို တကယ့်ခေါင်းဆောင်ရမယ့်နေရာတွေမှာ အသီးသီးတာဝန်ယူ ဆောင်ရွက်စေတဲ့အစီအစဥ်ကောင်းဖြစ်ပါတယ်။ Diplomatic Sector ၊ Public Sector ၊ Private Sector ၊ Ingo/NGO Sector စသဖြင့် Sector ပေါင်းများစွာ ခွဲပေးထားပြီး အမျိုးသမီးငယ်လေးတွေကို တစ်ရက်စီ တာဝန်ယူစေခဲ့တဲ့ ဒီအစီအစဥ်ဟာ ပြုလုပ်ခဲ့တာ ၃နှစ် ရှိနေပြီဖြစ်ပေမယ့်လည်း ဒီ ၂၀၁၉ မှာမှ လူသိများထင်ရှားလာခဲ့ကာ လူထုရဲ့ အသိအမှတ်ပြုမှုကို ရရှိလာခဲ့ပါတယ်။ မြန်မာမိန်းကလေးတွေ ညီမျှတဲ့ တာ၀န်ယူဆုံးဖြတ်နိုင်ခွင့်တွေ ၊ ညီမျှတဲ့ လွတ်လပ်ခြင်းနဲ့ လုံခြုံမှု အပြင် ညီမျှတဲ့ ကိုယ်စားပြုခွင့်နဲ့ ခေါင်းဆောင်နိုင်ခွင့်တွေကို ရရှိလာဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့တဲ့ ဒီအစီအစဥ်ကြောင့် ဒီနှစ်မှာ အရည်အချင်းရှိတဲ့ အမျိုးသမီးငယ်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

-အမျိုးသားတွေ မပေါ့ဆကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပြောယူရတဲ့နှစ်



Myanmar Entrepreneurship Summit 2019 အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားများအနေနဲ့ အမျိုးသမီးတွေနဲ့တန်းတူ တိုးတက်စေချင်ကြောင်း ပြောယူခဲ့ရတဲ့ နှစ်ဖြစ်ပါတယ်။ ဒီအခမ်းအနားဟာ လေးကြိမ်မြောက်ကျင်းပခဲ့တဲ့ အခမ်းအနားဖြစ်ပြီး မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှာ အမျိုးသမီးထုပါဝင်မှုရာခိုင်နှုန်းက ထက်ဝက်ကျော်နေတာကြောင့် အမျိုးသားတွေပါဝင်လာမှုကိုလည်း တိုးတက်စေချင်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောယူရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှာ အမျိုးသမီးလုပ်ငန်းရှင်တွေက (၆၀)ရာခိုင်နှုန်းနီးပါးလောက်ပါဝင်နေပြီး အမျိုးသမီးတွေပါဝင်လာမှုဟာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာတဲ့အတွက် အမျိုးသားတွေကိုလည်း တန်းတူတိုးတက်စေချင်ကြောင်း Myanmar Entrepreneurship Summit 2019 အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ်အတွင်း စွန့်ဦးတီထွင် လုပ်ငန်းရှင်အမျိုးသမီးတွေ များပြားလာတဲ့ အချင်းအရာပဲဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် ၂၀၁၉ ဟာ နယ်ပယ်အသီးသီးက မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါကြောင်း....။ 


loading...

က္က