ဒီဇာတ်လမ်းတွဲမှာတော့ နာမည်ကျော်သရုပ်ဆောင်များပါဝင်သွားမှာပါ။
Sabal Thwin

သရုပ်ဆောင် နေထက်လင်း၊ နေမင်း၊ ကောင်းပြည့်၊ ရန်အောင်ဖြိုး၊ ကျော်သူဟိန်း၊ သင်ဇာဝင့်ကျော်၊ ခင်ဝင့်ဝါ၊ စွမ်းရည်နဲ့ စိုးမိုးကြည် တို့ပါဝင်သရုပ်ဆောင်သွားမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲဖြစ်တဲ့ မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ ဆိုတဲ့ ဇာတ်ကား ကတော့ ဆရာမ စာရေးဆရာမ မေသင်္ကြန်ဟိန် ရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိတစ်ခုပဲဖြစ်ပါတယ်။ ဒီ အတ္ထုပတ္တိကို ရုပ်သံဇာတ်လမ်းတွဲရိုက်ကူး ဖြစ်ပုံနဲ့ ပတ်သက်ပြီး ဆရာမ မေသင်္ကြန်ဟိန် က Duwun Media ကိုပြောပြခဲ့ပါတယ်။

 

''  ကျွန်မတို့တိုင်းပြည်မှာ ခေတ်ပြောင်းတော်လှန်ရေး တစ်ခုကို ကျွန်မက မုန်တိုင်းတစ်ခုအနေနဲ့ တင်စားလိုက်တာပါ။ ခေတ်ပြောင်း တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့လူတိုင်းဟာ မုန်တိုင်းရဲ့ ဒဏ်ကို ခံစားခဲ့ရတဲ့သူတွေချည်းပါပဲ။ နိုင်ငံရေးသမားတွေတင်မကပါဘူး နိုင်ငံရေးသမားတွေရဲ့ မိသားစု၊ နိုင်ငံရေးသမားတွေကို နောက်ကွယ်ကနေပြီးတော့ ပံ့ပိုးပေးတဲ့ Hidden Hero တွေ၊ ပြီးတော့ ပြည်သူလူထုတွေ အားလုံးပါဝင်ပါတယ်'' လို့သူက ဆိုပါတယ်။

ဖြစ်ရပ်မှန်အတ္ထုပတ္တိ ကိုပြန်လည်ရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်ကိုပေးချင်တဲ့ မက်ဆေ့ချ်က ၂ ခုရှိတယ်လို့ဆို ပါတယ်။

'' ပထမတစ်မျိုးကတော့ နိုင်ငံတစ်နိုင်ငံပြောင်းလဲဖို့အတွက် တည်ဆောက်ဖို့အတွက် နိုင်ငံရေးသမားတွေရဲ့ အင်အားတစ်ခုတည်း နဲ့ တင်မရပါဘူး။ပြည်သူလူထုတွေ၊ ပံ့ပိုးပေးတဲ့သူတွေ၊ မိသားစုတွေရဲ့  ခွန်အားတွေ၊ အင်အားတွေ၊ ပေးဆပ်မှုတွေ ဒါတွေအားလုံး လိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်မတို့လို ဂျာနယ်လစ်တွေပေါ့  ဂျာနယ်လစ်တစ်ယောက်ရဲ့ Role ဟာ ဘာလဲ၊ ဂျာနယ်လစ် ရဲ့ အလုပ်တွေက ဘာတွေလဲ၊ ဂျာနယ်လစ်က တိုင်းပြည်ထူထောင်တဲ့နေရာမှာ ဘယ်လိုအလုပ်မျိုးတွေလုပ်ပြီးတော့ ပါဝင်ခဲ့သလဲဆိုတာကို ကျွန်မ အနေနဲ့ဒါကိုလည်း ပြချင်ပါတယ်။'' လို့ Duwun Media  ကိုပြောပြခဲ့ပါတယ်။

 

မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ ရုပ်သံဇာတ်လမ်းတွဲက ဆိုရင် စာရေးဆရာမတစ်ဦးလည်းဖြစ်၊ မြစ်မခမီဒီယာရဲ့ C.E.O တစ်ယောက်ဖြစ် တဲ့ ဒေါ်မေသင်္ကြန်ဟိန် ရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိဖြစ်တဲ့ ကျွန်မချစ်တဲ့သူတွေ ဆိုတဲ့နာမည်နဲ့စာအုပ်ကိုရေးသားထုတ်ဝေခဲ့ရာ ပရိသတ်များစွာတို့ကလည်း အားပေးခဲ့ကြတာကို တွေ့ရပါတယ်။ အဲ့ဒီနောက် ဇာတ်လမ်းတွဲရိုက်ကူးဖို့ကိုလည်း ပြင်ဆင်ခဲ့တာဖြစ်ပြီး ပါဝင်ကြမယ့်  သရုပ်ဆောင်တွေကလည်း တကယ်ကိုစွမ်းဆောင်နိုင်မယ်လို့ ယုံကြည်တယ်လို့သူကဆိုပါတယ်။

Photo: ဒေါ်မေသင်္ကြန်ဟိန် ဖေ့စ်ဘွတ်

See More

 


Author


က္က