ဖက်ရှင်မြို့တော်လို့ တင်စားကြတဲ့ အီတလီနိုင်ငံ၊ မီလန်မြို့မှာ ခုဆိုရင် ဖက်ရှင်ရှိုးပွဲတွေ တစ်ပွဲပြီးတစ်ပွဲ လုပ်နေကြပါပြီ။ ကမ္ဘာကျော် မော်ဒယ်တွေ၊ စူပါမော်ဒယ်တွေနဲ့ နာမည်ကြီးအမှတ်တံဆိပ်တွေကို လျှောက်လမ်းထက်မှာ အတူယှဉ်တွဲ မြင်နေရပါတယ်။ ဂျီဂျီဟက်ဒီး၊ ဘယ်လာဟက်ဒီး၊ ကန်ဒဲလ်ဂျန်နာ စတဲ့ နာမည်ကျော် မော်ဒယ်တွေရဲ့အလှအပကို မြင်တဲ့အခါ ကမ္ဘာ့အသက်အကြီးဆုံး မော်ဒယ်ကြီးအကြောင်းကိုပါ တွေးမိပါတယ်။
Carmen Dell'Orefice ဟာ အသက် ၈၅ နှစ် ရှိပြီဖြစ်ပါတယ်။ ဒီအသက်အရွယ်ထိတိုင် ဖက်ရှင်ရှိုးတွေ လျှောက်နေဆဲဖြစ်တဲ့ ကမ္ဘာ့အသက်အကြီးဆုံးမော်ဒယ်လည်း ဖြစ်ပါတယ်။
ယခုနှစ်စပိုင်းကဆိုရင် အနီရောင်ဝတ်စုံကြီးနဲ့ ရှိုးလျှောက်ခဲ့တဲ့ပုံရိပ်ဟာ ကမ္ဘာတစ်ဝန်းမှာ အားကျငေးမောစရာဖြစ်သွားခဲ့ရပါသေးတယ်။ Guo Pei အမှတ်တံဆိပ်ရဲ့ ဖက်ရှင်ရှိုးမှာ ကားမန်းက ဝင်လျှောက်ခဲ့တာပါ။
သွေးနီရောင် စိုလက်တဲ့အနီရောင်ဝတ်စုံကြီးမှာ ခရစ္စတယ်ကျောက်တွေ စီခြယ်ထားတဲ့ ဝတ်စုံကြီးကို ဝတ်ဆင်ခဲ့ပါတယ်။ ဦးခေါင်းထက်က အနီရောင် ခရစ္စတယ်သရဖူလေးကလည်း အတော်ဒီဇိုင်းဆန်းပါတယ်။ ငယ်ရွယ်တဲ့ကောင်လေးနှစ်ယောက်ကို ခြံရံပြီး စင်ပေါ်မှာ ဝင့်ကြွားစွာ လျှောက်လှမ်းခဲ့တဲ့ ကားမန်းရဲ့ ပုံရိပ်ဟာ ဘုရင်မကြီးတစ်ပါးလို ထည်ဝါနေခဲ့ပါတယ်။
"ကျွန်မကတော့ အသက် ၁၀၅ နှစ်အထိ ရှိုးလျှောက်နေဦးမှာ။ အဲ့ကျရင်တော့ အလုပ်အကိုင်ပြောင်းချင်စိတ်ရှိလာမယ်ဆို ပြောင်းမှာပေါ့" လို့ အသက် ၈၅ နှစ်အရွယ် မော်ဒယ်ကြီးက ပြောခဲ့ပါတယ်။
Source : Bazaar