In partnership with  logo
ရှင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်မတို့အားလုံး ရှင်နဲ့အတူ ရှိနေပါတယ်

NBC ရုပ်သံသတင်းဌာနရဲ့ အစီအစဉ်မှူး Megyn Kelly ဟာ ကမ္ဘာကို ရိုက်ခတ်နေတဲ့ #MeToo လှုပ်ရှားမှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူမအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ကိုလည်း လူသိအောင် ထုတ်ဖော်ပြောခဲ့သူ ဖြစ်ပါတယ်။ Today Show ကို အတူတင်ဆက်တဲ့ Matt Lauer ဟာ Megyn ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာကြောင့် NBC ရုပ်သံသတင်းဌာနရဲ့ အစီအစဉ်မှူးနေရာကနေ ရပ်ဆိုင်းခံလိုက်ရပါတယ်။

 

မိမိကို စော်ကားတဲ့ အမျိုးသားတွေကို ဆန့်ကျင်ဖို့ ခွန်အားမရှိဘူးလို့ ခံစားနေရတဲ့ အမျိုးသမီးတွေအတွက် Megyn က နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ စကားပြောပေးခဲ့ပါတယ်။ " သမိုင်းတွင်မယ့် အခိုက်အတန့်" လို့ ခေါ်တဲ့ စကားလုံးနဲ့ တင်စားခဲ့ပြီး အမျိုးသမီးတွေကို အားပေးခဲ့တာပါ။ ကမ္ဘာတစ်ဝန်းက လူ ထောင်ပေါင်းများစွာဟာ သူတို့ကြုံခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခံခဲ့ရတာတွေကို ထုတ်ဖော်ပြောကြားနေတဲ့ ယခုလက်ရှိအချိန်က သမိုင်းတွင်မယ့် အခိုက်အတန့်ပါပဲလို့လည်း Megyn က သုံးနှုန်းထားတယ်။

 

Time မဂ္ဂဇင်းရဲ့ ၂၀၁၇ ခုနှစ်အတွက် Person of the Year ကို " တိတ်ဆိတ်မှုဖြိုခွင်းသူများ" အဖြစ် ဂုဏ်ပြုဖော်ပြပြီးနောက် ဗုဒ္ဓဟူးနေ့မှာ Megyn ကလည်း သူမရဲ့ အစီအစဉ်ကတစ်ဆင့် လိင်ပိုင်းဆိုင်ရာ လက်မခံနိုင်တဲ့အပြုအမူရဲ့ သားကောင်းဖြစ်ခဲ့ရသူတွေကို သတင်းစကား ပြောကြားခဲ့ပါတယ်။ သားကောင်ဖြစ်ခဲ့ရသူတွေဟာ သူတို့ရဲ့အတွေ့အကြုံတွေကို မျှဝေဖို့ရာ စိတ်က သက်တောင့်သက်သာမဖြစ်သေးဘူးဆိုသူတွေအတွက် ရှေ့ပိုင်းက ဦးဆောင်ပြောသွားခဲ့တဲ့ အမျိုးသမီးတွေကို အားပေးထောက်ခံကြောင်းကိုလည်း ထည့်ပြောခဲ့ပါတယ်။

 

" အလုပ်နဲ့ ဂုဏ်သိက္ခာ ဆိုပြီး နှစ်ခုထဲက တစ်ခုကို ရွေးစရာမလိုပါဘူး။ ဒါပေမဲ့ ရှင့်ကို တစ်ယောက်ယောက်က ရွေးချယ်ခိုင်းလာပြီဆိုရင်တော့ ဂုဏ်သိက္ခာကို ရွေးပါ။ ရှင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်မတို့အားလုံး ရှင်နဲ့အတူ ရှိနေပါတယ်" ဆိုပြီး သူမရဲ့ အစီအစဉ် အဆုံးသတ်ပိုင်းမှာ ခွန်အားရှိရှိနဲ့ ပြောသွားခဲ့တယ်။ အဲ့ဒီ အစီအစဉ်မှာ #MeToo လှုပ်ရှားမှုကို ဦးဆောင်ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Alyssa Milano လည်း ပါဝင်ခဲ့ပါတယ်။ ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူ Hervey Weinstein ဟာ အမျိုးသမီးသရုပ်ဆောင်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားခဲ့တဲ့အပေါ် သရုပ်ဆောင် Tarana Burke က #MeToo လှုပ်ရှားမှုနဲ့ စတင်လှုံ့ဆော်ခဲ့ပြီးနောက် အမျိုးသမီးတွေရော အမျိုးသားတွေပါ ဒီလှုပ်ရှားမှုမှာ ပါဝင်နေကြပါပြီ။ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခံခဲ့ရဖူးသူတွေဟာ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေကာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုကို ဆန့်ကျင့်တဲ့အနေနဲ့ လူမှုကွန်ရက်တွေပေါ်မှာ #MeToo စာတွေကို ရေးသားနေကြပါတယ်။

Source : Time

Share

Loading Next Article...
က္က