In partnership with  logo
ပွဲတက်ဝတ်စုံ စီစဉ်ပေးရတဲ့ ဒီဇိုင်နာတွေဟာ ခုဆို ဝတ်စုံအသစ်တွေ ထပ်မံဖန်တီးပေးနေကြရပြီ။

ဒီနှစ်ဟာ ဟောလိဝုဒ်အနုပညာအသိုင်းအဝိုင်းထဲက အမျိုးသမီးတွေအဖို့ ခက်ခဲတဲ့နှစ်တစ်နှစ်ပါ။ နှစ်တစ်နှစ် ဆိုတာထက် ရာစုနှစ်တစ်ခုလောက်တောင် ဖြစ်နေခဲ့ပါပြီ။ ရုပ်ရှင်အသိုင်းအဝိုင်းထဲမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှု ကြုံခဲ့ရတာတွေကို ထုတ်ပြောနေကြတယ်။ Harvey Weinstein ၊ Louis C.K ၊ Matt Lauer တို့လို နာမည်ကြီး သြဇာအာဏာကြီးတဲ့ အမျိုးသားတွေရဲ့ ကျူးလွန်မှုတွေကို ထုတ်ဖော်ပြောကြားနေကြတာပါ။

 

အဲ့ဒီကနေ စတင်ပြီးတော့လည်း metoo လှုပ်ရှားမှုဆိုတာ ပေါ်ပေါက်လာခဲ့တယ်။ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု၊ လိင်အကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ metoo လှုပ်ရှားမှုတွေ လုပ်နေကြပါတယ်။ ခုတော့ ဟောလိဝုဒ်အသိုင်းအဝိုင်းက အမျိုးသမီးတွေဟာ သူတို့ရဲ့ဖြစ်ရပ်နဲ့ ခံစားချက်တွေကို ၂၀၁၈ ခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ လှုပ်ရှားမှုတစ်ခုအနေနဲ့ ပြုလုပ်သွားကြဦးမှာ ဖြစ်ပါတယ်။ အဲ့တာကတော့ ရွှေကမ္ဘာလုံးဆုပေးပွဲကို အနက်ရောင်တွေပဲ ဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်ကြမယ်လို့ သိရပါတယ်။

 

Us Weekly မှာ ရေးသားချက်အရ ယခုနှစ်ရွှေကမ္ဘာလုံးဆုပေးပွဲကို အမျိုးသမီးတွေဟာ အနက်ရောင်တွေချည်း ဝတ်ဆင်လာခြင်းအားဖြင့် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ စော်ကားနှောင့်ယှက်နေမှုတွေကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ကြမယ်လို့ သိရပါတယ်။ ဒီစိတ်ကူးကိုတော့ အမျိုးသမီးသရုပ်ဆောင်တစ်စုက စတင်ရခဲ့တာဖြစ်ပြီး စည်းလုံးညီညွတ်မှုကို ပြသမယ့်အရောင်တစ်ရောင် ဝတ်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲ့ဒီအကြောင်းက ပျံ့နှံ့သွားပြီးနောက် ပွဲတက်မယ့် အခြား အမျိုးသမီးသရုပ်ဆောင်တွေကပါ ပါဝင်ဖို့ ပြောကြားလာကြပါတယ်။ ဆန်ခါတင်စာရင်းဝင် အမျိုးသမီးသရုပ်ဆောင်တွေရော အခြားအမျိုးသမီးတွေကပါ ပါဝင်ကြမှာဖြစ်လို့ ပွဲတက်ဝတ်စုံ စီစဉ်ပေးရတဲ့ ဒီဇိုင်နာတွေဟာ ခုဆို ဝတ်စုံအသစ်တွေ ထပ်မံချုပ်လုပ်ပေးနေကြရပြီလို့လည်း သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

 

ဘယ်သူတွေက ဒီဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ကြမယ်ဆိုတာ စာရင်းအတိအကျတော့ မသိရသေးပေမဲ့ ဆန်ခါတင်စာရင်းဝင်သူတွေ ၊ အစီအစဉ်တင်ဆက်သူတွေနဲ့ Meryl Streep ၊ Jessica Chastain ၊ Helen Mirren ၊ Emma Stone ၊ Nicole Kidman ၊ Reese Witherspoon တို့လို ထိပ်တန်း မင်းသမီးတွေကတော့ အနက်ရောင်တွေဝတ်လာကာ ဒီလှုပ်ရှားမှုမှာ ပါဝင်ကြမှာပါ။ ၇၅ ကြိမ်မြောက် ရွှေကမ္ဘာလုံး ဆုပေးပွဲကို ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီ ၇ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Source : Bazaar

Share

Loading Next Article...
က္က