In partnership with  logo
သူများဂရုစိုက်မှ ပျော်ရတာမဟုတ်ဘူးဆိုတာ သက်သေပြလိုက်စမ်းပါ။

မဒီတို့ မိန်းကလေးတွေဟာ ငယ်ရွယ်စဉ်ကာလတွေမှာ ကိုယ်ချစ်ရတဲ့သူဆိုရင် မှီခို အားကိုးလိုက်ချင်တယ်။ ချစ်သူ၊ မိဘ၊ သူငယ်ချင်းတို့လို ကိုယ်ချစ်ရတဲ့သူတွေကိုဆို သိပ်ပြီးတော့ အားကိုးချင်ခဲ့တာ။ ဒါပေမဲ့ တဖြည်းဖြည်း ရင့်ကျက်လာတာနဲ့အမျှ သူများကို မမှီခိုချင်တော့ဘူး။ ကိုယ့်အားကိုယ်ကိုးတတ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်တတ်လာတယ်။

 

ကိုယ့်ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားတဲ့အခါ ဘေးလူတွေရဲ့ ပြောစကားတွေကို ဂရုမစိုက်တော့ဘူး။ ကိုယ့်အတွက် ဘယ်လိုမှ အဆင်မပြေတဲ့အရာကြီးကိုလည်း အားနာစိတ်နဲ့ သည်းမခံတော့ဘူး။ အလုပ်နဲ့ ပညာရေးကို ပိုဂရုစိုက်လာတယ်။ အလုပ်ထဲမှာဆိုရင်လည်း တိကျပြတ်သားလာတယ်။ တနင်္လာမနက် ရုံးတက်ရမှာမို့လို့ တနင်္ဂနွေည မွေးနေ့ပါတီတွေကို ငြင်းလိုက်တဲ့အခါ တစ်ကိုယ်ကောင်းဆန်တယ်လို့ အပြောခံနေရတယ်။

အသားအရေ ထိန်းသိမ်းဖို့အတွက် ဈေးကြီးတဲ့ အလှကုန်ပစ္စည်း ဝယ်လိုက်တဲ့အခါမှာဆိုရင်လည်း ကိုယ်က အသုံးအဖြုန်းကြီးတယ်လို့ မိသားစုဝင်တွေက ပြောလာတယ်။ အရမ်းစိတ်ညစ်လာလို့ စိတ်ပြေလျော့အောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ relax လုပ်တာကို တစ်ကိုယ်ကောင်းဆန်တယ်လို့ အပြောခံရတဲ့အခါ စိတ်ဆိုးမိမှာပဲ။ အရွယ်ရောက်ပြီးသူ တစ်ဦးလည်းဖြစ်တယ်၊ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နိုင်တယ်။ ဘယ်သူ့မှ အားမကိုးတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တာ တစ်ကိုယ်တောင်းဆန်တာ မဟုတ်ပါဘူး။

 

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့အတွက် ဘယ်သူမှ ဂရုမစိုက်ပေးလည်း နေတတ်လာတယ်။ အထီးကျန်နေရတဲ့ forever alone (FA) လည်း မဟုတ်တဲ့အတွက် ပူဆွေးကြေကွဲစရာ မလိုတော့ဘူး။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်တာမို့လို့ ဘယ်အရာကမှ ကိုယ့်ကိုထိခိုက်အောင် မလုပ်နိုင်ဘူး။ နာကျင်စရာတွေ ရှိလာလည်း မြန်မြန်ဆန်ဆန် သက်သာသွားတယ်။

ဖေ့စ်ဘုတ်နဲ့ အင်တာဂရမ်တို့လို လူမှုကွန်ရက်တွေမှာ ကိုယ့်ပုံတွေကို လူတွေက ဝေဖန်ကဲ့ရဲ့ကြတယ်။ တစ်ကိုယ်ကောင်းဆန်လွန်းတယ်ဆိုပြီး ပြောလာရင် ဂရုမစိုက်နဲ့လေ။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တဲ့အတွက် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာမယ့် လုပ်ရပ်တွေဟာ သူများတွေ အမြင်ကပ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲ့ဒီလို အပြောမခံချင်ရင်တော့ ကိုယ်ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတာကိုပါ ထည့်ရေးသင့်တယ်။ ဥပမာ gym သွားတိုင်း ဆယ်ဖီဆွဲ ပုံတင်တာကို လူတွေက အမြင်စောင်းနေတယ်ဆို ကိုယ့်အတွက် ကျန်းမာကြံ့ခိုင်ရေးက ဘယ်လိုအရေးကြီးတာမို့လို့ ဂရုစိုက်ရတ်ဆိုတာပါ ထည့်ရေးလို့ရတယ်။

 

မိန်းကလေးတစ်ဦးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာဟာ တကယ်တော့ သိပ်ကောင်းတဲ့အရာလို့ မဒီက မြင်ပါတယ်။ သူများဂရုစိုက်ပေးမှ ပျော်ရတာထက် ကိုယ့်ကိုယ်ကိုယ်ပျော်အောင်ထားတတ်တာကမှ တကယ်အဓိပ္ပာယ်ရှိတဲ့ စိတ်ချမ်းသာမှုအစစ်ပါ။ ဘယ်သူတွေ ဘာပြောပြော သိပ်မခံစားပါနဲ့။ သူများပိုက်ဆံ၊ သူများနစ်နာအောင်လုပ်ပြီးမှ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရတာ မဟုတ်တဲ့အတွက် ကိုယ့်ကိုယ့်ကိုယ်ဂရုစိုက်ခြင်းဟာ အကောင်းဆုံးပါပဲ။

Share

Loading Next Article...
က္က