In partnership with  logo
ရိုးရာတက်တူးတွေ ထိုးလိုသူတွေက Buscalan ကို တကူးတကသွားကြတယ်။

လှေကားထစ်ပုံစိုက်ခင်းတွေမှာ စပါးခင်းတွေက လေတိုက်တိုင်း တအိအိယိမ်းနွဲ့သွားတဲ့ ရှုခင်းနဲ့အတူ Buscalan တောင်ပေါ်ရွာလေးဟာ အိမ်ခြေ ၂၀၀ ခန့်သာ ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ၊ Kalinga ဒေသမှာ ရှိပါတယ်။ မနီလာမြို့ကနေ မြောက်ဘက်ကို ၁၅ နာရီလောက် ကားမောင်းသွားမယ်ဆို Buscalan ရွာလေးကို ရောက်ပါလိမ့်မယ်။ ဒီနေရာလေးဟာ သေးငယ်ပေမဲ့ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ကြတဲ့ နေရာလေးဖြစ်တယ်။

 

ခရီးသွားတွေ ဒီရွာလေးကိုလာရတဲ့ အကြောင်းရင်းတွေထဲက အဓိကအချက်ကတော့ Whang Od Oggay ဆိုတဲ့ အဖွားအိုနဲ့ တွေ့ဖို့ပါ။ သူမဟာ ဖိလစ်ပိုင်ရဲ့ အသက်အကြီးဆုံး mambabatok ဖြစ်ပါတယ်။ Mambabatok ဆိုတာ ရိုးရာတက်တူးပညာရှင်ကို ခေါ်တာပါ။ Whang Od ရဲ့ အသက်က အကြမ်းအားဖြင့်တော့ ၁၀၀ လောက် ရှိနေပြီလို့ သိရတယ်။ အသက်ရာချီနေတဲ့ တက်တူးပညာရှင်အဖွားအိုဆီမှာ ရိုးရာတက်တူးတွေ ထိုးလိုသူတွေက Buscalan ကို တကူးတကသွားကြတယ်။

 

Whang Od ဟာ အသက် ၁၅ နှစ် အရွယ်တည်းက ရိုးရာတက်တူးထိုးနည်း ရှေးလက်ရာတွေကို ထိုးပေးနေခဲ့တယ်လို့ ဆိုပါတယ်။ " လူတွေလာပြီး တက်တူးတွေထိုးနေသမျှတော့ ဒီရိုးရာဓလေ့က ဆက်ရှိနေဦးမှာပါ။ ကျွန်မ ကောင်းကောင်းမွန်မွန် မြင်နေသ၍တော့ တက်တူးတွေထိုးပေးနေဦးမှာ။ ကျွန်မ အမြင်အာရုံတွေ ဝါးလာပြီဆိုတော့မှ တက်တူးထိုးတာ ရပ်မှာပါ" လို့ Whang Od  က ပြောပါတယ်။ သူမရဲ့ စကားအရဆိုရင်တော့ အသက်ရာချီနေတာတောင် Whang Od ရဲ့ မျက်စိတွေက ကောင်းကောင်းမွန်မွန် ရှိနေဆဲဆိုတာ သိနိုင်ပါတယ်။

 

ဒီတက်တူးတွေရဲ့ အစဟာ ဒေသခံ Butbut စစ်သည်တွေ ထိုးတာကနေ စခဲ့တာ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကို သတ်ပြီးတိုင်းမှာ တက်တူးထိုးကြတယ်လို့ Whang Od က ရှင်းပြတယ်။ အမျိုးသမီးတွေကတော့ ရိုးရာတက်တူးတွေကို အလှသဘောအနေနဲ့ထိုးခဲ့ကြတယ်လို့ သူမရဲ့ ဆယ်ကျော်သက်ဘဝကို ပြန်အောက်မေ့ရင်း ပြောပြတယ်။ သူဆယ်ကျော်သက်အရွယ်မှာ လက်မောင်းတွေ၊ ခြေထောက်တွေကို တက်တူးထိုးခဲ့ပါတယ်။

 

အဖွား Whang Od ရဲ့ တက်တူးထိုးနည်းက အရမ်းကို ရှေးကျလွန်းပါတယ်။ ကိရိယာကလည်း နည်းနည်းလေးပဲသုံးတယ်။ အပ်မသုံးဘူး။ ကျွဲကောပင်ရဲ့ဆူးတစ်ချောင်း၊ တစ်ပေရှည်တဲ့ ဝါးခြမ်းပြားချောင်း ၊ ကျောက်မီးသွေးတွေခြစ်ထုတ်ထားတဲ့အိုးလေးတစ်လုံးနဲ့ ရေတို့ပဲ လိုပါတယ်။ ကျောက်မီးသွေးကိုရေနဲ့ဖျော်ထားတဲ့မှင်နဲ့ ဒီဇိုင်းကိုအရင်ဆွဲတယ်။ ဆူးကိုသုံးပြီး ထိုးပေးတယ်။ ငါးခြမ်းပြားလေးကတော့ ဆူးနဲ့ထိုးတဲ့အခါ အရေပြားကို ဆွဲဆန့်ဖို့နဲ့ သွေးတွေဖယ်ဖို့အတွက် အသုံးပြုပါတယ်။ မော်ဒန်တက်တူးတွေကို ထိုးသလိုမျိုးပဲ Whang Od  ရဲ့ တက်တူးတွေကလည်း နာကျင်သတဲ့။ နှစ်စဉ် သူမဆီလာရောက်ပြီး ရိုးရာတက်တူးထိုးသူတွေကတော့ ရှိနေတုန်းပါပဲ။

Source : CNN


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က