အာဖဂန်လို ကျား၊မ ခွဲခြားမှုကြီးမားတဲ့နိုင်ငံမှာ ပထမဆုံး ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်က ရုပ်သံလွှင့်ရုံတစ်ခုမှာတော့ အမျိုးသမီးတွေကိုသာ တွေ့မြင်ရပါတယ်။  Zan TV ရုပ်သံလွှင့်ရုံက ဂျာနယ်လစ်တွေ၊ အယ်ဒီတာတွေနဲ့ ပရိုဂျူဆာတွေ အားလုံးက အမျိုးသမီးတွေပါ။ ရုပ်သံလွှင့်ရုံ တစ်ခုလုံးကို အမျိုးသမီးတွေနဲ့ပဲ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

 

Zan ဆိုတာ ဒါရီဘာသာစကားမှာ အမျိုးသမီးလို့ အဓိပ္ပာယ်ရပါတယ်။ ဒီလိုမီဒီယာမျိုးဟာ အာဖဂန်လို ကျား၊မ ခွဲခြားမှုကြီးမားတဲ့နိုင်ငံမှာ ပထမဆုံး ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ အထူးသဖြင့် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ တာလီဘန်တွေရဲ့လက်အောက်မှာ ကျရောက်နေခဲ့တဲ့ နိုင်ငံလည်းဖြစ်တယ်။ အဲ့ဒီအချိန်တွေတုန်းကဆိုရင် အမျိုးသမီးတွေရဲ့အခွင့်အရေးဆိုတာ လုံးဝဥဿုံပျောက်ကွယ်နေခဲ့ရတာပါ။ တာလီဘန်အစိုးရက အမျိုးသမီးတွေကို ဂျာနယ်လစ်ဇင်လောကမှာရော ပညာရေးမှာပါ ဝင်ရောက်ခွင့်မပြုခဲ့ဘူး။

 

တာလီဘန်တွေလက်က လွတ်မြောက်ပြီး ၁၆ နှစ် အကြာမှာတော့ အမျိုးသမီးတွေဟာ တဖြည်းဖြည်း ပိုတိုးတက်ကောင်းမွန်တဲ့ လူ့အသိုက်အဝန်းထဲကို ရောက်လာနေကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အမျိုးသမီးဂျာနယ်လစ်တွေဟာ ငြင်းပယ်ခံခဲ့ရတာ အတော်များပြားခဲ့တယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ပိုဖြစ်ခဲ့တယ်လို့ အာဖဂန်အမျိုးသမီးဂျာနယ်လစ်စင်တာရဲ့ စစ်တမ်းကောက်ယူမှုအရ သိရပါတယ်။ အာဖဂန်မီဒီယာနယ်ပယ်ထဲမှာ အမျိုးသမီးဦးရေ ၁၀၃၇ ဦးသာ ရှိခဲ့တယ်။

Zan TV ကတော့ ဒါတွေကို ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အမျိုးသမီးတွေကို ကင်မရာရှေ့မှာပိုမိုထွက်ပေါ်လာစေပြီး စုံစမ်းထောက်လှမ်းပြီး သတင်းတင်ဆက်ဖို့နဲ့ အမျိုးသမီးတွေရင်ဆိုင်နေရတဲ့ အရေးကြီးကိစ္စတွေကို တင်ပြဖို့ ရည်ရွယ်ထားပါတယ်။

 

" ကျွန်မဘဝရဲ့ အပျော်ဆုံးအချိန်ကတော့ လူမှုအသိုင်းအဝိုင်းထဲမှာ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေကို ရုပ်သံနေ သတင်းပို့ရတဲ့ အချိန်ပါပဲ" လို့ Zan TV ရဲ့ သတင်းထောက်ချုပ် Shogofa Sidiqui က ပြောပါတယ်။ ဂျာနယ်လစ်ဇင်လောကမှာ အမျိုးသမီးဟာ ရင်ဆိုင်ဆင်နွှဲစရာတိုက်ပွဲတွေရှိနေဦးမယ်ဆိုတာရော မလုံခြုံမှုနဲ့ အကြမ်းဖက်ခြိမ်းခြောက်ခံရမှုတွေ ရှိနေနိုင်တာကို နားလည်ပေမဲ့ Zan TV ဟာ ငယ်ရွယ်တဲ့အမျိုးသမီးတွေကို သူတို့ရဲ့အိပ်မက်တွေနောက်ကိုလိုက်ဖို့ အားကျလာစေမယ်လို့ Sidqui က ယုံကြည်နေပါတယ်။ အနာဂတ်မှာ အမျိုးသမီးတွေအနေနဲ့ အခြားအမျိုးသမီးတွေကို ရဲရင့်သတ္တိရှိလာဖို့၊ role model အနေနဲ့ ပြသဖို့လိုတယ်လို့လည်း သူမက ယုံကြည်ပါတယ်။

Source : CNN



က္က