ခွဲစိတ်မှုကလည်း အောင်အောင်မြင်မြင် ပြီးမြောက်သွားခဲ့ပါတယ်။
Su Yee Moe

တက္ကဆက်ပြည်နယ်က ဆေးရုံတစ်ခုမှာတက်ရောက်ကုသမှုခံယူနေတဲ့ လူနာအမျိုးသမီးဟာ ဦးနှောက်ကို အကြီးစားခွဲစိတ်မှု ခံယူနေစဉ်အတွင်း ပုလွေမှုတ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဟောစတန်မြို့ရှိ Memorial Hermann ဆေးရုံမှာဖြစ်သွားခဲ့တာပါ။

 

သူ့နာမည်က အန်နာ ဟန်နရီလို့ခေါ်ပါတယ်။ ပရော်ဖက်ရှင်နယ် ပုလွေမှုတ်သမားပါ။ မျိုးရိုးလိုက်တဲ့ ရောဂါတစ်ခုကြောင့် ခြေတုန်လက်တုန်ဖြစ်ပြီး ပုလွေမှုတ်ရခက်တဲ့အတွက် ခွဲစိတ်မှုကို ခံယူခဲ့ရတာ ဖြစ်ပါတယ်။ ဆရာဝန်တွေက ဟန်နရီရဲ့ ခြေတုန်လက်တုန်ဖြစ်နေတာကို လျှော့ချဖို့အတွက် ဦးနှောက် လှုံ့ဆော်မှုအပိုင်းကို ခွဲစိတ်ပေးကြပါတယ်။ အဲ့ဒီထဲမှာ electrode အပိုင်းတွေလည်း ပါဝင်ခဲ့တယ်။

 

အကြီးစားခွဲစိတ်မှု ဖြစ်တာကြောင့် ခွဲစိတ်နေစဉ်အတွင်းမှာ ဟန်နရီက နိုးနေမှ electrode တွေ အလုပ်လုပ်၊ မလုပ်ဆိုတာသိနိုင်မှာဖြစ်တဲ့အတွက် ခွဲစိတ်နေစဉ်အတွင်းမှာပဲ ဟန်နရီက ပုလွေမှုတ်နေခဲ့ပါတယ်။ သူမရဲ့စွမ်းဆောင်ရည်ကို ဆေးရုံဝန်ထမ်းတစ်ဦးက ဗီဒီယိုရိုက်ကူးထားခဲ့တယ်။ ပုလွေမှုတ်တာပြီးသွားချိန်မှာတော့ ဆရာဝန်တွေနဲ့ သူနာပြုတွေက သူမကို လက်ခုပ်သြဘာပေးခဲ့ကြပါတယ်။

ခွဲစိတ်မှုကလည်း အောင်အောင်မြင်မြင် ပြီးမြောက်သွားခဲ့ပါတယ်။ ဟန်နရီ ခံယူခဲ့တဲ့ ခွဲစိတ်မှုမျိုးဟာ Parkinson's  (ပတ်ကင်ဆန်)ရောဂါ ရှိသူတွေကို ကုသပေးတဲ့ ခွဲစိတ်မှုမျိုးလည်းဖြစ်ပါတယ်။ ဦးနှောက်ရဲ့လှုံ့ဆော်မှုကို ပိုကောင်းလာအောင် ပြုလုပ်တာဖြစ်ပါတယ်။

Source : Daily Mail


Author


က္က