အားသွန်ခွန်စိုက် အလုပ်တွေ လုပ်ခဲ့ပြီးပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်ဆုချဖို့ လုံးဝမမေ့ပါနဲ့။
May Thaw

မဒီတို့ဟာ ကိုယ့်ရဲ့အောင်မြင်မှု၊ ရပ်တည်မှု၊ ကျော်ကြားမှု၊ ကျန်းမာရေး၊ ပညာရေးစတဲ့ အရာပေါင်းများစွာ အတွက် ကိုယ်ရဲ့နေ့စဉ်ဘဝတွေကို အခက်အခဲ၊ နာကျင်မှု၊ စိတ်ပင်ပန်းဖိစီးမှုပေါင်းများစွာနဲ့ ရင်ဆိုင်ရင်း ဖြတ်သန်းနေကြရတယ်ဆိုရင် ကိုယ်တစ်ခုခုကို အောင်အောင်မြင်မြင်နဲ့ လုပ်ဆောင်ပြီးတိုင်း ကိုယ့်ကိုကိုယ် ချီးမွမ်းဖူးသလား၊ ဆုချဖူးသလားဆိုတာ စဉ်းစားကြည့်ပါ။ လူတစ်ယောက်ဟာ သူ့ရဲ့စိတ်အင်အား၊ ခွန်အားတွေကို အသုံးချပြီး အလုပ်တစ်ခု၊ တာဝန်တစ်ခုကို ပြီးမြောက်အောင်လုပ်ဆောင်ပြီးသွားတိုင်း နောက်တစ်ခုကို ထပ်ပြီး ကြိုးစားအားထုတ်ဖို့ အကြည်ဓာတ်လေး လိုပါတယ်။ ငါလုပ်နိုင်ပါတယ်ဆိုတဲ့ ကိုယ့်ကိုကိုယ် ချီးမွမ်းစကားလည်း လိုအပ်သလို ကိုယ်တတ်နိုင်တဲ့ဘက်က တတ်နိုင်တဲ့အရာနဲ့ ကိုယ့်ကိုကိုယ် စိတ်ပျော်ရွှင်ကျေနပ်အောင် ဆုချဖို့လည်း ထိုက်တန်ပါတယ်။ ဒါကို ကိုယ့်ကိုကိုယ် ဆုချတယ်လို့ ဆိုကြပါစို့။ ဆုချတယ်လို့ဆိုရာမှာ ကိုယ့်ကိုယ်ကိုယ် ပိုက်ဆံအများကြီးအကုန်ကျခံပြီး လက်ဆောင်ပစ္စည်းအကြီးကြီး ဝယ်ပေးမှလည်း မဟုတ်ပါဘူး။ အချိန်အကြာကြီး ယူစရာလည်း မလိုအပ်သလို တခြားသူတွေရဲ့ အကူအညီလည်း မလိုအပ်ပြန်ပါဘူး။ ကိုယ့်စိတ်ထဲ ကိုယ်လုပ်လိုက်တဲ့အရာအတွက် ဂုဏ်ယူပြီး နောက်ထပ်လည်း ဒီလိုအရာမျိုးတွေ၊ ဒီလိုအောင်မြင်မှုမျိုး၊ ဒီလိုကောင်းမွန်တဲ့လုပ်ဆောင်မှုမျိုးတွေ ဆက်လက် လုပ်ဆောင်နိုင်မယ်ဆိုတာမျိုး ယုံကြည်မှုပိုရစေဖို့ အရေးကြီးပါတယ်။

ဒီလို ကိုယ့်ကိုယ်ကိုယ်ဆုချတာနဲ့ပတ်သက်ပြီး ဘယ်လိုပုံစံမျိုးလေး ဆုချဖြစ်တယ်ဆိုတဲ့အကြောင်းကို ဆိုရှယ်မီဒီယာ မန်နေဂျာတစ်ဦးဖြစ်တဲ့ မသက်သက်အောင်ကတော့

“အလုပ်တစ်ခုကို အောင်အောင်မြင်မြင် လုပ်ဆောင်ပြီးတိုင်း ကိုယ့်ကိုယ်ကိုယ်တော့ အမြဲ treat လုပ်လေ့ရှိတယ်။ ဘယ်လိုဆုချတယ်ဆိုတာကတော့ ပုံသေမရှိပါဘူး။ တခါတလေကျတော့ ကိုယ်ကြိုက်တဲ့အစားအစာတစ်ခုခုကို သွားစားပစ်လိုက်တယ်။ ပိတ်ရက်မျိုးဆိုရင်တော့ facial treatment လုပ်တယ်။ spa တွေဘာတွေသွားတယ်။ တစ်ခါတလေကျ သူငယ်ချင်းတွေနဲ့ သီချင်းတွေ ဘာတွေသွားဆိုလိုက်တယ်။ ကိုယ်လိုချင်တဲ့ပစ္စည်းလေးတွေ ကိုယ့်ကိုကိုယ် ဆုချတဲ့သဘောနဲ့ ဝယ်တာမျိုးလည်းရှိပါတယ်။ ဒီလိုဆုချတဲ့အခါ တအားပိုက်ဆံတွေ သုံးလိုက်တာမျိုးတော့ မလုပ်မိဖို့ သတိထားတယ်” လို့ ပြောပြပါတယ်။

နောက်ထပ် အလှအပဆိုင်ရာအွန်လိုင်းရှော့တစ်ခု လုပ်ကိုင်နေတဲ့ မနန်းဇာနည်ကျော်ဖှာ့ကလည်း အခုလို ပြောပါတယ်။

“ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခုခု အောင်မြင်သွားတိုင်း အရင်ဆုံး ကိုယ့်ကို ကိုယ်ပြန်ဖက်လိုက်တယ်။ အရမ်းတော်တယ်ဆိုပြီး ချီးကျူးစကားပြောတယ်။ ပြီးရင်တော့ အဲ့ဒီအချိန် ကိုယ်လိုချင်နေတဲ့ပစ္စည်းတစ်ခုခုရှိရင် အဲ့ဒါကိုဝယ်ပြီး ဆုချလိုက်တယ်။ အဲ့ဒီအချိန်ဟာ ကိုယ့်အတွက်တော့ အရေးကြီးသလို တန်ဖိုးလည်းကြီးပါတယ်။” လို့ သူမက ဆိုပါတယ်။

မဒီတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ဆုချတဲ့နည်းတွေကတော့ တူမှာမဟုတ်ကြပါဘူး။ တစ်ခုသိစေချင်တာက ကိုယ့်အနေနဲ့ ပိုက်ဆံအများကြီးသုံးပြီး ပစ္စည်းဝယ်တာမျိုး၊ ရှော့ပင်ထွက်တာမျိုး၊ အစားတွေအများကြီး စားတာမျိုး စတာတွေ မလုပ်ချင်ဘူး၊ ငွေမသုံးချင်ဘူးဆိုရင်တော့ ဒီနည်းတွေအပြင် ကိုယ့်ကိုယ်ကိုယ်ဆုချနိုင်တဲ့ တခြားနည်းလေးတွေလည်း ရှိပါသေးတယ်။ အဲ့ဒါတွေကတော့

တစ်ရေးတစ်မောအိပ်ပါ



မဒီတို့တွေထဲ အိပ်ရေးဝပြီး ကိုယ်လုပ်ချင်တာတွေကို စိတ်ပျော်ပျော်နဲ့ ခွန်အားအပြည့်သုံး လုပ်နေတဲ့သူဟာ ဆယ်ယောက်မှာ သုံးယောက်လောက်ပဲရှိပါတယ်။ ကလေးဘဝက နေ့လယ်နေ့ခင်းအိပ်ချိန်မှာ အိပ်ရေး၀၀ တစ်ရေးအိပ်သလိုမျိုး ခုချိန်မှာလည်း အားလုံးကိုမေ့ပစ်ပြီး တစ်ရေးအိပ်ကြည့်လိုက်ပါ။ ဒီအချက်က အရေးမပါဘူးထင်ရပေမယ့် ဖိစီးမှုတွေ၊ ပင်ပန်းမှုတွေ ခံစားနေရတဲ့ မဒီတို့အတွက် ကိုယ့်ကိုယ်ကိုယ် ဆုချနည်းတစ်ခုပါပဲ။

လက်သည်းခြေသည်းအလှပြင်ပါ

တချို့မဒီတွေအတွက် ဒါမျိုးက လုပ်နေကျဆိုရင်တောင် လက်သည်း၊ ခြေသည်းအလှပြင်တာမျိုး လုပ်လေ့မရှိတဲ့ မဒီတွေလည်း အများကြီးရှိပါလိမ့်မယ်။ တစ်ခါလောက် လက်သည်း၊ ခြေသည်းအလှပြင်ဆိုင်သွားပြီး ကိုယ့်စိတ်ကြိုက်အရောင်လေးတွေ၊ ဖန်တီးမှုလေးတွေရွေးပြီး ကိုယ့်ခြေသည်း၊ လက်သည်းပေါ် တင်ကြည့်လိုက်ပါ။ စိတ်ပျော်ရွှင်မှုရပါလိမ့်မယ်။

အလုပ်ကနေတစ်ရက်ခွင့်ယူပြီး လုံးဝနားလိုက်ပါ

ကိုယ်တစ်ရက်ခွင့်ယူလိုက်လို့ အလုပ်မှာ တအားပြောင်းလဲတာမျိုးမရှိဘူး၊ အရေးကြီးတဲ့ အစည်းအဝေး၊ အရေးကြီးတဲ့ ဧည့်သည်တွေ့ဖို့မရှိဘူးဆိုရင် အလုပ်ကနေ ခွင့်တစ်ရက်အပြည့်ယူပြီး အဲဒီနေ့မှာ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ပါ။ တွေ့ချင်တဲ့သူဆီ သွားတွေ့တာမျိုးလုပ်ပါ။ အပြင်မှာလည်ချင်တယ်ဆိုရင်လည်း လည်ပတ်လိုက်ပါ။

ချွေးထုတ်ခန်းသွားတာမျိုး လုပ်နိုင်ပါတယ်

အသားအရေအတွက်ရော၊ ကျန်းမာရေးအတွက်ပါ ရွေးချယ်သင့်တဲ့နေရာကတော့ ချွေးထုတ်ခန်းပါ။ ချွေးထုတ်ခန်းမှာ ချွေးထုတ်ရင်း ပင်ပန်းတာတွေကို ဖြေဖျောက်လိုက်ပါ။ အဲ့ဒီကပြန်လာရင် ပိုလန်းဆန်းသွားပြီး အသားအရေလေး ကြည်လင်သွားတာက ချက်ချင်းကို ခံစားရမယ့်အကျိုးကျေးဇူးပေါ့။

ကိုယ်ကြိုက်တဲ့ဇာတ်လမ်းကြည့်တာ၊ စာအုပ်ဖတ်တာမျိုး လုပ်ပါ

အိမ်မှာပဲ ပြန်ကြည့်ဖို့လုပ်ထားတဲ့ ကိုယ့်အကြိုက်ဇာတ်ကားတွေကြည့်တာမျိုး၊ စာအုပ်တွေဖတ်တာမျိုးနဲ့လည်း ကိုယ့်ကိုကိုယ် ဆုချနိုင်ပါသေးတယ်။

အိမ်မှာမျက်နှာပေါင်းတင်တာမျိုး လုပ်နိုင်ပါတယ်

ကိုယ့်မျက်နှာအသားအရေအတွက် ဂရုမစိုက်တာကြာပြီဆိုရင် အိမ်မှာပဲ ကိုယ့်ဘာသာ ကိုယ်မျက်နှာပေါင်းတင်ပြီး အနားယူနိုင်ပါသေးတယ်။ ပေါင်းတင်ဖို့အတွက်လည်း အိမ်မှာပဲ လုပ်ဆောင်နိုင်တဲ့ နည်းတွေရှိတယ်နော်။

ချစ်သူနဲ့ဒိတ်လုပ်ပါ

ကိုယ်ချစ်ရတဲ့သူနဲ့ အတူရှိတာမျိုးကလည်း ကိုယ့်စိတ်ကို ပျော်ရွှင်စေတဲ့အရာပဲ မဟုတ်လား။ သူနဲ့အတူ ညစာစားတာ၊ ဒါမှမဟုတ် လက်လေးတွဲပြီး လမ်းလျှောက်တာ၊ မုန့်အတူလျှောက်စားတာ စတာတွေ လုပ်နိုင်ပါတယ်။

ပန်းချီပြခန်း၊ စာကြည့်တိုက်၊ စာအုပ်အရောင်းဆိုင်တွေသွားပါ

ကိုယ်ကအနုပညာကို စိတ်ဝင်စားခံစားတတ်သူဆိုရင် ပန်းချီပြခန်းတွေသွားပြီး ပန်းချီကားတွေကို ခံစားလိုက်ပါ။ နောက် စာအုပ်ဆိုင်တွေသွားပြီး စာအုပ်ဝယ်တာမျိုးကလည်း အကျိုးလည်းရှိသလို စိတ်လည်းကြည်လင်ပျော်ရွှင်စေပါတယ်။

ရုပ်ရှင်ရုံသွားပြီး ရုပ်ရှင်ကြည့်တာ၊ ကော်ဖီဆိုင်ထိုင်တာမျိုးကလည်း ဝါသနာပါရင် လုပ်နိုင်တဲ့အရာတွေပါ

ကိုယ်က ရုံတင်ကားတွေသွားမကြည့်ဖြစ်တာ ကြာပြီဆို တစ်ယောက်တည်းသွားပြီး စိတ်ကြိုက်ကြည့်လိုက်ပါ။ နောက် ကော်ဖီဆိုင်တစ်ယောက်တည်းထိုင်ရတာ ကြိုက်တယ်ဆိုရင်လည်း ကိုယ်အကြိုက်ဆုံး ကော်ဖီဆိုင်လေး သွားပြီး အေးဆေးကော်ဖီသောက် အနားယူလိုက်ပါ။

ဒီနည်းလေးတွေက ပိုက်ဆံလည်းအရမ်းမကုန်သလို ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ဆုချနိုင်တဲ့ အကောင်းဆုံး နည်းလမ်းလေးတွေပါ။ တကယ်လို့ ဘယ်နည်းလေးသုံးပြီး ဆုချရမှန်းမသိဘူးဆိုရင် ကိုယ့်ကိုစိတ်ပျော်ရွှင်စေတဲ့ အရာက ဘာတွေလဲဆိုတာ တစ်ချက်ပြန်စဉ်းစားပါ။ ကိုယ့်စိတ်ကို ပျော်ရွှင်မှုပေးနိုင်တဲ့နည်းကိုရွေးတာကတော့ အသင့်တော်ဆုံးပါပဲ။

အခုလို ကိုယ်လုပ်လိုက်တဲ့အရာ၊ အလုပ်တစ်ခုအောင်မြင်သွားတယ်၊ ကိုယ်ကြိုးစားအားထုတ်မှုတစ်ခုက ရလာဒ်ကောင်းတာမို့ ကိုယ့်ကိုယ်ကိုယ်ဆုချခြင်းအတွက် ခံစားရမယ့်အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီး မသက်သက်အောင်ကတော့ အခုလို ပြောပြပါတယ်။

 “ကိုယ့်ကိုကိုယ် treat လုပ်တဲ့အတွက် relax လည်းဖြစ်သွားတယ်။ နောက် ကိုယ့်ကိုယ်ကိုယ်လည်း အချိန်ပေးဖြစ်သွားတယ်။ လိုချင်တာလေးရှိတယ်ဆိုရင်လည်း အဲ့ဒီပစ္စည်း ဝယ်လိုက်ရတာကို ကိုယ့်အတွက်တန်ဖိုးရှိနေသလို ခံစားရတယ်။ နောက် ကိုယ့်ကိုစိတ်ဖိစီးမှုဖြစ်စေတဲ့ အရာတွေကိုလည်း လွယ်လွယ်နဲ့ကျော်လွှားသွားနိုင်တယ်”တဲ့။

မနန်းဇာနည်ကျော်ဖှာ့ကတော့ ကိုယ့်ကိုကိုယ်ဆုချပြီးတဲ့အချိန်တိုင်း နောက်တစ်ကြိမ် ဒီ့ထက်ပိုကောင်းအောင် ကြိုးစားမယ်ဆိုတဲ့ အတွေးတစ်ခု၊ စိတ်ခွန်အားတစ်ခုရလာတာကြောင့် ပိုပြီးကြိုးစားဖြစ်လာတယ်လို့ ပြောပြသွားပါတယ်။

ဒါ့ကြောင့် လူတိုင်းဟာ ကြိုးစားအားထုတ်မှုတစ်ခုအတွက် အနည်းဆုံးကိုယ့်ကိုယ်ကိုယ် ချီးမွမ်းစကား ပြောခံရဖို့တော့ ထိုက်တန်ပါတယ်ဆိုတာ မမေ့ပါနဲ့။ နေ့ရက်သစ်တွေမှာ အားသစ်အင်သစ်တွေနဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီ လျှောက်လှမ်းနိုင်ဖို့ မဒီတို့ရော ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းစကားဆိုဖြစ်ပါရဲ့လား၊ ဆုချဖြစ်ပါရဲ့လား။


က္က