In partnership with  logo
တချို့အကြောက်တရားတွေက ကိုယ့်ရဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးတာမျိုးတွေ ကြုံရတတ်ပါတယ်။

မကြောက်ဖူးတဲ့လူဆိုတာ မရှိပါဘူး။ ဘဝသက်တမ်းတလျှောက်မှာ တစ်ခုထက်ပိုတဲ့ အကြောက်တရားကို လူတိုင်း ရင်ဆိုင်ခဲ့ဖူးကြပါတယ်။ အကြောက်တရားဟာ တခါတရံ လုံခြုံမှုကို ပေးစွမ်းပါတယ်။ ကိုယ့်ကို အန္တရာယ်တွင်း မကျရောက်အောင် အကြောက်တရားက ကန့်သတ်ပေးတာမျိုးပါ။ ဒါပေမယ့် တခါတရံမှာ အကြောက်တရားကို ရှောင်ပြေးတာက ကိုယ့်ရဲ့ ဘဝတိုးတက်လမ်းတွေအတွက် ထိခိုက်နစ်နာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ အကြောက်တရားကြောင့် ကိုယ့်ရဲ့ ဘဝတက်လမ်းတွေ မထိခိုက်အောင် ၊ ကိုယ့်အတွက် နစ်နာမှုတွေ မဖြစ်ရလေအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

အကြောက်တရားကို နားလည်အောင်လုပ်ရပါမယ်

လူတွေက ကြောက်တဲ့အရာဆိုရင် မျက်ကွယ်ပြု မသိချင်ယောင်ဆောင်တတ်ကြပါတယ်။ ဒါက ပုံမှန်ပါပဲ။ အလုပ်တစ်ခုကို စတင်လုပ်ဆောင်ချိန် ၊ ကိုယ် မလုပ်ဖူးတဲ့အရာတစ်ခုကို စလုပ်ရတဲ့အချိန်တွေမှာ ကြောက်တတ်ကြပါတယ်။ ဒီအကြောက်တရားက ကျော်လွန်နိုင်ရင် ကိစ္စမရှိပေမယ့် အလွန်အကျူးထိတ်လန့်နေရင်တော့ ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။

အကြောက်တရားရဲ့ လက္ခဏာတွေ

အကြောက်တရားဟာ စိတ်ခံစားမှုနဲ့ ရုပ်ပိုင်းဆိုင်ရာနှစ်မျိုးစလုံးကို ဖြစ်ပေါ်စေပါတယ်။ အကြောက်တရားဟာ စိတ်ပူပန်မှုနဲ့ စိတ်ပင်ပန်းမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကြောက်တဲ့အချိန်မှာ နှလုံးခုန်မြန်လာတယ်။ အသက်ရှူဖို့ခက်လာတယ်။ ရင်ထဲတင်းကြပ်လာသလိုခံစားရတယ်။ ချွေးပြန်လာတယ်။ စိတ်ပူပန်လာတယ်။ တစ်ခုခုကို အပူတပြင်းလုပ်ဖို့လိုအပ်လာတယ်။ အကြောက်တရားရှိနေတဲ့နေရာကနေ လွတ်မြောက်ချင်လာတယ်။ သေတော့မှာလိုလို ၊ မေ့မြောတော့မလိုဖြစ်လာတယ်။ ခွန်အားမဲ့လာသလို ခံစားလာရပါတယ်။

အကြောက်တရားနှစ်မျိုး

အကြောက်တရားမှာ အရာဝတ္ထုနဲ့ အခြေအနေဆိုပြီး ၂မျိုး ခွဲထားပါတယ်။ လူပုံလယ်စကားထွက်ပြောရမှာကြောက်တာမျိုးက အခြေအနေ ဖြစ်ပြီး အကောင်ပလောင်တွေကို ကြောက်တာက အရာဝတ္ထုကို ကြောက်တာပါ။ လူတွေက ကိုယ်ကြောက်တဲ့ နေရာတွေ၊ အရာဝတ္ထုတွေနဲ့ အခြေအနေတွေကို ရှောင်ကြဉ်တတ်ကြတယ်။

စိတ်ဒဏ်ရာက လာတဲ့အကြောက်တရား

အကြောက်တရားက တခါတလေမှာတော့ စိတ်ဒဏ်ရာတွေက တဆင့်လာတတ်ကြတာမျိုးပါ။ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ ၊ စိတ်ဒဏ်ရာတွေကနေ ကြောက်ရွံ့ခြင်းကို ပြောင်းသွားတတ်ကြပါတယ်။ ကိုယ်ကြုံခဲ့ရတဲ့ နာကျင်မှုတွေကို ရှောင်ကြဉ်ရင်း အကြောက်တရားတွေနဲ့ ဝေးရာကို နေနေတတ်ကြပါတယ်။

တခါတလေ ကြောက်သာကြောက်နေတာ ဘာ့ကြောင့် ကြောက်တာလဲဆိုတာကို မပြောပြတတ်တာမျိုး ရှိပါတယ်။ မိဘအကြီးအကဲတွေရဲ့ စကားတွေကတဆင့် ကိုယ်တိုင်မသိလိုက်ခင်မှာပဲ ကြောက်ရွံ့နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။  

  အကြောက်တရားရဲ့ ကောင်းကျိုး

တကယ်တော့ တချို့ကြောက်ရွံ့ခြင်းတွေဟာ ကာကွယ်မှုတစ်မျိုးလည်း ဖြစ်ပါတယ်။ ကြောက်ရွံ့ခြင်းမှာ အန္တရာယ်ရှိတဲ့ ကြောက်ရွံ့စရာ နဲ့ အန္တရာယ်မရှိတဲ့ ကြောက်ရွံ့စရာဆိုပြီး ရှိပါတယ်။ တချို့ကြောက်ရွံ့တာတွေက ကိုယ့်ရဲ့ အသက်ကို ၊ ကိုယ့်ရဲ့ အန္တရာယ်ကို ကာကွယ်ပေးတဲ့ လုံခြုံမှုမျိုးကို ရရှိစေနိုင်ပြီး တချို့ကြောက်ရွံ့စရာတွေကတော့ အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးစေနိုင်ပါတယ်။

ကိုယ့်ရဲ့ အခွင့်အရေးတွေလွတ်မသွားစေဖို့ အကြောက်တရားကို ဘယ်လိုရင်ဆိုင်ကြမလဲ

ဒါကအရေးကြီးပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ကြောက်ရွံ့ခြင်း နဲ့ ပတ်သက်ပြီး စိတ်ပူပန်စိုးရိမ်နေရတဲ့ စိတ်အနှောင့်အယှက်တွေကို ဖျောက်ပစ်ချင်တယ်၊ ကြောက်ရွံ့စိတ်ကို ဖယ်ထုတ်ချင်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပြီး ဖယ်ဖျောက်ဖို့ လိုအပ်ပါလိမ့်မယ်။

-ကြောက်ရွံ့တာကို ရင်ဆိုင်ပါ ။

-ကြောက်ရွံ့မှုတွေကို တစ်ဆင့်ချင်းစီ ထိတွေ့ပါ။

-အကြောက်တရားဟာ ကိုယ့်အတွက် ဆိုးနိုင်သလား ကောင်းနိုင်သလား ဝေဖန်ဆန်းစစ်ပါ

-ရှောင်မလား ထိပ်တိုက်တွေ့မလား အမြဲ ဆန်းစစ်ပါ

-အကြောက်တရားကို စွမ်းအင်အဖြစ်အသုံးချပါ။ အခွင့်အရေးအဖြစ်အသုံးချပါ။ 

- အကြောက်တရားအပေါ် စွန့်စားပါ။ အကျိုးရလဒ်တွေနဲ့ ခွန်အားတွေ ရယူပါ။

-အကြောက်တရားကို ပြသနာတစ်ရပ်လို တွေးပြီး ဖြေရှင်းပါ။

-အကြောက်တရားတွေကနေ ဘာတွေ ရရှိနိုင်မလဲ သင်ယူပါ။ ပြင်ဆင်ပါ။ ကိုယ်ဖြေရှင်းမယ့်အရာတွေကို ချရေးပါ။ လေ့ကျင့်ရမယ့် ကိစ္စတွေရှိရင် လေ့ကျင့်ပါ။

 -အသက်ဝဝရှူပါ။ အသက်ရှူသံတိုင်းကို ရေတွက်နေပါ။ စိတ်အေးအေးဖြစ်မှ လုပ်စရာရှိတာ ဆက်လက်လုပ်ဆောင်ပါ။  

Photo:Yin Moe Htet

ကိုယ်ကြောက်တဲ့အရာတွေကို ဖြေးဖြေးချင်းစီ ပြုလုပ်ထိတွေ့တာမျိုးပြုလုပ်ပါ။ ဘာမှမသိသေးတဲ့အရာတွေကို ကြောက်ရွံ့နေတာတွေက သေချာမသိလို့ ကြောက်ရွံ့နေကြတာမျိုးဖြစ်တဲ့အတွက် ကိုယ်ကြောက်တဲ့အရာတွေအပေါ် ရှင်းရှင်းလင်းလင်းသိပြီး ရင်ဆိုင်ဖြေရှင်းမှသာလျှင် အကြောက်တရားကို တွန်းလှန်နိုင်မှာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က