In partnership with  logo
အလုပ်တာဝန်၊ အိမ်မှုတာဝန်တွေနဲ့ ပိလာတဲ့အခါ ဇနီးမယားတွေဟာ ကြာလာတော့ စက်ရုပ်တစ်ရုပ်လိုဖြစ်လာတယ်။

အခုခေတ်မှာ အမျိုးသားရော အမျိုးသမီးပါ တန်းတူအလုပ်လုပ်နေကြပေမဲ့ အိမ်အလုပ်မှာတော့ အမျိုးသမီးတွေ အဓိကလုပ်ဆောင်နေရဆဲပါပဲ။ အဲဒီလို အလုပ်တာဝန်၊ အိမ်မှုတာဝန်တွေနဲ့ ပိလာတဲ့အခါ ဇနီးမယားတွေဟာ ကြာလာတော့ စက်ရုပ်တစ်ရုပ်လိုဖြစ်လာပြီး ဘာအတွက် အသက်ရှင်သန်နေမှန်းဆိုတာတောင် မသိတော့တဲ့အထိ စိတ်ပန်းလူပန်းဖြစ်လာတတ်ကြပါတယ်။

အိမ်ထောင်တစ်ခုတည်မြဲဖို့ရာ ချစ်ခြင်းမေတ္တာ၊ နားလည်မှုတွေအပြင် လက်တွေ့ဘဝမှာ တကယ် လိုအပ်တဲ့အရာက အိမ်ထောင်သည်အမျိုးသားတွေက အမျိုးသမီးတွေအပေါ် စာနာဖေးမမှု နဲ့ တန်းတူအခွင့်အရေး ပေးဖို့ကိစ္စရပ်ပါပဲ။ အိမ်ထောင်တစ်ခုမှာ တန်းတူအခွင့်အရေးဆိုတာ အမျိုးသမီးက ဒါလုပ်ရင် အမျိုးသားကလည်း လုပ်ရမယ်၊ အမျိုးသားက ဒီလို အခွင့်ရေးမျိုးတွေရှိရင် အမျိုးသမီးမှာလည်း အဲဒီအခွင့်အရေးမျိုး ရရှိနိုင်ရမယ်လို့ ဆိုလိုတာပါ။ နှစ်ဦးကြားမှာ ကျားမခွဲခြားမှုဆိုတာ လုံးဝမရှိသင့်ပါဘူး။ အဓိကအားဖြင့် အိမ်ထောင်ရှင်အမျိုးသားဆိုရင် အိမ်ထောင်ဦးစီးဖြစ်လို့၊ အပြင်ထွက်စီးပွားရှာရလို့ ၊ ယောင်္ကျားလေးဖြစ်နေလို့ဆိုတဲ့ အကြောင်းအရင်းတွေနဲ့ အိမ်မှုကိစ္စတွေအားလုံးကို ကိုယ့်အိမ်သူပေါ် ပုံအပ်တာမျိုးဟာ မဖြစ်သင့်တော့တဲ့အရာလို့ ဆိုပါရစေ။

အမျိုးသမီးတွေဟာ အိမ်ထောင်ပြုပြီးတဲ့အခါ အပြင်မှာထွက်ပြီး အလုပ်လုပ်ကြသည့်တိုင် အိမ်မှုကိစ္စတွေကို မဖြစ်မနေ လုပ်ဆောင်ကြရမယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆဟာ ကျားမတန်းတူအခွင့်အရေး ရှိပါတယ်ဆိုတဲ့ ဒီလို ခေတ်ကြီးထဲ၊ ခေတ်နဲ့အညီနေထိုင်ပါတယ်ဆိုတဲ့ မိသားစုတွေနဲ့ ကိုယ့်အိမ်ထောင်ဖက်ကို ချစ်လှပါချည်ရဲ့ဆိုတဲ့ အမျိုးသားတော်တော်များများတွေတောင် ခုထိ လက်စွဲကျင့်သုံးနေတဲ့အရာ ဖြစ်နေဆဲပါ။ ဒါ့အပြင် အိမ်ထောင်သည် အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း အိမ်မှုကိစ္စရပ်တိုင်းဟာ ကိုယ်တစ်ဦးတည်းလုပ်ရမယ့် အရာလို့ ခံယူနေဆဲမို့ သူတို့တွေ အိမ်ထောင်ပြုပြီးအချိန်တွေဟာ အိမ်ထောင်မကျခင်အချိန်နဲ့ နှိုင်းယှဉ်မယ် ဆိုရင် သုံးဆနီးပါး ပိုပင်ပန်းကြတယ်လို့ သိရပါတယ်။

အမျိုးသားတွေဟာ အိမ်မှုကိစ္စတွေနဲ့ပတ်သက်ပြီး အများဆုံးကူညီတယ်ဆိုရင်တောင် ချက်ပြုတ်တာမျိုး၊ လျှော်ဖွတ်တာမျိုးတွေထိတော့ မကူညီပေးတတ်ကြပါဘူး။ သူတို့အများဆုံးလုပ်ပေးကြတာက အမှိုက်အိတ် ပစ်ပေးတာမျိုး၊ အိပ်ခန်းရှင်းတဲ့အခါ ကူညီပေးတာမျိုး၊ အလေးအပင်မတဲ့အခါ ကူညီပေးတာမျိုးတွေလောက်ပဲ လို့ ဆိုကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကိုယ်တိုင်လည်း ဖက်ရှင်ဆိုင်ဖွင့်ထားသလို ကလေးနှစ်ယောက်ရဲ့မိခင်လည်း ဖြစ်တဲ့ ဒေါ်သူဇာမျိုးက “အမျိုးသားနဲ့က သူငယ်ချင်းဘဝကနေ ချစ်သူဖြစ်၊ အဲ့ဒီနောက် အိမ်ထောင်သည်ဘ၀ ရောက်ခဲ့ကြသူတွေဆိုတော့ အားလုံးကိုပွင့်ပွင့်လင်းလင်း ပြောဆိုညှိုနှိုင်းဖြစ်တယ်။ ကိုယ်ကတော့ ဆိုင်လည်းထိုင်ရ၊ ကလေးတွေလည်းရှိတော့ အိမ်မှုကိစ္စတိုင်း အကုန်လိုက်မလုပ်နိုင်ဘူးပေါ့။ အဲ့ဒီတော့ အမျိုးသားနဲ့ တာဝန်တွေခွဲယူလိုက်တယ်။ တချို့ကလေးကျောင်းပို့တာ ကျောင်းကြိုတာမျိုးတွေ သူလုပ်တယ်။ ညဘက်ကလေးတွေနဲ့အတူ စာလုပ်ပေးတာမျိုးတွေလည်း သူလုပ်တယ်။ အိမ်မှုကိစ္စတွေကျတော့ တစ်ချို့တလေ သူကူတယ်။ ကိုယ်ကတော့ ဘယ်လိုပဲခွဲယူယူ သူ့ထက်လုပ်ရတာပိုများတယ်။ အိမ်အကူရှိပေမယ့် အားလုံးကို အကူတွေနဲ့လွှတ်ထားလို့ကလည်း မရပြန်ဘူး။ ဒီတော့ ချက်တာပြုတ်တာ ကတော့ ကိုယ်ချည်းပဲ။ အဲ့ဒါမျိုးတွေကျတော့လည်း အမျိုးသားက မလုပ်တတ်ဘူးကိုး။ အိမ်ကူရှင်းတာတွေ ဘာတွေကူတယ်” လို့ ဖွင့်ဟပါတယ်။

အိမ်ထောင်မကျခင်က အလယ်တန်းကျောင်းသူ၊ ကျောင်းသားတွေကို အင်္ဂလိပ်စာပြကျူရှင်ဆရာမအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ မခင်ရတနာဦးကတော့ အသက် ၂၂နှစ်မှာ ချစ်သူနဲ့ အိမ်ထောင်ကျပြီး နောက်ပိုင်း အိမ်မှာပဲ အိမ်မှုကိစ္စတွေ လုပ်ဆောင်ရင်း နေဖြစ်ခဲ့သူပါ။ သင်တန်းတွေ မကြာခဏ တက်ဖြစ်ပေမယ့် စာပြတဲ့အလုပ်လည်း မလုပ်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။

“အိမ်မှာက အမျိုးသားရဲ့အမေရယ်၊ ကျွန်မတို့လင်မယားနှစ်ယောက်ရယ် အတူတူနေကြတာပါ။ အမျိုးသားရဲ့ အလုပ်က အရမ်းဖိစီးမှုများတော့ အိမ်ပြန်ရောက်ရင် ထမင်းစားပြီး နားတော့တာပဲ။ အိမ်မှာက အကူလည်း မရှိတော့ အိမ်မှုကိစ္စကတော့ ကိုယ်တိုင်အားလုံးလုပ်ရတာပေါ့။ အိမ်မှာနေပြီး အပြင်လောကနဲ့ အဆက်အသွယ်ပြတ်၊ ဗဟုသုတငတ်မှာကြောက်တော့ သင်တန်းတွေတော့ တက်ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်မှာချက်တာပြုတ်တာ၊ သန့်ရှင်းရေး၊ လျှော်ဖွတ်တာ အားလုံးကိုယ်ချည်းပဲ လုပ်တာပါ။ အမျိုးသားက အလုုပ်ပင်ပန်းတော့ကျတော့ သူ့ကိုလည်း ကူလုပ်ပေးဖို့ မတောင်းဆိုဖြစ်ဘူး။ သူက တစ်ခါတစ်လေတော့ ဈေးဝယ်ပေးတယ်။ မနက်ပိုင်း သူအလုပ်သွားတဲ့အခါ အမှိုက်ထုတ်တွေဘာတွေယူသွားပေးတာမျိုးလောက်ပဲ ကိုယ့်ကိုကူလုပ်ပေးနိုင်တာပါ”တဲ့။

ခုနောက်ပိုင်းမှာ တန်းတူကျားမအခွင့်အရေးအမြင်တွေ ပိုရှိလာကြပေမယ့် အိမ်မှုကိစ္စဆောင်ရွက်ရတဲ့အပိုင်း နဲ့ပတ်သက်ရင်တော့ အိမ်ထောင်သည်အမျိုးသားတွေရဲ့ ကိုယ့်အိမ်သူကို ကူညီမှုအပိုင်းဟာ အားနည်းနေဆဲပါ။ အိမ်မှုကိစ္စတွေ အညီအမျှဘယ်လောက်ခွဲပြီး လုပ်တယ်ပြောပြော အမျိုးသမီးတွေလုပ်ရတဲ့အပိုင်းဟာ အမျိုးသားတွေထက် ထက်ဝက်များနေဆဲလို့လည်း သုတေသနတွေက စစ်တမ်းကောက်ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားနဲ့အတူရှိတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေဟာ အမျိုးသားမရှိဘဲ သားသမီးတွေကို တစ်ကိုယ်တည်းစောင့်ရှောက်နေကြတဲ့ single mother တွေထက် အိမ်အလုပ် ပိုလုပ်ကြရပြီး အိပ်ရေးပိုပျက်၊ နားချိန်ပိုနည်းတယ်လို့တောင် သိရပါတယ်။

“ကျွန်မအထင်တော့ တချို့အမျိုးသမီးတွေက ကိုယ့်ကိုကိုယ် အိမ်ထောင်ရှင်မကောင်းဆိုတဲ့ စံနှုန်းထဲ ရောက်ချင်ကြတယ်။ အပြင်မှာလည်း အလုပ်လုပ်တာတော်တယ်၊ အိမ်မှုကိစ္စတွေလည်း နိုင်နင်းတယ်ဆိုတာမျိုး ဖြစ်ချင်ကြတယ်။ ဒီတော့ ဘာဖြစ်သလဲဆိုတော့ ပထမဆုံးတော့ ကိုယ်ပဲ ပင်ပန်းတာပေါ့။ အပြင်အလုပ်က ဖိစီးမှုဆိုတာလည်း ထည့်မတွက်လို့မရဘူးလေနော်။ အိမ်အလုပ်ဆိုတာကလည်း ပြောရတာသာလွယ်တာ၊ အပြင်အလုပ်ထက်တောင် ပိုပင်ပန်းသေးတယ်လို့တောင် ခံစားရတဲ့အထိပဲ။ ဒီတော့ အိမ်ထောင်သည် အမျိုးသမီးတွေရဲ့ တစ်နေ့တာပျော်ရွှင်ရတဲ့အချိန်၊ နားရတဲ့အချိန်၊ ကိုယ်ပိုင်အချိန်ဆိုတာ ဘယ်မလဲ။ ရုံးပိတ်၊ ကျောင်းပိတ်တယ်ထား၊ အိမ်အလုပ်ဆိုတာ ပိတ်ရက်ရှိတာမဟုတ်ဘူး။ ဒီတော့ ကိုယ့်ဘေးနားက ကိုယ့်အမျိုးသားက ကူညီပေးမယ်၊ အလုပ်တွေမျှပြီးခွဲဝေလုပ်ပေးမယ်ဆိုရင် ကျွန်မတို့ပိုသက်သာမယ်၊ နားရမယ်၊ နားချိန်အားလပ်ချိန်လေးရမှ စိတ်ကပြန်လန်းဆန်းချိန်ရှိမယ်။ မဟုတ်ဘဲ တစ်ယောက်တည်းသာ စုပြုံလုပ်ရရင် အကျိုးဆက်က အိမ်ထောင်ပြုမိတာမှားပြီလို့ တွေးမိတဲ့အထိပဲ။ ပြီးတဲ့အခါ ကိုယ့်ဝါသနာပါတဲ့ အရာအတွက် အလှည့်ကိုမပေးနိုင်တော့ဘူး။ စနေ တနင်္ဂနွေ တစ်ခါတစ်လေ အပြင်လေးဘာလေး သူငယ်ချင်းတွေနဲ့ချိန်းပြီးသွားဖို့ မဖြစ်နိုင်တော့ဘူး။ ကြာရင် စက်ရုပ်တစ်ရုပ်လိုဖြစ်လာတာ။ ငါဘာအတွက် အသက်ရှင်နေရသလဲ တွေးမိတဲ့အထိပဲပေါ့။ ဒီတော့ ကျွန်မလည်း ခုနောက်ပိုင်း အမျိုးသားကို ဒါတွေတော့ ပြောပြဖြစ်တယ်။ သူလည်း တတ်နိုင်တဲ့ဘက်က ပိုတော့ကူညီလာတယ်။” လို့ ဒေါ်သူဇာမျိုးက ဆက်ပြောပါတယ်။

တချို့အိမ်ထောင်သည်အမျိုးသားတွေဟာ ကိုယ့်ရဲ့အမျိုးသမီးကို အိမ်မှုကိစ္စတွေမှာ မကူညီကြတဲ့အပြင် အပြစ်တင်တာမျိုးတွေ၊ ဝေဖန်တာမျိုးတွေထိတောင် လုပ်တတ်ကြတာလည်း အမျိုးသမီးတွေအတွက် အိမ်ထောင်ရေးကို စိတ်ပျက်စိတ်ကုန်လာကြရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်လာပါတယ်။ ဥပမာ အိမ်မှာရှုပ်ပွနေတာမျိုးကို ဘာလို့မရှင်းဘဲ ထားရတာလဲဆိုပြီး ပြောဆိုတာ၊ စားပွဲပေါ်မှာ ဖုန်တွေ့လို့ ဘာလို့ မသန့်ရှင်းဘဲ ထားရတာလဲဆိုပြီး အပြစ်တင်တာ၊ ကိုယ်ဝတ်မယ့်အကျီက မီးပူမတိုက်ရသေး၊ မလျှော်ရသေးလို့ ဆူပူတတ်တဲ့ အမျိုးသားတွေကြောင့် အိမ်ထောင်သည်အမျိုးသမီးအများစုဟာ နေ့စဉ် စိတ်ဖိစီးမှု တွေကြုံနေကြရဆဲပါ။

“အိပ်ခန်းက ပွနေတယ်ဆိုရင် ဒီလိုပွတာ ကိုယ်တစ်ယောက်တည်းလုပ်ထားတာ မဟုတ်ဘူးလေ။ သူလည်း ဒီအခန်းမှာအိပ်တာပဲ။ သူ့မှာလည်း တာဝန်ရှိတယ်ဆိုတာ ပြောရမယ်။ သူလည်း အမြင်မတော်ရင် ရှင်းလို့ ရတယ်ဆိုတာ ပြောရတာပေါ့။ အဝတ်အစားတွေဆိုရင်လည်း ခုဆို အဝတ်လျှော်စက်ထဲ ထည့်လျှော်ရုံပဲ။ ဒီတာဝန်လောက်တော့ သူတို့ကူလုပ်ကို လုပ်ပေးနိုင်တယ်ဆိုတာ ပေးသိရမယ်။ နောက်ဆုံး သူတို့ဒါတွေ လုံးဝလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တောင် အဲ့ဒီအတွက် ကိုယ့်အမျိုးသမီးကို ညှိုနိုင်းမှုလုပ်ရမယ်။ လုပ်အားခ၊ လခသဘောမျိုး ဘယ်လောက်ဆိုပြီး သတ်သတ်မှတ်မှတ် ပေးသင့်တယ်။ အိမ်ထောင်ရှင်မမို့ ဒါတွေအကုန် လုပ်ကိုလုပ်ရမယ်ဆိုတာ မဖြစ်သင့်တော့ပါဘူး” လို့လည်း ဒေါ်သူဇာမျိုးက ပြောသွားပါတယ်။

ဘယ်လောက်ပဲ ယောက်ျားနဲ့မိန်းမရဲ့ အခန်းကဏ္ဍ၊ အရေးပါမှုတွေ ပြောင်းလဲလာပါစေ၊ အိမ်မှုကိစ္စ လုပ်ဆောင်မှုအပိုင်းကတော့ နိုင်ငံတကာမှာတောင် ထင်သလောက် တိုးတက်ပြောင်းလဲလာတာမျိုး မရှိသေးပါဘူး။ အိမ်ထောင်သည်အမျိုးသမီးဖြစ်လာပြီဆိုတာနဲ့ အိမ်မှုကိစ္စနိုင်နင်းမှရမယ်ဆိုတဲ့ အယူအဆတွေ ရိုက်သွင်းခံပြီးကြီးပြင်းလာတဲ့ ကျွန်မတို့နိုင်ငံမှာကတော့ ဒီအခြေအနေတိုးတက်လာဖို့ အတော့်ကို အချိန်ယူရဦးမှာပါ။ တစ်ဘက်ကပြန်စဉ်းစားကြည့်မယ်ဆိုရင် ကိုယ့်အိမ်သူ မနားမနေအလုပ်တွေလုပ်နေရတာ၊ ပင်ပန်းနေတာကို ကြည့်နေနိုင်တဲ့ အိမ်ထောင်ရှင်အမျိုးသားဟာ ကိုယ့်အမျိုးသမီးကို တကယ်မေတ္တာသက်ဝင် ချစ်ခင်တဲ့သူ ဟုတ်ရဲ့လားဆိုတာပါပဲ။ ဘယ်လိုအမြင်တွေ၊ အယူအဆတွေရှိပါစေဦးတော့၊ ကိုယ်ချစ်ရသူ၊ ကိုယ့်လက်တွဲဖော်၊ ကိုယ့်အိမ်ထောင်ဖက်ရဲ့ စိတ်ခံစားမှုကို နားလည်ဖေးမပေးတတ်သူသာ အိမ်ထောင်ရှင် ယောက်ျားကောင်းလို့ ဆိုပါရစေ။

Share

Loading Next Article...
က္က