loading...

loading...

loading...

နာကျင်မှုပေါင်းများစွာဟာ တကယ်တော့ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာကောင်းတွေမို့ အမျိုးသမီးတွေအနေနဲ့ ဘယ်တော့မှ ရပ်တန့်မသွားကြဖို့ ပြောလာတဲ့သူကတော့ Ananda Travels (Yangon) ရဲ့ ပိုင်ရှင်လည်းဖြစ်သလို အာနန္ဒာကော်ဖီ နဲ့ အာနန္ဒာချောကလက်ထုတ်လုပ်ဖြန့်ချိရေးရဲ့ မန်နေဂျင်းဒါရိုက်တာလည်း ဖြစ်တဲ့ ဒေါ်စိုးအေမီကျော်ပဲ ဖြစ်ပါတယ်။
May Thaw

ရည်ရွယ်ချက်အမျိုးမျိုး၊ စိတ်ကူးအိပ်မက်အဖုံဖုံနဲ့ ကိုယ်လျှောက်မယ့်လမ်းကိုရွေးချယ်၊ ကိုယ်တည်ဆောက်ချင်တဲ့ဘဝကို ပုံဖော်ထုဆစ်ကြရာမှာ ကြုံလာရမယ့် အခက်အခဲတွေ၊ ရှုံးနိမ့်မှု၊ နာကျင်မှုပေါင်းများစွာဟာ တကယ်တော့ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာကောင်းတွေမို့ အမျိုးသမီးတွေအနေနဲ့ ဘယ်တော့မှ ရပ်တန့်မသွားကြဖို့ ပြောလာတဲ့သူကတော့ Ananda Travels (Yangon) ရဲ့ ပိုင်ရှင်လည်းဖြစ်သလို အာနန္ဒာကော်ဖီ နဲ့ အာနန္ဒာချောကလက်ထုတ်လုပ်ဖြန့်ချိရေးရဲ့ မန်နေဂျင်းဒါရိုက်တာလည်း ဖြစ်တဲ့ ဒေါ်စိုးအေမီကျော်ပဲ ဖြစ်ပါတယ်။

အသက် ၁၇ နှစ်တည်းက Study Tour Guide အနေနဲ့အလုပ်တွေစလုပ်ခဲ့ပြီး ခုလက်ရှိမှာတော့ မြန်မာအမျိုးသမီးလုပ်ငန်းရှင်များအသင်းမှာ အလုပ်အမှုဆောင်တစ်ယောက်အဖြစ် လုပ်ဆောင်နေတဲ့ သူမဟာ တခြားသူတွေနဲ့မတူ တမူထူးခြားစွာ မြန်မာနိုင်ငံမှာ ချောကလက်ကို ပထမဆုံးစတင်ထုတ်လုပ်ဖို့ အိုင်ဒီယာရရှိခဲ့ပါတယ်။ ခုလို ချောကလက်စထုတ်ဖို့ ဘယ်လိုအိုင်ဒီယာရခဲ့တယ်ဆိုတဲ့အကြောင်းကိုတော့ “အစ်မ ကော်ဖီလုပ်ငန်းလုပ်နေရင်းနဲ့ တွေးမိတာက ချောကလက်နဲ့ကော်ဖီက ဆက်စပ်မှုရှိနေတယ်။ နောက်ပြီးတော့ ကော်ဖီဆိုင်တွေပေါ့။ ဥရောပက ကော်ဖီဆိုင်တွေမှာ ကော်ဖီသောက်ပြီးတိုင်း ချောကလက်လေးတွေ စားတာကို တွေ့ရတဲ့အခါကျတော့ ချောကလက်နဲ့ဆက်စပ်မှုရှိနေတဲ့ လုပ်ငန်း၊ မြန်မာပြည်မှာလည်း waste land ‌ေမြလွတ်မြေရိုင်းတွေ အရမ်းများနေတဲ့အခါ ကိုကိုးတွေ စိုက်ပျိုးပြီးတော့ ကိုကိုးသီးတွေကနေ ချောကလက်ထုတ်နိုင်တယ်ဆိုတာ တွေးမိခဲ့တာပါ” လို့သူမက ပြောပြပါတယ်။

ကိုကိုးသီးတွေကနေ ချောကလက်ထုတ်ဖို့ ကိုကိုးပင်တွေစိုက်ပျိုးရာမှာတော့ သူမအတွက် ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ အဲ့ဒီအကြောင်းကိုတော့ သူမက “မြန်မာနိုင်ငံမှာ ချောကလက်ကို ပထမဆုံး စထုတ်လုပ်တဲ့အခါဆိုတော့ အစစအရာရာက အရမ်းကိုခက်ခဲခဲ့ပါတယ်။ စိုက်ခင်းကို တည်ထောင်ဖို့ဆိုတာက ကိုကိုးစိုက်ပျိုးလို့ရမယ့် နေရာဒေသကို လိုက်ရှာရတာပေါ့နော်။ နယ်မြေဒေသရှာဖွေတာကို အစ်မတို့ ၃ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ ထားဝယ်၊ ရေးဘက်ကကျတော့ ၂၀၀၀ လောက်တုန်းက infrastructure က အရမ်း Poor ဖြစ်နေတဲ့အခါကျတော့ သွားလို့အဆင်မပြေတာနဲ့ သံတောင်မှာပဲ စိုက်ပျိုးဖို့ ဆုံးဖြတ်ခဲ့ရတယ်။ သံတောင်မှာလည်း မြေနေရာအနေအထားအခက်အခဲတွေ၊ မြေပြင်အနေအထားမတည်ငြိမ်တာတွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။ ပြီးတော့ ကိုကိုးစိုက်ပျိုးဖို့ဆိုတာ အရိပ်ပင်တွေလိုပါတယ်။ အရိပ်ပင်အောက်မှာ ပျိုးထောင်ရတာမို့ မြေရှာတဲ့အချိန်မှာလည်း ၃ နှစ်လောက်ကြာတယ်။ Research လုပ်တာလည်း တစ်နှစ်လောက်ကြာတယ်။ စမ်းသပ်စိုက်ပျိုးတဲ့အခါကျတော့ အောင်မြင်တဲ့ အခင်းတွေရှိသလို ဆုံးရှုံးတဲ့ အခင်းတွေရှိတယ်။ အဲဒါကို ပြန်လည် replacement တွေလုပ်နေရတာနဲ့ပဲ ဆယ်နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ နောက်ကိုကိုးသီးတွေထွက်လာတော့ ပျော်ရပေမယ့် သံတောင်က ထင်သလောက် အသီးမတင်တော့ ရေး ၊ထားဝယ်၊ မြိတ် ဘက်မှာ ကိုယ်ပိုင်စိုက်ခင်းလေး ထူထောင်ပြီး စိုက်တော့မှ တော်တော်လေးအောင်မြင်လာခဲ့တာပါ”တဲ့။

အဲဒီနောက်ပိုင်း ချောကလက်ထုတ်လုပ်နိုင်ဖို့အတွက် စိတ်တိုင်းကျသွားတဲ့အထိ အဆင့်ဆင့်စမ်းသပ်မှုတွေ ပြုလုပ်ပြီး ချောကလက်ကို ထုတ်လုပ်နိုင်ခဲ့တဲ့အခါမှာတော့ သူမအနေနဲ့ တကယ့်ကို ပျော်ရွှင်ကြည်နူးခဲ့ရသလို တာဝန်လည်းတော်တော်လေးကြီးခဲ့တဲ့အကြောင်းကိုလည်း

“စိတ်တိုင်းကျတဲ့အရသာကို ရသွားတဲ့အခါမှာ ငါတို့ဒီအာနန္ဒာteam တစ်ခုလုံးကစမ်းသပ်တဲ့ ချောကလက် ထုတ်လုပ်မှုလေးဟာ အောင်မြင်သွားပြီ။ ဒီဟာကို ရှေ့ဆက်ပြီးတော့ ငါတို့ဘယ်လို အောင်မြင်အောင် ထုတ်လုပ်ကြမလဲဆိုပြီး တကယ့်ကိုပျော်ရွှင်ခဲ့ကြရတာပါ။ အဲဒီကြည်နူးမှုနဲ့ကလည်း ဘာနဲ့မှမတူဘူးပေါ့နော်။ ဒါပေမယ့် တစ်ဖက်မှာကျတော့လည်း တာဝန်ကြီးတယ်လို့ ခံစားလာရတာတွေရှိတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အခုချိန်ထိ မြန်မာလူမျိုး ငါးဆယ်ရာခိုင်နှုန်းလောက်က မြန်မာဖြစ်ဆိုရင် အထင်သေးချင်ကြပါတယ်။ ကိုယ်က ပထမဆုံး မြန်မာချောကလက်ထုတ်လုပ်ပြီဆိုတာနဲ့ တချို့က ငါးပိနံ့တောင် ပျောက်ပါ့မလား။ ရေရှည်မှာလည်း ဆက်လက်ပြီး အောင်မြင်မလား။ ပေါ်ပင်တွေလုပ်တာပါကွာ၊ ကျသွားမှာပါပဲ ဆိုတဲ့ ဝေဖန်ပြောဆိုတာတွေ အပြစ်တင်တာတွေ ခံခဲ့ရပါတယ်။ ဒါပေမယ့် အစ်မရဲ့ ထုံးစံအတိုင်း အချိန်တန်ရင် ပွဲသိမ်းကောင်းရမယ်။ Final Result က ကောင်းနေရမယ်ဆိုပြီးတော့ ဘယ်သူဘာပြောပြော ဥပေက္ခာထားပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြပါတယ်” လို့ သူမက ပြောပြသွားပါတယ်။

သူမဟာ အလုပ်ကြောင့် ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျတာမျိုးတွေ ကြုံလာချိန်တိုင်းမှာ အရင်တုန်းက ခုလိုကြုံခဲ့ရတဲ့အလားတူအခြေအနေတွေနဲ့ ပြန်လည်နှိုင်းယှဉ်ပြီး စိတ်ခွန်အားပြန်လည်မွေးမြူသလို အလုပ်ကိစ္စနဲ့မှမဟုတ်ဘဲ ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်အပေါ် အကြံကောင်း၊ ဉာဏ်ကောင်းပေးနိုင်တတ်တဲ့ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံစကားပြောတတ်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ကုထုံးပညာရှင်တွေဆီသွားတာ၊ တရားစခန်းဝင်တာ၊ ခရီးထွက်တာမျိုးတွေကလည်း သူမရဲ့စိတ်ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။ ဘယ်လိုအခြေအနေမျိုးတွေ ကြုံရကြုံရ သူမကို ရှေ့ဆက်သွားဖို့ အမြဲတွန်းအားဖြစ်စေတဲ့ အရာတွေကတော့ သူမရဲ့မိသားစု၊ လက်ရှိလုပ်နေတဲ့အလုပ်နဲ့ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေပါပဲတဲ့။

သူမထုတ်လုပ်ဖြန့်ချိတဲ့ အာနန္ဒာချောကလက်နဲ့ပတ်သက်ပြီး ထပ်မံမေးမြန်းကြည့်တဲ့အခါ ချောကလက်မှာ ရေရှည်ခံဆေး၊ chemical နဲ့ ကျန်းမာရေးကို ထိခိုက်စေမယ့်ပစ္စည်းတွေ ဘာမှထည့်သွင်းမသွားဘဲ Pure ကိုကိုး ၊ သကြား ၊ နို့ ၊ ကရှုးနဲ့ ကရာမက် စတာတွေနဲ့ ထုတ်လုပ်ထားတာလို့ သိရတဲ့အပြင် ခုဆိုရင် အာနန္ဒာချောကလက်ကနေထုတ်ထားတဲ့ ချောကလက်အရသာ ဆယ်မျိုးကျော်သွားပြီလို့လည်း သိရပါတယ်။စျေးကွက်ထဲဖြန့်ချိပြီးနောက်ပိုင်း Customer တွေဆီက အများဆုံးကြားရတဲ့ feedback အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း သူမက “ ပြည်တွင်းပြည်ပ Customer တွေဆီက အများအားဖြင့်တော့ ကောင်းသတင်းတွေ ရပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် 98 percent လောက်က ချောကလက်အရသာကို ကြိုက်ကြတယ်လို့ ပြောကြပါတယ်။ ဆိုးတဲ့သတင်းကတော့ Packaging ဘက်မှာ အားနည်းတယ်ဆိုတဲ့ သတင်းလေးပေါ့။ နောက် Customer တွေရဲ့ Demand ကို လုံလောက်စွာ ဖြန့်ပေးနိုင်ခြင်း မရှိသေးတာပါ”တဲ့။ထုတ်ပိုးမှုပုံစံနဲ့ပတ်သက်ပြီး သူမအနေနဲ့ မြန်မာ့ချောကလက်မို့ packaging ကိုလည်း မြန်မာလူမျိုးအချင်းချင်းပဲ အားပေးချင်တာမို့ ဒီထက်ပိုမိုကောင်းမွန်တဲ့ ထုတ်ပိုးမှုပုံစံမျိုးရအောင် Packagingကုမ္မဏီ၊ Printing ကုမ္မဏီတွေနဲ့အတူ လက်တွဲပြီး ကြိုးစားဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ခုဆို သူမကို မြန်မာနိုင်ငံရဲ့ ချောကလက်ဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့အထိ သူမရဲ့အားထုတ်ကြိုးစားမှုတွေက အတိုင်းအတာတစ်ခု ရောက်ရှိလာခဲ့ပါပြီ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး သူမပြောသွားတာကတော့ “ကိုယ့်ကိုယ်ကိုယ်တော့ သူများတင်စားတဲ့ ချောကလက် ဘုရင်မလို့ မခံယူထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီချောကလက်ထုတ်လုပ်တာ အောင်မြင်သွားတာဟာ အစ်မ တစ်ယောက်တည်း ကြိုးစားလို့မဟုတ်ပါဘူး။ အစ်မရဲ့ ပါရမီ ဖြည့်ဖက်ရယ်၊ လုပ်ဖော်ကိုင်ဖက်တွေရယ်၊ မိသားစုဝင်တွေရယ်နဲ့ ဝန်ထမ်းတွေရဲ့ ကြိုးစားဆောင်ရွက်မှုတွေကြောင့်သာ အောင်မြင်လာတာဖြစ်တာကြောင့်ပါ” တဲ့။ ဒေါ်စိုးအေမီကျော်ဟာ ကော်ဖီနဲ့ချောကလက်ထုတ်လုပ်ဖြန့်ချိရေး အပြင်ကို Ananda Travels (Yangon) ဆိုတဲ့ Travel Agency ကိုလည်း ဦးစီးရ အခြားသောစီးပွားရေးလုပ်ငန်းတွေကိုလည်း ဦးစီးလုပ်ဆောင်ရတဲ့ စီးပွားရေးလုပ်ငန်းရှင်းအမျိုးသမီး ဖြစ်တာမို့ တစ်ဖက်က Manufacturing နဲ့ Production Company ၊တစ်ဖက်ကျပြန်တော့လည်း Service Company စတဲ့ မတူညီတဲ့ လုပ်ငန်းသဘောတရားတွေကြား အလုပ်လုပ်နေရသူ တစ်ဦးဖြစ်ပါတယ်။

ဒီလိုမတူညီတဲ့လုပ်ငန်းသဘောတရားတွေကို ကျွမ်းကျင်ကိုင်တွယ်နိုင်အောင် ဘယ်လိုလေ့လာကြိုးစားခဲ့ရသလဲဆိုတာ မေးကြည့်ဖြစ်တဲ့အခါမှာတော့ “မတူညီတဲ့ လုပ်ငန်း သဘောတရားတွေ အကုန်လုံးကို ကိုယ်က ကျွမ်းကျင်အောင် အောက်ခြေကနေစပြီး လေ့လာသင်ယူခဲ့ရတာပေါ့နော်။ Travel Agency က ကိုယ့်ဘာသာကိုယ် ထူထောင်နိုင်တယ်ဆိုတာ အစ်မကိုယ်တိုင် 97 ကတည်းက Tour Guide ဖြစ်ခဲ့တာကြောင့်ပါ။ နောက်အစ်မရဲ့ ဧည့်သည်တွေကလည်း ပြင်သစ်စကားပြောတဲ့ European လူမျိုးတွေဖြစ်ကြတယ်ပေါ့။ အမ Inbound Travel Agency လုပ်ပါတယ်။ Tour Guide လုပ်ခဲ့ပါတယ်။ ပြင်သစ်မှာ ကျောင်းတက်တုန်းကလည်း Tourism နဲ့ ပြင်သစ်ဘာသာရပ်ကို သင်ယူခဲ့တယ်။ နောက် စင်္ကာပူမှာလည်း MBA တက်ခဲ့တယ်ပေါ့။ ကိုယ်တက်ခဲ့တဲ့ ကိုယ့်ရဲ့ Education Background လေးတွေကလည်း မတူညီတဲ့လုင်ငန်းသဘောတရားတွေကို ကောင်းမွန်စွာ Management လုပ်နိုင်လာအောင် အထောက်အပံ့ပေးပါတယ်”လို့ သူမက ရှင်းပြပေးသွားပါတယ်။

မနားတမ်းအလုပ်တွေဆက်တိုက် လုပ်နေတတ်တဲ့ သူမဟာ ကိုယ်ပိုင်အချိန်ကိုတော့ မရရအောင် ဖန်တီးယူဖြစ်တဲ့အကြောင်းကိုလည်း “အစ်မတို့သည် အမျိုးသမီးတွေ ဖြစ်တာမို့ မိသားစုကိုရော၊ အလုပ်ကိုရော အချိန်ပေးရပါတယ်။ ဒါ့ကြောင့် Life နဲ့ Job ကို ညီညီမျှမျှနေတတ်မှသာလျှင် ဘဝဟာအောင်မြင်ပြီး တစ်ဖက်မှာ စီးပွားရေးလုပ်ငန်းကိုအဆင်ပြေပြေ ဆောင်ရွက်နိုင်မှာဖြစ်သလို၊ တစ်ဖက်မှာလည်း မိသားစုနဲ့ပတ်သက်ရင် စိတ်အေးချမ်းရမှာ ဖြစ်ပါတယ်။ အစ်မဆို စနေနေ့ နေ့ဝက်ထိအလုပ်လုပ်တယ်။ စနေနေ့ညနေပိုင်းတွေကို သာရေး၊နာရေး ကိစ္စလေးတွေ သွားတယ်။ ကျန်တဲ့ တနင်္ဂနွေကိုတော့ သေရေးရှင်ရေး ကိစ္စကလွဲပြီး ဘယ်မှမသွားဘူး။ မိသားစုကိုပဲအချိန်ပြည့်ပေးထားတယ်။ အလုပ်ကပြန်လာတဲ့အချိန် ည ၇ နာရီနောက်ပိုင်း ဆိုလည်း မိသားစုကိုပဲ အချိန်ပေးပါတယ်။ ပြီးတော့ တစ်နှစ်မှာသုံးခါလောက် မိသားစုနဲ့ ရက်ရှည်အပန်းဖြေခရီး သွားပါတယ်”တဲ့။

အမျိုးသမီးတွေထဲမှာမှ ကိုယ်လျှောက်လှမ်းချင်တဲ့လမ်းကို ဘယ်လောက်ကြမ်းကြမ်း ဇွဲမလျှော့တမ်း လျှောက်လှမ်းခဲ့တဲ့ ဒေါ်စိုးအေမီကျော်အနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပြင် Save the needy လို ပရဟိတ အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီးတော့လည်း ပရဟိတလုပ်ငန်းတွေ ဆက်တိုက်လုပ်ဖြစ်နေသေးတာပါ။ သူမလိုပဲ ကိုယ်ဖြစ်ချင်တဲ့အရာတွေ၊ ကိုယ့်ရည်မှန်းချက်တွေကို မနားတမ်းအကောင်အထည်ဖော်ရင်း အခက်အခဲတွေကြုံလာရတာကြောင့် စိတ်ဓာတ်ကျနေရတဲ့ အမျိုးသမီးတွေ ၊ ကျောထောက်နောက်ခံမရှိလို့ ခြေလှမ်းတစ်လှမ်းကို စလှမ်းကြည့်ဖို့ မဝံ့မရဲဖြစ်နေတဲ့ အမျိုးသမီးတွေအတွက် သူမက “တစ်ခုခုဖြစ်ချင်ရင် တစ်ခုခုလုပ်ချင်ရင် အားလုံးကိုအကြံပေးချင်တာက ငါတို့သည်နိုင်ငံခြားပြန်ကြီးမှ အလုပ်တွေ လုပ်လို့အောင်မြင်မယ်၊ မိဘကပိုက်ဆံထောက်ပံ့ပေးမှ ဒီအလုပ်တွေလုပ်လို့အောင်မြင်မယ်၊ အပေါင်းအသင်းကောင်းမှ ဒီအလုပ်တွေလုပ်လို့ အောင်မြင်မယ်ဆိုတဲ့ အကြောင်းပြချက်တွေပေးပြီး ဘာမှမလုပ်ခင်၊ မအောင်မြင်ခင်ကတည်းက လက်လျှော့တာမျိုးမလုပ်ပါနဲ့။ ကိုယ်လုပ်ချင်တဲ့အလုပ်ကို ကိုယ့်မှာ ရှိတဲ့အတိုင်းအတာနဲ့၊ ကိုယ့်ကိုကူညီပေးမယ့် ပတ်ဝန်းကျင်မှာ စပြီးကြိုးစားလုပ်ကိုင်ကြည့်စေချင်ပါတယ်။ ကိုယ့်ရဲ့ဗဟုသုတနဲ့ ပညာတော့ ဖြည့်ထားဖို့လိုပါတယ်။ စာများများဖတ်ဖို့လည်း လိုပါတယ်။ စာကိုဖြစ်နိုင်ရင် အစုံဖတ်ပါ။ စာဖတ်ခြင်းကနေ ကိုယ့်ကိုမျက်စိပွင့်နားပွင့်ဖြစ်သွားစေပါတယ်။ ပြီးတော့ ဘာကိုမှအရှုံးမပေးပါနဲ့။ ကျရှုံးသွားရင်လည်း ဒါကို စိတ်ဓာတ်မကျဘဲ သင်ခန်းစာလို့တွေးပြီး ထပ်လုပ်ကြည့်ပါ။ တစ်ချိန်မှာ ကိုယ်လိုချင်တဲ့ အောင်မြင်မှုအသီးအပွင့်ကို ရရှိခံစားနိုင်မှာပါ” လို့ အကြံဉာဏ်တွေ ပေးသွားပါတယ်။

မဒီတို့အနေနဲ့လည်း အမျိုးသမီးတစ်ယောက်မို့လို့ မဖြစ်နိုင်ပါဘူးဆိုတဲ့ အတွေးတွေကိုဖျောက်ပြီး ဒေါ်စိုးအေမီကျော် လိုပဲ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ခဲ့ရပါစေ၊ ကိုယ်ဖြစ်ချင်၊ ပုံဖော်ချင်တဲ့ အရာတွေအတွက် အလွယ်တကူလက်မလျှော့တတ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ကြစေဖို့ ဒီစာလေးကနေ တိုက်တွန်းအားပေးလိုက်ရပါတယ်။


loading...

က္က