loading...

loading...

loading...

အကောင်းမြင်စိတ်ဟာ လူတစ်ယောက်ရဲ့ ဘဝနေထိုင်မှုအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။
Thin Nu Swe

လူတစ်ယောက်ရဲ့ ဘဝနေထိုင်မှုမှာ အကောင်းမြင်စိတ်ဟာ အလွန်ကို အရေးပါပါတယ်။ အကောင်းမြင်စိတ်မထားပေးနိုင်သူတွေရဲ့ နေ့စဉ်ဘဝဟာ ဒေါသတွေနဲ့ ပူလောင်နေကြရတတ်ပါတယ်။ အရာရာတိုင်းကို အေးဆေးဖြတ်ကျော်နိုင်ဖို့ဆိုတာ အကောင်းမြင်စိတ်နဲ့ ကြည့်တတ် ၊ မြင်တတ်မှ ရမှာပါ။ အဆိုးမြင်စိတ်နဲ့ အရာရာတိုင်းကို ရှူမြင်နေပြီဆိုရင် စိတ်ရှုပ်ပြီး အမှန်ကို မြင်နိုင်၊ ဆုံးဖြတ်နိုင်တော့မှာမဟုတ်ပါဘူး။ ဘာ့ကြောင့် အကောင်းမြင်စိတ် ထားသင့်သလဲဆိုတာကို ခု ပြောပြပေးချင်ပါတယ်။

စိတ်ဖိစီးမှုတွေကို အောင်နိုင်တယ်

အကောင်းမြင်စိတ်ရှိသူဟာ စိတ်ဖိစီးမှုတွေကို မြန်မြန်နဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်ပါတယ်။ စိတ်ရှုပ်ထွေးစရာကောင်းလွန်းတဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေရင်တောင် အခြေအနေမှန်ကို ကောင်းကောင်းသုံးသပ်နိုင်ပြီး အေးအေးဆေးဆေးဖြေရှင်းသွားနိုင်တာက အကောင်းမြင်စိတ်ရှိခြင်းရဲ့ အကျိုးကျေးဇူးပါပဲ။ အဆိုးတွေကို အာရုံမစိုက်ဘဲ ကောင်းတဲ့ဘက်ကို ကြည့်ရှုသုံးသပ်တတ်တဲ့အတွက် စိတ်ဖိစီးမှုတွေ သိပ်မခံစားရတော့ပါဘူး။

ကျန်းမာရေးကောင်းမွန်စေပါတယ်

အဆိုးမြင်တတ်သူတစ်ယောက်ဟာ စိတ်ဖိစီးမှုတွေ ၊ ဆိုးဝါးမှုတွေကိုချည်း အာရုံရောက်နေတတ်တဲ့အတွက် ခေါင်းကိုက်တာတွေ၊ ခန္ဓာကိုယ်တွင်း နေမထိထိုင်မသာဖြစ်ပေါ်စေတာ ၊ အိပ်မရတာ ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေသာမက စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကိုပါ ကြုံတွေ့တတ်ကြပါတယ်။ အဲဒီရဲ့ ဆန့်ကျင်ဘက်အနေနဲ့ကတော့ အကောင်းမြင်တတ်ခြင်းပါ။ အကောင်းမြင်တတ်တဲ့စိတ်ရှိသူကတော့ အထက်ကပြောပြထားတဲ့ အဆိုးမြင်တတ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကို မခံစားရတော့တဲ့အတွက် ကိုယ်ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေပါတယ်။

ပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေတယ်

အကောင်းမြင်စိတ်ရှိတဲ့သူက ကြည်လင်ပြီး အတွေးရှင်းတတ်ကြပါတယ်။ သူတိုနဲ့ ပထမဆုံးတွေ့ကြုံဆက်ဆံစဉ်မှာလည်း အဆင်ပြေသလို အမြဲတမ်းလည်း ပြောဆိုဆက်ဆံရတာ အဆင်ပြေနေတတ်ပါတယ်။ ဒါ့ကြောင့်လည်း သူတို့ဟာ လူချစ်လူခင်ပေါများပြီး သူငယ်ချင်းတွေအများကြီးရှိနေတတ်ကြပါတယ်။ အပေါင်းအသင်းတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အကောင်းမြင်စိတ်ရှိသူတွေက ဆွဲဆောင်မှုအားလည်း အရမ်းကောင်းပါတယ်။ စိတ်ရှင်းရှင်း အတွေးရှင်းရှင်းနေတတ်ကြသူမို့ ဆန့်ကျင်ဘက်လိင်တွေရဲ့ စိတ်ဝင်စားသဘောကျမှုကို ရရှိတတ်ကြပါတယ်။

အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ရင်ငြိမ်းကတော့ အကောင်းမြင်စိတ်ရဲ့ အကျိုးကျေးဇူးကို ခုလို Duwun ကို ပြောပြပါတယ်။

"အကောင်းမြင်စိတ်ဆိုတာက ရင်ငြိမ်းဆီမှာတော့ နှစ်မျိုးရှိပါတယ်။ တစ်ခုကတော့ ဖြစ်သမျှကို အကောင်းမြင်တာ နောက်တစ်ခုကတော့ မဖြစ်ခင်ကတည်းက အကောင်းမြင်စိတ်ထားတာ ၊ အကောင်းမြင်တာပေါ့။ ခုဆိုရင် လူတွေက အရမ်းကို စီးပွားရေးတွေ ကျပ်တည်းလာတယ်၊ စာရိတ္တတွေ ပျက်ပြားလာတယ်။ ရိုင်းစိုင်းဆိုးသွမ်းတဲ့ အဖွဲ့အစည်းတွေဖြစ်လာတယ်။ အဲဒီအချိန်မှာ ရင်ငြိမ်းတို့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေလည်း ပျောက်ဆုံးလာတတ်တယ်။ ဒါပေမယ့် အဲဒါတွေကို မတွေးဘဲ အကောင်းမြင်စိတ်နဲ့ ကြည့်မယ်ဆိုရင် ဒီအကောင်းမြင်စိတ်ရှိတဲ့ Community ကသာလျှင် အကောင်းတွေဖြစ်လာမယ့် Community တစ်ခုကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီအတွက်ကြောင့် လူတစ်ဦးနဲ့ တစ်ဦး အကောင်းမြင်စိတ်တွေထားမယ်ဆိုရင် ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု အနာဂါတ်မှာ တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ကြပါ။ တစ်ယောက်နဲ့ တစ်ယောက် အကောင်းမြင်စိတ်ထားကြပါ။ The Law of Attraction ပေါ့။ ကိုယ်က ကောင်းတာတွေပဲ မျှော်လင့်ထားမယ်၊ ကောင်းတာတွေပဲ လုပ်မယ်ဆိုရင် ကိုယ့်ဆီကို ကောင်းတာ တွေပဲ ရောက်လာမယ်လို့ ယုံကြည်ပါတယ်။"

အောင်မြင်ဖို့ လွယ်ကူတယ်

အကောင်းမြင်စိတ်ရှိတဲ့သူဟာ အောင်မြင်ဖို့ လွယ်ကူသွားပါပြီ။ ဘာလို့လဲဆိုတော့ အကောင်းမြင်တတ်တဲ့အတွက် ဆုံးဖြတ်ချက်ချမှတ်စရာရှိနေရင် သေသေချာချာ အာရုံစိုက်ပြီး စိတ်ရှင်းရှင်းနဲ့ ဆုံးဖြတ်နိုင်တဲ့အတွက်ကြောင့်ပါပဲ။ အကောင်းမြင်တတ်တဲ့အတွက်ကြောင့် မဆိုင်တဲ့ Negative အမြင်တွေကို လိုက်တွေးတောမနေတော့ပါဘူး။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်တာဖြစ်တဲ့အတွက် စိတ်ကိုရှင်းရှင်းလင်းလင်းနဲ့ ကိစ္စတိုင်းကို အာရုံစူးစိုက်နိုင်တာဖြစ်တဲ့အတွက် အောင်မြင်ဖို့ ပိုလွယ်ကူပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိတတ်ကြပါတယ်

အကောင်းမြင်တဲ့စိတ်၊ အကောင်းမြင်တဲ့ အတွေးတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိစေတတ်ပါတယ်။ သူတစ်ပါးရဲ့ အပြုအမူ ၊ အတွေးအခေါ် တွေအပေါ် အာရုံစိုက်မနေတတ်တဲ့အခံကြောင့် ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်တတ်သလို ကိုယ့်ကိုယ်ကိုယ်လည်း ပိုချစ်နိုင်တတ်ကြပါတယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လေလေ ပိုချစ်လေလေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာတွေက ပိုမို တိုးပွားလေလေပါပဲ။

အရှုံးတွေကို စိတ်ဓာတ်ကျမနေတတ်ကြပါဘူး

 အကောင်းမြင်တတ်သူတွေက သူတို့ကြုံတွေ့ရတဲ့ ကျရှုံးမှုတွေအပေါ်မှာ စိတ်ဓာတ်ကျမနေပါဘူး။ ကျရှုံးမှုတွေပေါ်လာရင်တောင် ဒါကို ဘယ်လိုကျော်ဖြတ်နိုင်မလဲဆိုတဲ့ စိတ်နဲ့ ခွန်အားယူ ပြန်လည်ဦးမော့နိုင်တဲ့သူတွေပါ။ အဆင်မပြေတာတွေ ကြုံတွေ့လာခဲ့ရင်တောင် ညီးတွားမနေဘဲ အကောင်းဆုံးက ဘာလဲ ၊ ဘယ်လိုဖြေရှင်းနည်းက အဆင်ပြေမလဲလို့ တွေးတတ်ကြသူတွေ ဖြစ်ပါတယ်။

ဘဝကို ပျော်ရွှင်စွာဖြတ်သန်းကြသူတွေ

အကောင်းမြင်တတ်သူတွေအဖို့တော့ အရာတိုင်းဟာ အလှတရားပါပဲ။ အရာရာကို ဘယ်လိုဘက်က အဆင်ပြေအောင် ဖြတ်ကျော်မလဲ ၊ ဘာက သူတို့အတွက် အကောင်းဆုံးဖြစ်နိုင်မလဲဆိုတာကိုသာ တွေးတတ်ကြတဲ့သူတွေဖြစ်တဲ့အတွက် တခြား စိတ်ညစ် စိတ်ရှုပ်စရာတွေကို ခေါင်းထဲမထည့်ထားတတ်ကြတဲ့အတွက် ဘဝကို ပျော်ရွှင်စရာတွေကိုပဲ အာရုံထားတတ်ကြတော့ သူတို့ဟာ သူတို့လည်း ပျော်ရွှင်တတ်ကြသလို ဘေးကမြင်နေရတဲ့သူတွေအဖို့လည်း သူတို့ဘဝကလည်း ပျော်စရာကောင်းနေပါတယ်။

ကိုယ်ပိုင်စီးပွားရေးတစ်ခုကို ထူထောင်ထားတဲ့ မရေကြည်သူကလည်း အကောင်းမြင်စိတ်ထားရှိခြင်းရဲ့ ကောင်းကျိုးကို Duwun ကို ခုလိုပြောပြပါတယ်။

"အကောင်းမြင်စိတ်ဆိုတာ ကိုယ့်စိတ်ကို​အေးချမ်းစေတဲ့ ဘဝနေထိုင်နည်းလေးပါ။ ဘဝမှာ လူကျန်းမာဖို့လိုသလို စိတ်ကျန်းမာဖို့လည်း လိုပါတယ်။အကောင်းမြင်စိတ်၊ အဆိုးမြင်စိတ်ဆိုတာ ကူးစက်တတ်တဲ့ သဘောသဘာဝရှိတာတွေ့ရတယ်။ ကိုယ့်ဘဝမှာသော်လည်းကောင်း ၊ ကိုယ်နဲ့ ဆက်နွယ်နေတဲ့ တစ်ဦးတစ်ယောက်သော်လည်းကောင်း၊ကိုယ်ကျင်လည်ရာဝန်းကျင်မှာသော်လည်းကောင်း ကိုယ့်စိတ်နဲ့ ထပ်တူ နေထိုင်ပြုမူကြဖို့ ၊ နားလည်မှုထား မေတ္တာတရားကို လက်ကိုင်ထားကြဖို့ဆိုတာ မလွယ်ပါဘူး။ အကောင်းမြင်စိတ်ဆိုတာ အရှုံးပေးခြင်းလည်း မဟုတ်သလို ၊ အောက်ကျခံခြင်းလည်း မဟုတ်ပါဘူး။ ဒါ စွမ်းအားတစ်ရပ်ပါ။ လူတိုင်းမလုပ်နိုင်တဲ့ သတိထားဂရုပြုသင့်တဲ့ အရည်အချင်းတစ်ခုဆိုလည်း မမှားပါဘူး။ အကောင်းမြင်စိတ်ရှိတဲ့သူက ပြဿနာတိုင်းကို ရင်ဆိုင်နိုင်ပါတယ်။ အတွင်းစိတ် အကြည်ဓာတ်က မျက်နှာမှာ ဟပ်နေစမြဲမို့ မြင်ရသူတိုင်း အေးချမ်းရပြီး သူ့ရဲ့ နေ့ရက်တွေတိုင်းကလည်း ပျော်စရာတွေချည်းဖြစ်နေတော့မှာပါ။"

သတိပြုစရာတစ်ခုက အကောင်းမြင်စိတ်ရှိတယ်ဆိုတာ ဘာဖြစ်ဖြစ် ငြိမ်ခံနေတာမျိုး ၊ ဘာတိုးတက်စရာမှမရှာဘဲ အဆင်မပြေတာကို ပြေပါတယ် ဇွတ်အတင်းတွေးယူနေတာမျိုးမဟုတ်ပါဘူး။ မကောင်းတဲ့သူတွေ ၊ မကောင်းတဲ့အရာတွေကို ကောင်းပါတယ်လို့ ဇွတ်အတင်းလုပ်ယူနေတာမျိုးမဟုတ်ဘဲ မကောင်းတဲ့သူတွေ ၊ အရာတွေအပေါ် ဥပေက္ခာပြုလာနိုင်တဲ့သူတွေပါ။ ကျရှုံးရင်တောင် ဘယ်အရာက အဆင်ပြေနိုင်မလဲဆိုတာမျိုးနဲ့ ကိုယ့်အတွက် အကောင်းဆုံးက ဘာဖြစ်မလဲဆိုတဲ့ ဖြေရှင်းချက်မျိုး ၊ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်မျိုးကို ချမှတ်ရွေးချယ်နိုင်တဲ့သူမျိုးကို ဆိုလိုတာပါ။ ဒီတော့ ဘဝမှာ ပျော်ရွှင်အောင်မြင်စေဖို့ဆိုရင် အကောင်းမြင်စိတ်လေးတွေ မွေးပြီး နေ့ရက်တွေကို ဖြတ်သန်းဖို့ လိုအပ်ပါတယ်။


loading...

က္က