Thin Nu Swe

ကမ္ဘာမှာ အယုံလွယ်လွန်းသူတွေကို ကြည့်လိုက်ရင် အမျိုးသမီးတွေ ဖြစ်နေတတ်ကြတာများပါတယ်။ အမျိုးသမီးတွေက အယုံလွယ်လွန်းတယ်ဆိုတာထက် စိတ်ခံစားမှုကို ဦးစားပေးတတ်တဲ့ နူးညံ့ပျော့ပျောင်းသူတွေပါ။ သူစိမ်းတရံတွေထက် ကိုယ့်ရဲ့ ရင်းနှီးသူတွေအပေါ် နက်နက်ရှိုင်းရှိုင်း ယုံကြည်တတ်တဲ့ အမျိုးသမီးတွေဟာ အလိမ်ခံလိုက်ရပြီလို့ သိလိုက်တဲ့အခါမျိုးမှာလည်း အရမ်းကို ခံရခက်နာကျင်တတ်ကြပါတယ်။ ဒီလို ယုံကြည်မှုလွန်ကဲတာတွေကို ဘယ်လိုထိန်းကျောင်းပြုပြင်ရမလဲဆိုတာကလည်း အရေးကြီးပါတယ်။ ကိုယ့်စိတ်ကို သေချာပြင်ဆင်ထားနိုင်မယ်ဆိုရင် နာကျင်မှုတွေ လျော့ပါးသက်သာသွားမှာ သေချာပါတယ်။

Photo:Nang Kyipyar Maw

စိတ်ပညာအကြံပေးဖြစ်တဲ့ ဒေါ်နန်းကြည်ပြာမော်ကတော့ " အလိမ်ခံရတဲ့နေရာမှာ Relationship နဲ့ ငွေကြေးပိုင်းဆိုင်ပြီး နှစ်မျိုးရှိတယ်။ Relationship မှာဆိုရင်တော့ ယုံကြည်မှုလွန်ကဲတာ ၊ Overconfidence များနေတာတွေက အလိမ်ခံရဖို့ အကြောင်းတရားတွေပါပဲ။ ငွေကြေးပိုင်းဆိုင်ရာမှာဆိုရင်တော့ တစ်ဖက်လူအပေါ် အရမ်းစိတ်နှစ်လိုက်တဲ့ အချိန်မှာ အလိမ်ခံရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အလိမ်ခံရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်နေချိန်မှာ ပြန်လည် သက်သာဖို့ဆိုတာ အချိန်အတိုင်းအတာ တစ်ခုထိ လိုအပ်ပါတယ်။ ဖြစ်သွားတဲ့ အကြောင်းအရာတွေအပေါ် လက်ခံနိုင်လာမယ့် အချိန်တစ်ခုထိ လိုအပ်တာမျိုးပါ။ လူတစ်ယောက်က အလိမ်ခံလိုက်ရပြီဆိုရင် လူတိုင်းက ဒီတိုင်းပဲလို့ ထင်သွားတတ်ကြတယ်။ ဒါကို လူတိုင်းက တသမတ်တည်းမဟုတ်ပါဘူးဆိုတာကို လက်ခံနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့လိုပါတယ်။ ခံနိုင်ရည်ရှိတဲ့သူတွေ၊ Emotional Support ပေးနိုင်တဲ့သူတွေ အနားမှာရှိတဲ့လူတွေအတွက် သိပ်စိုးရိမ်စရာမရှိပေမယ့် အထီးကျန်တစ်ကောင်ကြွက်တွေအနေနဲ့ကတော့ နှစ်တာရှည်သွားတဲ့အထိ စိတ်ဒဏ်ရာရသွားနိုင်ပါတယ်" လို့ ပြောပါတယ်။

လက်ရှိဖြစ်တည်မှုမှာသာ နေပါ

ကိုယ် ယုံကြည်မှုလွန်ကဲခဲ့တဲ့အတွက် ရရှိလိုက်ရတဲ့ နာကျင်မှုက မေ့ဖျောက်ဖို့တော့ ခက်ခဲပါတယ်။ ဒါပေမယ့်လည်း ဒီအကြောင်းအရာကို ထပ်ခါတလဲလဲ တွေးနေစဉ်းစားနေဦးမယ်ဆိုရင် ကိုယ့်အတွက် အထိနာရင်း အထိနာနေတော့မှာပါပဲ။ ကိုယ်နာကျင်ခဲ့ရတာ ၊ ကိုယ်ခံရခက်ခဲ့ရတာတွေအတွက် ဖြစ်ပြီးသားကိစ္စကို အကျေအလည်ဖြေရှင်းပြီးပြီဆိုရင် အဲဒီကိစ္စကို အတိတ် အတိတ်မှာထားခဲ့ပြီး မေ့ဖျောက်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ရဲ့ ယုံလွယ်တဲ့အမှားတွေဆီကနေ သင်ခန်းစာယူပြီး နောက်ထပ်မကြုံရတော့အောင် ကြိုးစားပါ။

ခွင့်လွှတ်နိုင်ဖို့ ကြိုးစားပါ

မခွင့်လွှတ်နိုင်လေလေ ကိုယ်က ပိုပြီး ဆုံးရှုံးရလေပါပဲ။ ကိုယ်က ယုံကြည်မှုလွန်ကဲပြီး နာကျင်ခဲ့ရတဲ့ ကိစ္စကို ကိုယ်က အခဲမကြေနိုင်ဘဲ တစိမ့်စိမ့်တွေးရင်း နာကျင်နေရမယ်ဆိုရင် ရှုံးပြီးရင်း ရှုံးနေတော့မှာပါ။ ဒီတော့ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားတာက ကိုယ့်အတွက် ကိုယ်စဉ်းစားလိုက်တာပါပဲ။ ဒီတော့ ဒေါသနဲ့ ကိုယ့်စိတ်ကို ဖြေမယ့်အစား ခွင့်လွှတ်ဖို့ပဲ ကြိုးစားပါ။ ခွင့်လွှတ်တယ်ဆိုတာ ကိုယ် ခံခဲ့ရတာတွေကို မေ့ပစ်ဖို့တော့ မဟုတ်ပါဘူး။

နောက်တစ်ကြိမ် ထပ်အလိမ်မခံပါနဲ့တော့

Photo:Char Taik

တစ်ကြိမ်နာကျင်ခံစားခဲ့ရပြီးပြီဖြစ်တဲ့အတွက် အဲဒီလိုအမှားမျိုး ထပ်အဖြစ်မခံပါနဲ့တော့။ သံသယထားတာမကောင်းဘူးဆိုပေမယ့်လည်း ကိုယ့်အတွက် နောက်ထပ် နာကျင်ခံရခက်တဲ့ ကိစ္စမျိုးတွေ ဖြစ်မလာအောင် ၊ အယုံလွယ်သူတစ်ယောက် ထပ်မဖြစ်တော့အောင် အရာရာကို စဉ်းစားချင့်ချိန်နေဖို့တော့လိုပါတယ်။ ဒီတော့ ပိုပြီး အကြောတင်းတဲ့ မဒီလေးတစ်ယောက်ဖြစ်ဖို့အတွက် နောက်ထပ်တစ်ကြိမ် အလိမ်မခံရတော့ဖို့ ကြိုးစားဖို့ လိုပါလိမ့်မယ်။

ဘာ့ကြောင့်အလိမ်ခံရတယ်ဆိုတာ ဆန်းစစ်ပါ

ကိုယ်က ဒီကိစ္စကြီးကို မေ့ထားဖို့ လိုအပ်တယ်ဆိုပေမယ့်လည်း နောက်ထပ်အလိမ်မခံရတော့ဖို့အတွက် ဘာ့ကြောင့်အလိမ်ခံရတယ်ဆိုတာကို ဆန်းစစ်ဖို့တော့ လိုအပ်ပါတယ်။ ကိုယ်က ဘာတွေကို မျှော်လင့်ထားခဲ့တာလဲ။ ကိုယ်ယုံကြည်ခဲ့မိတာဘာလဲ။ ကိုယ်က ဘယ်အရာတွေကို အယုံကြည်လွန်ခဲ့တာလဲ။ ဘာတွေက ကိုယ့်ကို အလိမ်မိစေတာလဲဆိုတာကို အကြိမ်ကြိမ်ဆန်းစစ်နေဖို့လိုပါတယ်။

အကြောက်တရားကို တွန်းလှန်ပါ



မဒီတို့ အများဆုံး ရင်ဆိုင်ရတာ အကြောက်တရားပါ။ တစ်ခုခုဖြစ်သွားမှာ ကြောက်တဲ့စိတ်ဟာ အလိမ်ခံရတာတွေရဲ့ အခြေခံအကြောင်းတရားပါပဲ။ ဒီတော့ ကိုယ်ကြောက်တာတွေကရော မှန်ကန်ရဲ့လား။ ကိုယ်ကြောက်နေတာတွေက တကယ်ကို ကိုယ့်ကို ထိခိုက်စေမယ့်အရာလားဆိုတာကို သေချာတွေးကြည့်ပါ။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ အကြောက်တရားကို ခြိမ်းခြောက်ခံရတာတွေကနေတဆင့် အလိမ်ခံကြရတာများပါတယ်။ ကိုယ့်ရဲ့ သေးသေးမွှားမွှားအကြောက်တရားကနေ အကြီးဆုံး အကြောက်တရားတွေဟာ အလိမ်ခံရဖို့ အသုံးချခံတွေမဖြစ်စေဖို့ လိုအပ်ပါတယ်။

Photo:Aye Min Myat

ယုံတယ်ဆိုတဲ့နေရာမှာ အကြောင်းအရာတွေက အမျိုးမျိုးရှိပါတယ်။ သေးသေးမွှားမွှား အလိမ်ခံရတာမျိုး ၊ ဥစ္စာပစ္စည်းကို လိမ်သွားတာမျိုး ၊ ပိုက်ဆံလိမ်သွားတာ ၊ သတင်းမမှန်ကန်တာတွေ စတာတွေအပြင် ကိုယ့်ရဲ့ ချစ်ခင်ရင်းနှီးသူက လိမ်တာ၊ ကိုယ့်ယုံကြည်မိတဲ့အရာတွေက မှားယွင်းနေတဲ့အတွက် တခါတလေမှာ ကိုယ့်ကိုယ်ကိုယ် ဘာလို့အယုံလွယ်လွန်းတာလဲဆိုပြီး မုန်းမိတဲ့အထိ ခံစားတတ်ကြပါတယ်။ ဒီတော့ အလိမ်ခံရသည်ဖြစ်စေ ၊ အယုံလွယ်လွန်းသူတွေဖြစ်စေ အထက်ကအချက်ကလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်လေ့လာပြီး ရင့်ကျက်တဲ့မဒီလေးတွေအဖြစ် ပြောင်းလဲလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က