May Thaw

လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခံရတာ ရှက်စရာ မဟုတ်ပါဘူး။ ပြုလုပ်တဲ့သူကသာ ရှက်ရမှာဖြစ်ပြီး အဲဒီလို နှောင့်ယှက်ခံရတဲ့အခါ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ လိုပါတယ်။

ကျွန်မတို့မိန်းမသားတွေ နေ့စဉ်ကြုံတွေနေ့ရတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံး အရာတွေထဲက တစ်ခုကို ပြောပါဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပွားလျက်ရှိနေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလို့ ဆိုရပါလိမ့်မယ်။ အမျိုးသမီးတွေအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ထိပါးနှောင့်ယှက်မှုတွေ များစွာရှိတဲ့အနက် မြန်မာနိုင်ငံက အမျိုးသမီးတွေကတော့ တစ်ယောက်တည်း အပြင်ထွက်သွားလာတဲ့အခါ ကိုယ့်ခန္ဓာကိုယ်ကိုကြည့်ပြီး လှောင်ပြောင်သရော်ခံရတာမျိုး၊ မဖွယ်မရာပြုလုပ်ဖို့ ကြံရွယ်တဲ့အသံပြုခံရတာမျိုးတွေ၊ တဏှာမျက်စိနဲ့အကြည့်ခံရတာမျိုးတွေ၊ ကာယိနြေ္ဒပျက်ပြားစေတဲ့ အရာဝတ္ထုတစ်ခုခုကို လူမြင်ကွင်းမှာ ပြခံရတာမျိုး၊ နောက်ပြောင်တဲ့ပုံစံနဲ့အသားယူခံရတာမျိုး၊ ခန္ဓာကိုယ်ကိုထိတွေ့ခံရတာမျိုးတွေ မကြာခဏ ကြုံတွေ့ရင်ဆိုင်ကြရပါတယ်။

ဒါမျိုးတွေကြုံတွေ့ဖြစ်ပွားတတ်တဲ့ နေရာအများစုဟာ ကုမ္ပဏီ၊ ကျောင်း၊ လမ်း၊ ကား၊ ရထား၊ လေယာဉ်၊ သင်္ဘော၊ ဈေး၊ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင် စတဲ့နေရာတွေမှာ ဖြစ်ပြီး ကျွန်မတို့ အမျိုးသမီးတွေ၊ ဆယ်ကျော်သက်မိန်းကလေးတွေဟာ သူစိမ်းတွေဆီက ဒီလိုပြုမူတာမျိုး ကြုံတွေ့ကြရရုံတင်မဟုတ်ဘဲ မိတ်ဆွေသူငယ်ချင်း၊ အထက်အရာရှိ၊ အလုပ်ရှင်၊ ကျေးဇူးရှိသူတွေကပါ အခုလိုအကြမ်းဖက်မှုတွေ ကြုံတွေနေရတာပဲ ဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ ညီမလေး အိငယ်ငယ်ထွန်းက တစ်ယောက်တည်း သွားလာနေရတဲ့ အမျိုးသမီးတွေ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့အတွက် သူမရဲ့ အဖြစ်အပျက်ကို အခုလို ပြောပြလာခဲ့ပါတယ်။

“ဒီလို လိင်အကြမ်းဖက်တာမျိုးကို တစ်နှစ်က ကြုံခဲ့ရတာပါ။ အဲဒီတုန်းက ညီမအိမ်ကို ကားဂိတ်ကနေပြန်လာတဲ့ လမ်းပေါ်မှာဖြစ်တာပါ။ အချိန်ကတော့ ရှစ်နာရီလောက်ရှိပါပြီ ။ အိမ်နားရောက်ဖို့ လမ်းအကွေ့လေးတစ်ခု အရောက်မှာ ကောင်လေးသုံးယောက်လောက် ထိုင်နေတာကို တွေ့ပါတယ်။ ညီမက လမ်းလျှောက်တဲ့အခါ အမြဲတမ်းနီးပါး နားကြပ်တပ်ထားပြီး သီချင်းအသံတိုးတိုးလေး ဖွင့်ထားတတ်ပါတယ်။ နားကြပ် တပ်ထားတာကလည်း ပါးစပ်သရမ်းတာတွေကို မကြားသလိုဘဲ နေလိုက်ဖို့အတွက်ပါ။ သူတို့ရှေ့က အဖြတ်မှာ နောက်ကနေ ခြေသံကြားပါတယ် ။ စိတ်ထဲမှာတော့ ထင့်ကနဲဖြစ်သွားပြီး သတိအနေအထား ပုံစံမျိုးနေလိုက်ပါတယ်။ လမ်းနည်းနည်းလျှောက်ပြီးတဲ့အချိန်မှာ ညီမတင်ပါးကို ဆုပ်ကိုင်တာခံလိုက်ရပါတယ်။ အဲဒီအချိန်ပူထူသွားပြီး လှည့်အကြည့် အဲ့ဒီလိုလုပ်တဲ့သူက မထိတထိနဲ့မအော်နဲ့၊ အော်ရင်သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ပြီးတော့ မခိုးမခန့်ရယ်သံနဲ့အတူ လှည့်ပြေးထွက်သွားပါတယ်။ အဲဒီအချိန် ဘာမှ မသိတော့ပဲ သူ့နောက်ကို အော်ပြီးပြေးလိုက်ပါတယ်။ မိန်းကလေးလည်းဖြစ် ၊ဒေါက်ဖိနပ်လည်းစီးထားတာမို့ မမီပေမယ့် အော်လိုက်တဲ့အတွက် ရပ်ကွက်ထဲကသူတွေက ထွက်လာပြီး လိုက်ဖမ်းပေးကြပါတယ်။ အဲဒီအချိန်မှာတင် အိမ်ကိုဖုန်းဆက်တော့ အဖေလိုက်လာပါတယ်။ သူ့ကို ရပ်ကွက်က ဝိုင်းဖမ်းမိခဲ့ပြီး ရပ်ကွက်ရုံးရောက်တဲ့ အချိန်ထိသူကတော့ သူ မလုပ်ပါဘူးလို့ ပြောင် ငြင်းပါတယ်။ အဖေက ရဲစခန်းထိသွားပြီး အမှုဖွင့်ခဲ့ပါတယ်။ ရဲစခန်းကလည်း ကူညီအမှုဖွင့်ပေးပြီး မနက်မှာတော့ စစ်ချက်ပေးခဲ့ရတာပါ။” လို့ သူမက အသေးစိတ် ပြောပြပါတယ်။

ဒီအဖြစ်အပျက်မှာ သူမကို ဝိုင်းပြီးကူညီပေးတဲ့ ရပ်ကွက်ကလူတွေကလည်း ကျေးဇူးတင်စရာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတော်တော်များများက ဒီလိုအဖြစ်မျိုးကြုံရရင် ခံရတဲ့သူကိုပဲ မကူညီတဲ့အပြင် အပြစ်တင်တတ်ကြတာ တွေ့ရတတ်လို့ပါ။ victim blaming သဘောမျိုး အဝတ်အစားဝတ်ထားတာ ဟော့ရမ်းနေလို့၊ အချိန်ကနောက်ကျလို့ စသဖြင့် စော်ကားခံလိုက်ရတဲ့ အမျိုးသမီးတွေကို ပြန်ပြီး အပြစ်တင်ပြောဆိုတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်ကို ထိပါးခံလိုက်ရတဲ့ အိငယ်ငယ်ထွန်းဟာ အဲ့ဒီအချိန်မှာ မြန်မာဝတ်စုံ ဝတ်ထားတာလို့ သိရပါတယ်။ ဆိုလိုတာက ကိုယ်ချင်းစာတရား နည်းပါးပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိတဲ့ လူတွေဝေဖန်ကြသလို အခုလို လိင်အကြမ်းဖက်မှုတွေ ဖြစ်တာ၊ ခန္ဓာကိုယ်ထိပါးခံရတာ၊ နောက်မုဒိမ်းမှုတွေဖြစ်တာဟာ အမျိုးသမီးတွေ မလုံမခြုံ ဝတ်စားထားလို့၊ အနေအထိုင်မတတ်လို့စတာတွေကြောင့် မဟုတ်ဘူးဆိုတာပါပဲ။

ဒီလိုအဖြစ်မျိုး ကြုံလိုက်ရတဲ့ အိငယ်ငယ်ထွန်းဟာ အဲ့ဒီအချိန် သူမရဲ့ခံစားချက်အတွေး၊ ကြောက်ရွံ့မှုနဲ့အတူ ဆုံးဖြတ်ချက်ကို ဘယ်လိုချဖြစ်ခဲ့တဲ့အကြောင်းလေးကို “ပထမက ဒေါသထွက်တာပါ။ ဖြစ်တဲ့နေရာက ကိုယ့်ပတ်ဝန်းကျင်လက်တကမ်းမှာမို့ပါ။ နောက်ဝမ်းနည်းသလို ခံစားချက်လည်းဖြစ်ပါတယ်။ ကြောက်တာရော ခံစားရပြီး ပူထူနေတယ်ဆိုတဲ့ ခံစားချက်ကြီးဖြစ်မိပါတယ်။ နောက်ဖြစ်တဲ့ အချိန်မြန်မာဝတ်စုံနဲ့ဆိုတော့ ငါ လုံလုံခြုံခြုံနေပါလျက်နဲ့ ဘာလို့အသားယူတာလဲဆိုတဲ့ စိတ်ပါဝင်မိပါတယ်။ အသားယူခံရတဲ့အချိန်မှာ တွေးမိတာက စောစောက ထိုင်နေတဲ့ကောင်လေးအဖွဲ့ကိုပါ။ ဒီနေ့ ဒီလိုငြိမ်ခံလိုက်ရင် နောက်နေ့ ဒီကောင်တွေရော ထပ်မကျူးလွန်ဘူးလို့ ပြောလို့မရသလို ၊အသားယူရုံတင်မက ဒီထက်ပိုတာတွေ လည်းဖြစ်နိုင်တယ်ဆိုတာကို ချက်ချင်းတွေးမိပါတယ်။ အရင်ကဆိုရင်တော့ ရှက်ပြီးအော်မိမှာ မဟုတ်ပါဘူး။ နောက်ပိုင်းဖေ့ဘွတ်စ်ပေါ်ကနေ စာတွေ ဖတ်လာရတယ်။ အသားယူခံရတဲ့သူက ရှက်စရာမဟုတ်ကြောင်းကို လည်း နားလည်လာတယ်။ နောက်ပတ်ဝန်းကျင်မှာလည်း အမျိုးသမီးလှုပ်ရှားမှုတွေ လုပ်နေတဲ့သူတွေ ရှိနေခဲ့တော့ အမြင်ကျယ်လာပြီး အော်ပစ်လိုက်ဖို့ ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ ချနိုင်ခဲ့တယ်လို့ ထင်ပါတယ်”တဲ့။

သူမဟာ ရပ်ကွက်ရုံးမှာ သူမကိုထိပါးခဲ့တဲ့ အမျိုးသားကို ပုဒ်မ ၃၅၄၊ ၅၀၆ တို့နဲ့ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ ရာဇဝတ်ပုဒ်မ ၃၅၄ဟာ မည်သူမဆို မိန်းမတစ်ဦးဦးရဲ့ကာယိနြေ္ဒကို ပျက်စီးစေရန်အကြံဖြင့် သိလျက်နဲ့ ထိုမိန်းမကို လက်ရောက်မှုကျူးလွန်လျင် သို့မဟုတ် (ရာဇဝတ်မှု) မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင် ထိုသူအား ပုဒ်မ (၃၅၄) ဖြင့် တရားစွဲနိုင်ပြီး ထိုသူဟာ ထောင်ဒဏ် (၂)နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာပါ။ ရာဇဝတ်ပုဒ်မ ၅၀၆ မှာတော့ မည်သူမဆို ရာဇဝတ်မကင်းတဲ့ ခြောက်လှန့်မှု (ဥပမာ ရိုက်နှက်ပစ်မည်၊ နာကျင်အောင်လုပ်မည်၊ အရာဝတ္ထုတစ်ခုခုဖြင့် ခုတ်ပစ်မည်ဟု ခြောက်လှန့်မှု) ပြုရင် ကျူးလွန်သူကို ထောင်ဒဏ် (၂)နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာပါ။

“ပုဒ်မ ၃၅၄ ရော ၊ ၅၀၆ ရော က ထောင်ဒဏ်နှစ်နှစ်စီထိ ဒဏ်ပေးလို့ရပါတယ်။ ဒါပေမယ့် တကယ် အမိန့်ချတော့ ကျူးလွန်သူကို ထောင်ဒဏ် တစ်လ နဲ့ ဒဏ်ငွေ တစ်သောင်းပဲ ချမှတ်ပါတယ်။ အမှုရက်ချိန်း တွေနဲ့ ချုပ်ရက်တွေက တစ်လလောက်ရှိနေတော့ အမိန့်ချတဲ့နေ့မှာ ပဲ အသားယူတဲ့သူက လွတ်ခဲ့တာပါ။ ဥပဒေမှာပြငှါန်းထားတာ နှစ်နှစ်ဆိုပေမယ့် ဘာဖြစ်လို့ အဲဒီလာက်ပဲချလဲဆိုတော့ တရားသူကြီးက ထောင်ဒဏ် သုံးလပဲ ချခွင့်ရှိတဲ့တရားသူကြီးဖြစ်နေလို့ပါလို့ သိရပါတယ်။ အယူခံဝင်ရင်ရပေမယ့် အချိန်မပေးနိုင်လို့ ကို အယူခံမဝင်ခဲ့ပါဘူး။ ကျေနပ်လားဆိုတော့ သိပ်တော့ မကျေနပ်ပေမယ့် ဘာပဲပြောပြောသူရော သူ့သူငယ်ချင်းတွေပါ နောက်မလုပ်ရဲတော့မှာ အသေအချာမို့ ညီမလည်း အလုပ်ရှုပ်မခံနိုင်လို့ ရပ်လိုက်ပါတယ်” လို့ သူမက ပြောပြသွားပါတယ်။

ဒီတော့ အမျိုးသမီးတွေအနေနဲ့ ညနေခင်းတွေ၊ ညဘက်အချိန်မျိုးတွေ တစ်ယောက်တည်း မဖြစ်မနေအပြင်ထွက်ဖို့ ကြုံလာတဲ့အခါ သတိထားရမယ့်၊ ကိုယ့်ကိုကိုယ် ကာကွယ်ရမယ့်နည်းလေးတွေ ဗဟုသုတအနေနဲ့ သိထားသင့်တဲ့ အချက် (၁၀)ချက် ရှိပါတယ်။ အဲ့ဒါတွေကတော့

(၁) ကိုယ်တစ်ယောက်တည်း ဖြစ်နေချိန် စိတ်ထဲ မလုံခြုံဘူးလို့ ခံစားရတဲ့သူနဲ့ နှစ်ယောက်တည်း မနေပါနဲ့။ မသိစိတ်က သတိပေးတာကို လက်ခံပါ။

(၂) ကိုယ်သွားလာနေတဲ့ ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ပါ။ သွားနေကျဆိုကိစ္စ မရှိပေမယ့် နေရာသစ်၊ အလုပ်သစ်ဆိုရင် တော့ နေ့ဘက်ကတည်းက ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ သေချာလေ့လာထားပါ။ ဥပမာ ဘယ်နေရာမှာ emergency call box ရှိလဲ၊ လှေခါးက ဘယ်နေရာလဲ စသဖြင့်ပေါ့။ ကားပါကင်လို၊ ဂိုဒေါင်လို နေရာမျိုးတွေက ပြစ်မှုကျူးလွန်သူတွေ သဘောကျတဲ့ လူပြတ်တဲ့ နေရာတွေမို့ သတိထားသွားလာဖို့ လိုပါ တယ်။

(၃) ကိုယ့်အကြောင်း ခရေစေ့တွင်းကျ facebook ပေါ် မတင်ပါနဲ့။ ဘယ်မှာရှိတယ်။ ဘာလုပ်နေတယ်။ တစ်ယောက်တည်း ဘာညာ ဆိုတာမျိုးတွေ ဖြစ်နိုင်ရင် မတင်ပါနဲ့။ အင်တာနက်ပေါ်မှာ ခင်ခဲ့တဲ့သူနဲ့ အပြင်မှာ နှစ်ယောက်တည်းချိန်းတွေ့တာမျိုး ရှောင်ပါ။ အထူးသဖြင့် လူမြင်ကွင်း မဟုတ်တဲ့ နေရာမျိုးကို ဘယ်လိုချိန်းချိန်း မသွားပါနဲ့။ တွေ့မယ်ဆိုလည်း အဖော်တစ်ယောက် ခေါ် သွားပါ။

(၄)ကိုယ့်ဖုန်းအားကိုလည်း အမြဲ စစ်ထားပါ။ အပြင်ထွက်ရမယ်ဆို ဖုန်းက အားရှိနေတာ ကောင်းပါတယ်။

(၅)တစ်ယောက်တည်း သွားလာနေချိန် ဖုန်းကိုပဲ အာရုံရောက် စိုက်ကြည့်နေတာ၊ chat နေတာ၊ ipod ကို အသည်းအသန် နားထောင်ပြီး ဖီးလ်နေတာမျိုးတွေ မလုပ်ပါနဲ့။ ပြစ်မှုကျူးလွန်မယ့်သူတွေက ဒီလိုလူမျိုး တွေကို ပိုပစ်မှတ်ထားတတ်တာမို့ ကိုယ်သွား လာနေချိန်ပတ်ဝန်းကျင်ကို လေ့လာသတိ ထားပြီး သွားပါ။ သတိလက်လွတ်မနေမိပါစေနဲ့။

(၆) ကိုယ့်ကိုယ့်ကိုယ် ကာကွယ်နိုင်မယ့် အရာတွေ ဆောင်ထားပါ။ ဓားအသေးလေး တွေ၊ စပရေးဗူးစတာတွေ အပြင် လက်ကိုင်အိတ်တို့ ထီးတို့ကလည်း အသုံးဝင်ပါတယ်။ ကိုယ်ခံပညာတတ်ထားရင်တော့ အကောင်းဆုံးပါပဲ။

(၇) တစ်ခုခုဆို အဲ့ဒီလူရဲ့ မျက်စိ၊ နှာခေါင်း စတာတွေကို ဆွဲဖဲ့ပစ်တာမျိုး၊ ကုတ်ပစ်တာမျိုးတွေလုပ်ပါ။ ကိုယ့်ဆီကပစ္စည်းတစ်ခုခုနဲ့ ထိုးပြီး ပြေးနိုင်ပါတယ်။

(၈) လမ်းမှာအိတ်ထဲပစ္စည်းရှာနေတာမျိုး၊ တစ်ခုခုနှိုက်နေတာမျိုး မလုပ်ပါနဲ့။ သူတို့ကို အခွင့်အရေးပေးသလို ဖြစ်စေတာကြောင့် ဒီလိုအပြုအမူမျိုး ရှောင်ပါ။

(၉) တခြားသူတွေကို အကူအညီအော်တောင်းတာက 199 ကိုဖုန်းဆက်တာထက် ပိုထိရောက်ပါတယ်။ အဲဒီထက်ပိုထိရောက်တာကတော့ ကိုယ့်ဘေးနားမှာတွေ့လိုက်တဲ့ တခြားလူရဲ့ အကျီအဝတ်အစား အရောင်ကိုမှတ်ထားပြီး အော်အကူအညီတောင်းပါ၊ ဥပမာ - အကျီအဖြူဝတ်ထားတဲ့ အစ်ကိုကြီးရေ ကယ်ပါဦး ဆိုပြီးတော့ပေါ့။

(၁၀) ကိုယ်ကဒီလိုအခြေအနေမျိုး မကြုံရပေမယ့် အခြားအမျိုးသမီးတစ်ဦးကြုံရတော့မယ်ထင်ရင်လည်း ဝင်ကူညီပေးဖို့လုပ်ပါ။ ဥပမာ အခြားအမျိုးသမီးတစ်ယောက်ရဲ့အနားကို ယောက်ျားတစ်ယောက်က ဘာလိုလိုနဲ့ ကပ်သွားတာမြင်တယ်ဆိုရင် အဲဒီအမျိုးသမီးကို သိသိမသိသိ စကားသွားပြောလိုက်တာမျိုးတို့ ဘာတို့ကလည်း မထင်မှတ်ဘဲ အကူအညီဖြစ်သွားစေတတ်ပါတယ်။

ဒီအချက် (၁၀)ချက်က ညဘက်အပြင်ထွက်ရတဲ့ အမျိုးသမီးတွေအတွက် အနည်းနဲ့အများတော့ အထောက်အကူဖြစ်စေမှာပါ။ ဒါနဲ့ပတ်သက်ပြီးတော့လည်း အိငယ်ငယ်ထွန်းက ခုလို ဖြည့်စွက်အကြံပေးထားပါသေးတယ်။

“ညီမက အိမ်ပြန်မိုးချုပ်တဲ့အတွက် အိတ်ထဲမှာ ဓားအချွန်အသေးလေးဆောင်ထားပါတယ်။ ကားငှါးစီးရင်လည်း ဒရိုင်ဘာနောက်တည့်တည့်မှာထိုင်ပြီး လက်မှာဓားကို အဆင်သင့်ကိုင်ထားတတ်ပါတယ်။ ကြိုတင် ကာကွယ်ရတာပေါ့။ အသားယူတော့မယ်ထင်တာနဲ့ သူ့မျက်နာကိုစေ့စေ့ကြည့်လိုက်ပါတယ်။ တကယ်မရိုးသားတဲ့သူတွေဆို ကိုယ့်ကိုပြန်မကြည့်ရဲတော့ပါဘူး။ အိမ်ပြန်ချိန်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် အရာတွေ ဆောင်ထားပါ။ ဥပမာ – ငရုတ်ကောင်းဖြန်းဆေးတွေ၊ ကျင်စက်တွေ စသဖြင့်ပေါ့။ ပတ်ဝန်းကျင်ကို မပြတ်ဂရုစိုက်ပါ။ အရွယ်ရောက်ပြီးသား မိန်းကလေးတွေအတွက် ဂရုစိုက်ရမှာ တစ်ခုပိုတာက လိုင်းကားစီးတဲ့အခါ ယုတ်ယုတ်မာမာ အသားယူတတ်တဲ့သူတွေပါ။ အပ်ဆောင်ထားပါ။ လက်လှမ်းမီရင် အပ်နဲ့ထိုးပါ ။ ထီးအရှည်ဆောင်ထားပါ။ ထောက်လှမ်းရေးလာလုပ်ရင် ထီးနဲ့ ဆောင့်ထိုးပါ။ သူတောင် မတော်တဆလိုလို လာကိုင်သေးတာ၊ လာထိသေးတာ ကိုယ်လည်း မတော်တဆလိုလိုနဲ့ ပြန်အုပ်ပါ။ လူသိအောင်ပြောပါ။ နိုင်အောင်ပြောပါ။ တစ်ခါတလေ ကိုယ်က လူသိအောင်ပြောရင်တောင် ဒင်းတို့က ကာယကံမြောက်ယုတ်မာတာတင်မက ပါးစပ်ကပါ နင့်လိုရုပ်ရည်မျိုးကိုများ ဘယ်သူက လုပ်မှာလဲဆိုပြီး ပြောသွားတတ်ပါသေးတယ်။ အဲဒါကိုလည်း နိုင်အောင်ပြောပါ။ ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းပါ။ ပတ်ဝန်းကျင်မှာ ရှိနေရင်လည်း အကူအညီပေးပါ။ ရိုင်းပင်းပါ။ ဘယ်နားကမှ မလုံခြုံ၊ ဘယ်သူကမှ ကိုယ့်ကို အကာအကွယ်မပေးနိုင်တဲ့အခါ ကိုယ်သာ ကိုယ့်ရဲ့ အားကိုးရာပါ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာက အကောင်းဆုံးပါ။ ဖြစ်နိုင်ရင် ကရာတေး၊ ဂျူဒို၊ လက်ဝှေ့၊ ဝူရှူး အကုန်သင်ထားပါ”လို့ သူမက တိုက်တွန်းသွားပါတယ်။

နိစ္စဓူဝကြားနေရ၊ မြင်နေရတဲ့ သတင်းတွေကြည့်ပြီး အမျိုးသမီးတွေရဲ့ဘဝဟာ ခံဖက်ကချည်း၊ အားငယ်စရာလို့ တွေးမိနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုတွေးပြီးစိတ်ပျက် အားငယ်နေမယ့်အစား ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး ကာကွယ်ဖို့ နဲ့ တစ်ခုခုဆို ငြိမ်ခံမနေဘဲ ၊ ကြောက်ရွံ့မနေဘဲ ဆုံးဖြတ်ချက်ကို အမြန်ဆုံးချပြီး လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်သွားဖို့ အမျိုးသမီးတွေကို အကြံပေးချင်ပါတယ်။ မဒီတို့က အမျိုးသမီးဖြစ်ပေမယ့် ဘယ်လိုကိစ္စတွေ၊ ပြသနာတွေကြုံကြုံ အကောင်းဆုံးရင်ဆိုင်ကျော်လွှားပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတွေဖြစ်တယ်ဆိုတာ အားလုံးသိပါစေ။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က