loading...

loading...

loading...

အမျိုးသမီးတွေသာ လိုအပ်တဲ့ အရည်အချင်းတွေပြည့်နေမယ်ဆိုရင် ကမ္ဘာလောကကြီးအတွက် ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေ ရရှိစေလာနိုင်မှာ ဖြစ်ပါတယ်။
Thin Nu Swe

လက်ရှိခေတ်အခြေအနေအရ အမျိုးသမီးတွေဟာ အရည်အချင်းပြည့်မှီသူတွေဖြစ်ဖို့ အများကြီးလိုအပ်ပါတယ်။ မြန်မာနိုင်ငံအရပြောမယ်ဆိုရင်ပဲ မြန်မာနိုင်ငံရဲ့ လူဦးရေးထက်ဝက်ကျော်ဟာ အမျိုးသမီးတွေပါ။ အမျိုးသမီးတစ်ယောက်ရဲ့ အရည်အချင်းဟာ သူကိုယ်တိုင်တင်မက ပတ်ဝန်းကျင်ကိုပါ သွားရောက်ပြီး ရိုက်ခတ်မှုတွေအများကြီးဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်နေရာမှာမဆို ၊ ဘယ်နယ်ပယ်မှာမဆို အမျိုးသမီးလူဦးရေက များပြားနေတာဖြစ်တဲ့အတွက် သူတို့ရဲ့ အရည်အချင်း ၊ စွမ်းဆောင်ရည်တွေဟာ နယ်ပယ်တိုင်းအတွက် တာသွားတယ်လို့ ပြောရမှာပါပဲ။




Community တစ်ခုချင်းစီတိုင်းအတွက် အားသာရာ

အမျိုးသမီးတွေဟာ အသေးစိတ် စီစဥ်တတ်ပြီး အစစအရာရာမှာ အသေးစိတ်တတ်တဲ့သူတွေဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေဖြစ်တဲ့အတွက် Community တိုင်းမှာ ရှိနေကြတဲ့ အမျိုးသမီးတွေကသာ တကယ်ကို အရည်အချင်းပြည့်မှီနေခဲ့မယ်ဆိုရင် Community အတွက် ဘာကိုမှ စိုးရိမ်ပူပန်နေစရာမလိုတော့ဘဲ စိတ်ချရတယ်ဆိုတဲ့ အနေအထားမှာ ရှိသွားပါပြီ။ ဒီဗီဇလေးတွေဟာ အမျိုးသမီးတိုင်းမှာ ရှိနေတာဖြစ်တဲ့အတွက် ငါကတော့ ဒီအဖွဲ့အစည်းအတွက် စိတ်ချရတဲ့သူဖြစ်မနေပါလားလို့ အားငယ်နေစရာမလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် အရည်အချင်း ပြည့်မှီအောင် နေမယ်၊ ကြိုးစားမယ်ဆိုရင် ကိုယ်ဟာ ကိုယ့်ပတ်ဝန်းကျင်အတွက် အားသာရာတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။

နော်ဝေသံအမတ်အဖြစ် တစ်ရက်တာ တာဝန်ယူခဲ့ဖူးပြီး Teens and Dreams ရဲ့ Advisor တစ်ယောက်အဖြစ်တာဝန်ယူထားတဲ့ အေးအိန္ဒြေမောင်က လူတစ်ယောက်မှာ အရည်အချင်းသာ ပြည့်မှီနေမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတဲ့ အကြောင်းကို Duwun ကို ခုလို ပြောပြပါတယ်။

အမျိုးသမီးရယ်၊ အမျိုးသားရယ်မှ မဟုတ်ဘူး။ လူတစ်ယောက်အနေနဲ့ သူ့ဆီမှာ ကိုယ်ပိုင်အရည်အချင်းရှိနေမယ်ဆိုရင် ဘယ်သူ့ကိုမှလည်း အားကိုးဖို့ မလိုဘူး။ အကယ်၍ တစ်ခုခု အခက်အခဲတွေ့တဲ့ အချိန်တောင်မှပဲ ဘယ်သူ့ကိုမှ မျှော်နေဖို့ မလိုဘူး။ ကိုယ့်အားကိုယ်ကိုးနိုင်မယ်။ ကိုယ့်ရဲ့ အရည်အချင်းကြောင့်မို့ ကိုယ့်ကို အသိအမှတ်ပြုမယ့်သူတွေလည်း ပိုပြီး များလာနိုင်မယ်။ ကိုယ့်ရဲ့ အရည်အချင်းကြောင့် နေရာလည်း ရလာနိုင်မယ်။ ကိုယ်လုပ်ချင်တဲ့ Target ကို ကိုယ်သာ တကယ်အရည်အချင်းရှိမယ်ဆိုရင် ရောက်နိုင်မယ်။  

တော်တဲ့ ထက်မြက်တဲ့ မိန်းကလေးတွေ ပိုများလာနိုင်ပါတယ်



အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ အမျိုးသမီးတိုင်းအတွက် စံပြထားရာ ပုဂ္ဂုလ်ဖြစ်လာပါတယ်။ အတုယူပြီး လိုက်ကြိုးစားကြတဲ့ မိန်းကလေးတွေကြောင့် တော်တဲ့ ထက်မြက်တဲ့ မိန်းကလေးတွေ ပေါ်ပေါက်လာနိုင်သလို အရည်အချင်းရှိတဲ့ အမျိုးသမီးဟာလည်း သူ့လို အရည်အချင်းရှိတဲ့ မိန်းကလေးပေါင်းများစွာကို မွေးထုတ်ပေးနိုင်ပါတယ်။ အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ အမျိုးသမီးလေးတွေအတွက် လိုအပ်တဲ့ အရည်အချင်းတွေဟာ ဘာတွေလဲဆိုတာကို လမ်းပြပေးနိုင်သူလည်း ဖြစ်ပါတယ်။

အမျိုးသမီးတွေအတွက် လုံခြုံတဲ့ရပ်ဝန်းဖန်တီးပေးနိုင်တယ်

အမျိုးသမီးတွေ လုံခြုံအောင် လုပ်ပေးနိုင်တာက အမျိုးသားတွေမဟုတ်ပါဘူး။ အမျိုးသမီးတွေပါပဲ၊ အမျိုးသမီးတွေကသာလျှင် အမျိုးသမီးတွေရဲ့ အရေးကိစ္စကို ပိုပြီး စိတ်ဝင်စားကြတာပါ။ အမျိုးသမီးတွေ တရားမျှတမှုရရှိအောင် ၊ သာတူညီမျှတဲ့ အခွင့်အရေးရရှိအောင်၊ လိင်အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာတွေ အကြမ်းဖက်မှုဒဏ်ကနေ ကင်းဝေးအောင် ကာကွယ်စောင့်ရှောက်ပေးကြမယ့်သူတွေဟာ တခြားသူမရှိပါဘူး။ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကသာလျှင် ဒီအရာတွေကို စွမ်းစွမ်းတမံ လုပ်ပေးနိုင်မှာပါ။ ဒါ့ကြောင့် အမျိုးသမီးတွေအတွက် လုံခြုံတဲ့ ရပ်ဝန်းရရှိနိုင်ဖို့ဆိုတာ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ လိုအပ်ပါတယ်။

နိုင်ငံရေးပိုင်းဆိုင်ရာ နဲ့ လူ့အခွင့်အရေးပိုင်းဆိုင်ရာတွေမှာ စောင့်ကြည့်လေ့လာသုံးသပ်သူတစ်ယောက်ဖြစ်တဲ့ မယဥ်ရတနာသိန်းက အမျိုးသမီးတိုင်းမှာ အရည်အချင်းကိုယ်စီရှိကြတဲ့အကြောင်းကို Duwun ကို ခုလိုပြောပါတယ်။

Photo:DVB

"အစ်မ နားလည်ထားတာက တစ်ဦးချင်းစီကနေနိုင်ငံတော်အထိ သက်ရောက်နိုင်တဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်။ ဒါပေမယ့် living class မတူကြတော့ တချို့တွေရဲ့အကျိုးပြုမှုကို နိုင်ငံထိချီ သတိမထားမိတာ။ ဥပမာ လယ်ထဲက ကောက်စိုက်သမလေးကလည်း သူ့အရည်အချင်းနဲ့သူ၊ ပညာအရည်အချင်းမရှိရင်တောင် နိုင်ငံရဲ့ သီးကုန်စားကုန်ထုပ်လုပ်မှုထိ သူက သက်ရောက်နိုင်တယ်။ ကွမ်းယာသည်လည်း နိုင်ငံ့ ငွေကြေးစီးဆင်းလည်ပတ်မှုမှာ လူတွေ သတိမထားမိနိုင်တဲ့ individual ပဲ။ အမျိုးသမီးတွေက အရည်အချင်းရှိကြပါတယ်။ရိုးရာယဥ်ကျေးမှု စတာတွေကြောင့် သူတို့ရဲ့ နိုင်ငံတော်ထိ သက်ရောက်အကျိုးဖြစ်ထွန်းနေမှုကို လူအဖွဲ့အစည်းက မမြင်နိုင်တာ လို့ ထင်တယ်။ ဒါပေမယ့် နိုင်ငံမူဝါဒနဲ့ လူ့ဘောင်အဖွဲ့အစည်း၊ ယဥ်ကျေးမှု၊ ရိုးရာယဥ်ကျေးမှု စတာတွေကြောင့် သူတို့ရဲ့ နိုင်ငံတော်ထိ သက်ရောက်အကျိုးဖြစ်ထွန်းနေမှုကို လူအဖွဲ့အစည်းက မမြင်နိုင်တာလို့ ထင်တယ် " 

သာတူညီမျှတဲ့ အခွင့်အရေးတွေကို ရရှိစေတယ်

အထက်ကပြောခဲ့သလိုပါပဲ။ အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ယောက် လုပ်ငန်းခွင်မှာ ရှိနေမယ်ဆိုရင် အဲဒီလုပ်ငန်းခွင်ဟာ အမျိုးသမီး ၊ အမျိုးသား သာတူညီမျှတဲ့ အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေ ရရှိနိုင်ဖို့ ပိုလွယ်ကူသွားပါပြီ။ တစ်ခုသတိချပ်ရမှာက သာတူညီမျှဆိုတာ တန်းတူပါ။ အမျိုးသမီးတွေ အခွင့်အရေးပိုရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အမျိုးသမီးလည်း အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးရမယ်လို့ ပြောတာပါ။ တန်းတူအခွင့်အရေးဆိုတာကို ပိုသာတဲ့ အခွင့်အရေးအဖြစ် ပုံမှား မမြင်စေလိုပါဘူး။

အိမ်ရဲ့ စီးပွားရေးကို တိုးတက်ကောင်းမွန်စေတယ်

အရည်အချင်းရှိတဲ့ အမျိုးသမီးတွေဟာ အိမ်စီးပွားရေးကို တိုးတက်ကောင်းမွန်စေသူတွေပါပဲ။ အိမ်ရဲ့ အသေးစိတ်ကိစ္စအဝဝကို စီစဥ်ဆောင်ရွက်ရသူတွေက အမျိုးသမီးတွေပါ။ ဒီလို အိမ်ရဲ့ ဝင်ငွေ ထွက်ငွေကို မျှတအောင် ဝေခြမ်းစီမံနေရတဲ့ အရည်အချင်းကို မွေးရာပါ အနေနဲ့ ပါလာကြတဲ့ သူတွေဖြစ်တဲ့အတွက် အရည်အချင်းရှိလေလေ အိမ်ရဲ့ ဝင်ငွေကို ခြိုးခြံဖို့ ၊ ချွေတာသုံးစွဲနိုင်ဖို့ ၊ အပိုမကုန်စေဖို့ ဆိုတာကို တွက်ချက်စီမံနိုင်စွမ်း ပိုရှိလေလေ ဖြစ်တဲ့အတွက် အိမ်ရဲ့ စီးပွားရေးကို တိုးတက်ကောင်းမွန်စေပါတယ်။ ဒါက အိမ်မှာနေတဲ့ အမျိုးသမီးတစ်ယော်ကအတွက်ပါ။ စီးပွားရေးကို ဦးဆောင်နေတဲ့ ၊ နိုင်ငံတိုးတက်ရေးအတွက်ဆောင်ရွက်နေတဲ့ အမျိုးသမီးသာ ဖြစ်ခဲ့မယ်ဆိုရင်တော့ နိုင်ငံစီးပွားရေးကို တိုးတက်ကောင်းမွန်စေနိုင်သူဖြစ်ပါလိမ့်မယ်။





အရည်အချင်းကောင်းမွန်သူတွေ မွေးထုတ်ပေးနိုင်မယ်

နောက်ဆုံး တစ်ချက်အနေနဲ့ကတော့ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေဟာ တိုင်းပြည်အတွက် နိုင်ငံအတွက် အလွန်ကို အရေးပါပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေဟာ အမေဖြစ်နေလို့ပါပဲ။ နိုင်ငံအတွက် အရည်အချင်းရှိတဲ့ ၊ စာရိတ္တကောင်းမွန်တဲ့ သူတွေဖြစ်ဖို့ဆိုတာ အမေတစ်ယောက်ရဲ့ အခန်းကဏ္ဍက အများကြီး အရေးပါပါတယ်။ အရည်အချင်းရှိတဲ့ အမျိုးသမီးကသာလျှင် သူ့ရဲ့ သားသမီးတွေကို လူတော် လူကောင်းဖြစ်နေနိုင်ဖို့ ထိန်းကျောင်းသွန်သင်ပေးနိုင်မှာ ဖြစ်တဲ့အတွက် အရည်အချင်းရှိတဲ့မိန်းမတွေဟာ အိမ်တိုင်း၊ လုပ်ငန်းတိုင်း နိုင်ငံတိုင်းအတွက် အထူးလိုအပ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတိုင်းကလည်း ကိုယ့်ကိုယ်ကိုယ် အရည်အချင်းရှိအောင် မြှင့်တင်ခြင်းဟာ ကိုယ်ကိုယ်တိုင်အတွက်သာမက နိုင်ငံအတွက်ပါ အရေးကြီးတဲ့အတွက် အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားကြဖို့ ဒီဆောင်းပါးနဲ့ တိုက်တွန်းလိုက်ပါရစေ။


loading...

က္က