ကိုယ်ဝါသနာပါတဲ့ အရာတွေနဲ့သာ ကိုယ့်ဘဝရပ်တည်မှု၊ အိပ်မက်တွေကို ပုံဖော်ထုဆစ်ဖို့ ဆုံးဖြတ်ခဲ့သူကတော့ အပြစ်ကင်းပြီး အကြည်ဓာတ်၊ ရိုးသားမှု၊ ဟန်ဆောင်မှုတွေလုံးဝမရှိတဲ့ ကလေးငယ်လေးတွေရဲ့ပုံလေးတွေ ရေးဆွဲရင်း ပန်းချီလောကမှာ နာမည်ရလာခဲ့တဲ့ ပန်းချီဆရာမလေး ဖြူစင်သန့်ပဲ ဖြစ်ပါတယ်။
May Thaw

ငယ်စဉ်ကလေးဘဝကတည်းက ကိုယ်ဝါသနာပါတဲ့အရာဟာ ဘာဆိုတာသိရှိခံစားနိုင်ခဲ့ပြီး ကိုယ်ဝါသနာပါတဲ့ အရာတွေနဲ့သာ ကိုယ့်ဘဝရပ်တည်မှု၊ အိပ်မက်တွေကို ပုံဖော်ထုဆစ်ဖို့ ဆုံးဖြတ်ခဲ့သူကတော့ အပြစ်ကင်းပြီး အကြည်ဓာတ်၊ ရိုးသားမှု၊ ဟန်ဆောင်မှုတွေလုံးဝမရှိတဲ့ ကလေးငယ်လေးတွေရဲ့ပုံလေးတွေ ရေးဆွဲရင်း ပန်းချီလောကမှာ နာမည်ရလာခဲ့တဲ့ ပန်းချီဆရာမလေး ဖြူစင်သန့်ပဲ ဖြစ်ပါတယ်။

ဆွေမျိုးအသိုင်းအဝိုင်းကလည်း ပန်းချီပန်းပုအသိုင်းအဝိုင်းဖြစ်တာကတစ်ကြောင်း၊ ကိုယ်တိုင်ပန်းချီပညာကို ရူးသွပ်ပြီး ပန်းချီဆရာမပဲ ဖြစ်ချင်တဲ့စိတ်ပြင်းပြမှုကလည်း ရှိနေပြန်တော့ ဖြူစင်သန့်တစ်ယောက် မုံရွာမြို့မှာ တက္ကသိုလ်ဝင်တန်း အောင်ချိန်မှာပဲ မန္တလေးက အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မှာ ပန်းချီပညာကိုစတင်လေ့လာဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

“ကျောင်းပြီးတော့ မန္တလေးILBC preschool မှာ ကလေးတွေကို ပန်းချီသင်တဲ့ ဆရာမ လုပ်ခဲ့တယ်။ အဲ့ဒီနောက် ကျန်းမာရေးအခြေအနေကြောင့် ကျောင်းမှာ၂နှစ်လောက်လုပ်ပြီး အလုပ်ထွက်ခဲ့တယ်။ အိမ်မှာပဲ ပန်းချီတွေရေးတယ်။ ဘုန်းကြီးကျောင်းတွေမှာ နံရံပန်းချီရေးတယ်။ အဝတ်အထည်တွေပေါ်မှာ ဆေးရေး ဒီဇိုင်း တွေ ရေးတယ်။ အိမ်မှာပဲ ကလေးတွေကိုပန်းချီသင်တယ်။ Group show တွေ လုပ်တယ်။ အဲ့ဒီနောက် မုံရွာမှာ ILBC preschool ထပ်ဖွင့်တော့ ပန်းချီဆရာမ ထပ်လုပ်ခဲ့တယ်။ ပန်းချီတစ်ဖက် အလုပ်တစ်ဖက်ပေါ့။” လို့သူမက ပြောပြပါတယ်။

ကလေးတွေကို ပန်းချီသင်ပေးဖြစ်တဲ့အကြောင်းရင်း၊ သူမရဲ့ ရည်ရွယ်ချက်ကလည်း ချစ်စရာကောင်းသလို လေးစားအတုယူစရာကောင်းနေပြန်ပါတယ်။ ဒီအကြောင်းလေးကို ခုလိုသူမက ဆိုပါတယ်။

 “ကျနော်တို့ ကလေးဘဝတုန်းက ပန်းချီရယ်လို့ သေချာမသင်ခဲ့ရဘူး။ တွေ့တဲ့ပုံ လျှောက်ရေးခဲ့ရတာ။ တချို့မိဘတွေ၊ ဆရာ ဆရာမတွေကလဲ စာအုပ်ထဲမှာ ပန်းချီရေးထားတာမြင်ရင်ဆူတယ်၊ ရိုက်တယ်ဆိုတော့ ပန်းချီကို အားပေးတဲ့ မိဘကိုရထားတာ ကုသိုလ်ကံအရမ်းကောင်းတယ်လို့ ခံစားမိတယ်။ ကလေးတွေကို ပန်းချီသင်ပေးတဲ့ရည်ရွယ်ချက်က ပန်းချီဆရာ/မ တွေဖြစ်ဖို့ မဟုတ်ဘူး။ ပန်းချီသင်တဲ့ကလေးတစ်ယောက်ဟာ ပတ်ဝန်းကျင်သဘာဝလောကကြီးကို အမှု့မဲ့ အမှတ်မဲ့ မနေမိတော့ဘူး။ အရောင်တွေကိုချစ်လာမယ်။ သူတို့စိတ်ကူးလေးတွေ၊ ဆန္ဒလေးတွေကို ပန်းချီကားလေးတွေကနေတဆင့် ပြောပြတတ်လာကြမယ်။ အာရုံစူးစိုက်မှုတွေ ကောင်းလာမယ်။ ဖြတ်ထိုးဉာဏ်တွေ၊ ဖန်တီးတီထွင်နိုင်တဲ့ ဉာဏ်တွေ မြင့်မားလာမယ်။ စိတ်တွေနူးညံ့လာမယ်။ အကောင်းမြင်စိတ်တွေများလာမယ်။ ပန်းလေးတပွင့်ကအစ အလွယ်တကူ ချိုးယူဖျက်စီးပစ်တာမျိုးမလုပ်မိတော့ဘူး။ ပန်းချီသင်တဲ့ ကလေးတယောက်ဟာ ကာတွန်းကားကြည့်တာကအစ မတူတော့ဘူး။ ဇာတ်ကောင်တွေကို အလွယ်တကူမှတ်မိလာကြသလို သူတို့ကြည့်ခဲ့ဖူးတဲ့၊ မြင်ခဲ့ဖူးတဲ့အရာတွေကို သူတို့စိတ်ကူးနဲ့ပါ ပေါင်း စပ်တတ်လာကြတယ်။ ဘယ်နေရာ ဘယ်အသက်မွေးဝမ်းကျောင်းပဲလုပ်လုပ် ပန်းချီသင်ဖူးတဲ့ကလေးက အများနဲ့မတူတဲ့ အမြင်တွေ၊ အတွေးအခေါ်တွေ ပိုပီးထူးခြားတယ်။ ဆရာဝန်ပဲလုပ်လုပ်၊ အင်ဂျင်နီယာပဲလုပ်လုပ်၊ ကျောင်းဆရာပဲလုပ်လုပ်၊ ဒီဇိုင်နာပဲလုပ်လုပ် ပန်းချီအမြင်ရှိတဲ့သူဟာ သူများထက်ပိုပြီး ထူးခြားထက်မြက် တာတွေ့ရနိုင်တယ်။ ဒါ့ကြောင့်ပန်းချီတို့ ၊ဂီတတို့ဟာ ကလေးတွေအတွက် ငယ်ငယ်ထဲက မရှိမဖြစ်လိုအပ်တဲ့ ပညာရပ်တခုလို့ပဲ မြင်ပါတယ်။ ဒါ့ကြောင့်လည်း ဒီအလုပ်ကိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီအလုပ်ကနေ၊ သူတို့ဆီကနေ ဘာပြန်ရလဲဆိုတော့ ကြည်နူးမှု၊ အေးချမ်းမှု၊ ပျော်ရွှင်မှု၊ ဖြူစင်မှု၊ အပြစ်ကင်းမှု၊ ချစ်ခြင်း မေတ္တာတွေရခဲ့သလို ဟန်ဆောင်မှုကင်းတာ လွတ်လပ်ပျော်ရွှင်စရာတွေက အရိုးရှင်းဆုံးနဲ့ အကောင်းမွန်ဆုံးပဲလို့ သိခွင့်ရခဲ့ပါတယ်”တဲ့။

ဖြူစင်သန့်ဟာ အလုပ်လည်းလုပ်၊ ပန်းချီလည်းဆွဲရင်း သူမဖြစ်ချင်တာတွေ၊ အိပ်မက်တွေကို အကောင်အထည် ဖော်နေခဲ့သူပါ။ ပန်းချီပြပွဲတွေအနေနဲ့ Group Show ပွဲတွေမှာ ပါဖြစ်ခဲ့သလို တစ်ကိုယ်တော်ပြပွဲ တစ်ပွဲလည်း လုပ်ပြီးခဲ့ပါပြီ။ အဲ့ဒီတစ်ကိုယ်တော်ပြပွဲမှာ ပြသခဲ့တဲ့ သူမရဲ့ Children Series ပန်းချီးကားတွေဟာ ပန်းချီလောကမှာ ဖြူစင်သန့်ရယ်လို့ ဖြစ်လာစေခဲ့တဲ့ အကြောင်းရင်းတစ်ခုလို့ ဆိုရင်လည်း မမှားပါဘူး။

“Pureness”လို့ အမည်ပေးထားတဲ့ Children Series ဖြစ်လာတဲ့အကြောင်းလေးကို သူမကို မေးကြည့်ဖြစ်တဲ့ အခါမှာတော့ “Children Series ဖြစ်လာပုံကိုပြောရရင် ပေးထားတဲ့ခေါင်းစဉ်“Pureness” အကြောင်းကို အရင်ပြောပြချင်ပါတယ်။ ဒီစီးရီးလေးဟာ ကလေးသဘာဝ အပြစ်ကင်းစင်မှု၊ လွတ်လပ်ပေါ့ပါးမှု၊ အရောင်ဆိုး မထားတဲ့ ပကတိအကြည်ဓာတ်ကို ရည်ညွှန်းတာပေါ့။ အဲ့စီးရီးလေးရေးဖြစ်သွားတာက ၄နှစ်လုံး ယဉ်ကျေးမှုတက္ကသိုလ်ကနေ Realism ကို အဓိကလေ့လာဖြစ်ခဲ့တယ်။ လူတွေရဲ့ Anatomy ကိုပိုပြီး လေ့လာလေ့ကျင့်ဖြစ်ခဲ့တယ်။ ကိုယ်တိုင်ကလည်း လူတွေရဲ့ ကွဲပြားတဲ့ကာရိုက်တာတွေ၊ ဟန်တွေကို စိတ်ဝင်စားတဲ့အပြင် နောက်တော့ emotionအကြောင်းကိုပါ လေ့လာချင်လာခဲ့တယ်။ Emotion ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အများကြီးရှိတဲ့အထဲကမှ ဟန်ဆောင်မှုကင်းတဲ့ ပကတိကြည်လင်မှုလေးတွေကို ကလေးတွေဆီက တွေ့ရတယ်။ ကျောင်းပြီးတော့ မုံရွာ/မန္တလေး ILBC preschool မှာ ကလေးလေးတွေကို ပန်းချီသင်ပေးတဲ့ အလုပ်လုပ်တော့ ကလေးတွေနဲ့ပိုပြီးအနေနီးလာတာလည်း ပါတယ်ပေါ့။ ကလေးတွေဆီကနေရတဲ့ ဖြူစင်တဲ့ အကြည်ဓာတ်၊ ရိုးသားတဲ့လှုပ်ရှားမှု၊ အပြစ်ကင်းတဲ့ဟန်ဆောင်မှုကင်းတဲ့ performance လေးတွေကပဲ ဒီစီးရီလေးရေးဖို့ ဖြစ်လာခဲ့တာပေါ့။” လို့ သူမက ပြည့်ပြည့်စုံစုံ ပြောပြသွားပါတယ်။

ဒါတင်မကသေးပါဘူး။ ဒီကလေးစီးရီးကိုပြောပြီဆိုတာနဲ့ ကလေးတွေရဲ့ အရေးပါပုံ (ငယ်ဘဝရဲ့အရေးပါမှု)ဟာ ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာကိုလည်း သူမက “အရွယ်ရောက်ပြီးတဲ့ လူသားတိုင်းမှာ သူတို့ရဲ့ငယ်ဘဝဆိုတာ အရမ်းအရေးကြီးပါတယ်။ ငယ်ဘဝရဲ့ကောင်းခြင်း၊ ဆိုးခြင်းပေါ် မူတည်ပြီး အသက်ကြီးလာတဲ့အခါ သူ့ရဲ့ငယ်စဉ်ဘဝက side effectတွေ၊ အယူဝါဒတွေ၊ တွေးခေါ်ပုံတွေ၊ ပတ်ဝန်းကျင်ရိုက်ခတ်မှုတွေဟာ သူတို့ကိုလွှမ်းမိုးသွားပါတယ်။ အရမ်းကိုမှ brightဖြစ်ပြီး ဉာဏ်ရည်ထက်မြက်တဲ့၊ လွတ်လပ်ပျော်ရွှင်နေတဲ့၊ ဖြူစင်နေတဲ့ ကလေးတစ်ယောက်ရဲ့ မျက်နှာဟာ အင်မတန်ကိုအရေးပါပါတယ်။ ကောင်းမွန်တဲ့ ပညာရေးစနစ်တွေ၊ ပတ်ဝန်းကျင်ကောင်းတွေ၊ နွေးထွေးတဲ့ မိသားစုတွေနဲ့အတူ ကြီးပြင်းလာရတဲ့ ကလေးတစ်ယောက်ဟာ သူရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်၊ လူသားချင်းစာနာစိတ်၊ အမြော်အမြင်ကြီးတဲ့စိတ်တွေနဲ့ လူ့အသိုင်းအဝိုင်းကို ပြန်ပြီး အကျိုးပြုစေနိုင်တယ်။ လူကောင်းတစ်ယောက်ဖြစ်လာနိုင်ခြေပိုများတယ်။ ကလေးဘဝကတည်းက ဖိနှိပ်မှုတွေ၊ ညစ်ညမ်းတဲ့အပြောအဆိုတွေ၊ နိုင်ထက်စီးနင်းအပြုအမူတွေ၊ လှောာင်ပြောင်ရှုံ့ချမှုတွေ၊ အပြစ်တင်ကဲ့ရဲ့မှုတွေနဲ့ ပတ်ဝန်းကျင်ဆိုးတစ်ခုမှာ ကြီးပြင်းလာတဲ့ကလေးတစ်ယောက်ဟာ လူကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား။ ဒါ့ကြောင့် ကလေးတစ်ယောက်ဟာ သူ့ငယ်ဘဝဖြစ်တည်မှုပေါ်မူတည်ပြီး လူအဖွဲ့အစည်းအတွက် ကောင်းကျိုးပေးသူ ဖြစ်လာနိုင်သလို ဆိုးကျိုးတွေပေးနိုင်တဲ့သူည်း ဖြစ်လာနိုင်တာမို့ သူ့ငယ်ဘဝဟာ အရေးပါအရာရောက်လွန်းပါတယ်”တဲ့။

မျက်လုံးလေးပြူးပြရင်း လျှာထုတ်ပြနေတဲ့ ကလေးလေးရဲ့ မျက်နှာအမူအရာလေးတွေ၊ နှုတ်ခမ်းလေးထော်ပြီး ချစ်စရာမျက်နှာပေးလေးနဲ့ ကလေးမျက်နှာလေးတွေ၊ စိတ်အလိုမကျပဲ နှုတ်ခမ်းထော်စိတ်ကောက်နေတဲ့ မျက်နှာအမူအရာ စတဲ့ သူမရဲ့ရေးတဲ့ကားထဲက ကလေးတွေရဲ့မျက်နှာအမူအရာမျိုးစုံဟာ ကြည့်ရှုသူတွေရဲ့ စိတ်နှလုံးထဲမှာတော့ အေးချမ်းမှု၊ အပျော်ဓာတ်၊ ကြည်နူးခြင်းတွေကို ခံစားသွားကြရတာ အသေအချာပါပဲ။

ဒီပန်းချီကားတွေနဲ့ပတ်သက်ပြီးတော့လည်း သူမက “ကျနော်ရေးချင်တာတွေ ရေးခဲ့တာတွေက အလှတရားမဟုတ်ဘူးဗျ။ emotion ဘက်ကိုပဲ ရေးခဲ့၊ သွားချင်ခဲ့တာဆိုတော့ လှနေမှာ မဟုတ်တာတော့ သေချာတယ်။ ဒီကလေးစီးရီးမှာဆိုလဲ အပျော်ဓာတ်၊ အကြည်ဓာတ်ကလေးတွေ ကြည့်မိတဲ့ သူတွေဆီကို ကူးစက်စေမယ်လို့တော့ ယုံကြည်ပါတယ်” လို့ ဆိုသွားသလို ပထမဆုံး Solo Show နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်ဆုံးကတော့ “မှတ်မှတ်ရရအဖြစ်ဆုံးကားက ကျနော့် first soloမှာ ပြခဲ့တဲ့ ကျနော့် ပုံတူကားလေးပဲဖြစ်မယ်ဗျ။ အဲဒီတုန်းက ကလေးလေးပုံတွေချည်း ကား၃၀ ရေးခဲ့ပြီးတော့ ကိုယ့်ပုံလည်း တစ်ကားလောက် ရေးချင်စိတ်ဖြစ်လာတယ်။ ကိုယ့် ပုံကိုယ်ကျ portrait ဘက်လည်း မရောက်ချင်ဘူး၊ တူလဲတူနေချင်တယ်ဆိုတော့ ကာတွန်းဆန်ဆန်လေး ရေးခဲ့တယ်။ အဲဒီပုံလေးက ပြပွဲလုပ်တဲ့အခါ အရမ်းပေါက်သွားတယ်ပြောရမလားပဲ။ Facebook မှာလည်း ကိုယ့်အကောင့်ထဲကသူငယ်ချင်းတွေရော၊ တခြားလူတွေကပါ အဲဒီပုံလေးကို profile ချိန်းကြတာ တော်တော်လေးတွေ့ရတယ်။ အပြင်မှာလာကြည့်ကြတဲ့သူတွေကလည်း အဲဒီကားကို အရမ်းသဘောကျကြတယ်။ စိတ်ထဲမှာ တော်တော်လေးကြည်နူးမိတာ အမှတ်တရပါပဲ” လို့ သူမက ပြောပြသွားပါတယ်။

ပန်းချီဆွဲတဲ့အခါ သူမရဲ့စျာန်ဝင်စားမှုအပိုင်းကို မေးကြည့်တဲ့အခါမှာတော့ “တစ်ခါတလေ တစ်နေကုန် ပန်းချီကားရှေ့ထိုင်နေပြီး မရေးဖြစ်တာမျိုးရှိသလို၊ တစ်ခါတလေ ညနက်မှ ကောက်ရေးချင်ရေးပြီး တထိုင်တည်းပြီးသွားတဲ့ ကားတွေလည်းရှိပါတယ်တဲ့။ လချီပြီးကြာတာမျိုးတွေလည်းရှိတယ်”တဲ့။

ဒီလောကထဲမှာ ရေရှည်ရပ်တည်ဖို့ ကြိုးစားအားထုတ်ရတဲ့အပိုင်းတွေထဲ နယ်မြို့ကဖြစ်တာမို့ ရန်ကုန်မှာ ရပ်တည်နေရဖို့ မလွယ်ကူတဲ့အခက်အခဲ၊ တကယ့်စိတ်ရင်းနဲ့ပေါင်းသင်းလို့မရတဲ့ လူမှုဆက်ဆံရေး တချို့ကြောင့် စိတ်ဓာတ်ကျရတဲ့အပိုင်းတွေကလွဲရင် ကိုယ်လုပ်ချင်တဲ့ပန်းချီကို လုပ်ခွင့်ရနေတာက ပျော်ရွှင်မှု လို့ သူမက သတ်မှတ်ထားပါတယ်။

စီးရီးတစ်ခုရေးဆွဲပြီးသွားတဲ့နောက် အသစ်အသစ်သောစီးရီးတွေကိုလည်း လေ့ကျင့်တည်ဆောက်ဖန်တီးနေဦးမယ်ဆိုတဲ့ သူမက အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး “စီးရီးကတော့ တစ်ခုတည်းနဲ့ တစ်ဘဝလုံးသွားနေမှာ မဟုတ်တာတော့ သေချာတယ်။ အသက်ရှင်နေသရွေ့တော့ ဒီပန်းချီပညာရပ်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေ၊ အစ်ဇင်တွေ၊ လေ့လာသင်ယူစရာတွေ လေ့လာလေ့ကျင့်နေရင်းနဲ့ပဲ တခြားအရာတွေ၊ တခြားစီးရီးတွေထပ်ပြီး ရှာဖွေနိုင်မယ်လို့တော့ မျှော်လင့်မိတယ်”လို့ ပြောသွားပါတယ်။

ခုလက်ရှိသူမရေးနေတဲ့ စီးရီးကတော့ Dream Series ဖြစ်ပြီး ဒီစီးရီးထဲမှာတော့ ယုတ္တိဆန်တာတွေမပါဘူး လို့ သိရပါတယ်။ “Dream Series ကျတော့ တွေးမိတဲ့ အကြောင်းအရာတွေ၊ Dream နဲ့ ဆက်နွယ်နေတဲ့ Conceptual နဲ့ ပေါင်းစပ်ပြီးတော့ အိပ်မက်တွေ၊ စိတ်ကူးပုံရိပ်တွေ၊ မျှော်လင့်ချက်တွေ၊ ဖန်တီးတည်ဆောက်မ တွေ၊ ယုတ္တိဗေဒကိုကျော်လွန်ပြီး ဖြစ်တည်နေတဲ့ ဒီ Surreal အကြောင်းကို စပြီး လေ့လာရေးဆွဲနေတဲ့ သဘောပေါ့။ ပြီးတော့ Dream Series ထဲက မိန်းကလေးက ကိုယ့်ကာရိုက်တာကိုယူပြီး ရေးထားတာပေါ့။ ကိုယ့်ရဲ့ကိုယ်ပွားလည်း ဟုတ်တယ်။ ကိုယ့်ကိုယ်စား ဒီမိန်းကလေးကနေပြီးတော့ Artist တစ်ယောက် ပြောချင်နေတဲ့စကားတွေ၊ အိပ်မက်တွေ၊ စိတ်ကူးတွေကို ပုံဖော်ပေးနေတဲ့၊ ပြောပြပေးနေတဲ့သူပေါ့။ Realism ရဲ့ တခြားတစ်ဖက်မှာ ဒီSurrealism ကို အခြေခံထားတဲ့ ဒီဇာတ်ကောင်လေးဟာ လွတ်လွတ်လပ်လပ်မက်ချင်တာ မက်ခွင့်ရှိတယ်။ စိတ်ကူးခွင့်ရှိတယ်။ ကိုယ့်အိပ်မက်တွေရော၊ သူပေးတဲ့အိပ်မက်တွေရော အိပ်မက်တွေအားလုံး ပန်းချီကားပေါ်မှာ ပုံပေါ်လာတဲ့သဘောပေါ့။” လို့သူမက ဆိုပါတယ်။

ပန်းချီဆရာမလေး ဖြူစင်သန့်ဟာ ပန်းချီပညာနဲ့ပတ်သက်ရင် သင်တန်းတွေသီးသန့်ဆက်မတက်ဖြစ်ပေမယ့် အင်တာနက်ကတစ်ဆင့် သိချင်တဲ့အရာတွေကိုတော့ မွှေနှောက်ရှာဖွေပြီးအမြဲလေ့လာဖြစ်နေသူပါ။ နယ်ပယ်အသီးသီး၊ နေရာအသီးသီးမှာ သူမလေးစားအားကျရတဲ့သူတွေ အများကြီးရှိသလို ပန်းချီမှာဆိုရင်လည်း သူမအားကျရတဲ့ ပြည်တွင်း၊ပြည်ပ ပန်းချီပညာရှင်တွေ တော်တော်များတဲ့အကြောင်း ဖွင့်ဟလာပါတယ်။ အဲ့ဒီပန်းချီပညာရှင်တွေထဲက တစ်ဦးတစ်ယောက်ကို မဖြစ်မနေရွေးထုတ်ပြပါဆိုရင်တော့ အမျိုးသမီးပန်းချီဆရာမ ဖရီဒါခါလို သူမလေးစားအားကျရပါတယ်တဲ့။

ကိုယ့်အိပ်မက်စိတ်ကူးတွေက မြင့်မားလေလေ အခက်အခဲတွေ များလေလေဖြစ်တတ်တာမို့ သူမအနေနဲ့ကတော့ အိပ်မက်တွေပုံဖော်နိုင်ဖို့ အများကြီးကြိုးစားရုန်းကန်နေရဦးမယ်လို့ သူမက ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုအခက်အခဲတွေ ရှိနေပါစေ...ပန်းချီဆရာမအဖြစ်ပဲ အမြဲရှင်သန်နေမယ်ဆိုတဲ့ ပြတ်သားလွန်းတဲ့ ဆုံးဖြတ်ချက်ကိုကြည့်ခြင်းအားဖြင့် ပန်းချီဆရာမလေး ဖြူစင်သန့်ရဲ့ ရူးသွပ်မှုဟာ ဘယ်လောက်ထိ ပြင်းပြနက်နဲတယ်ဆိုတာ သိလိုက်ရတာပါပဲ။

လူငယ်တွေအနေနဲ့ သူမလိုပဲ ပန်းချီပညာကို ရူးသွပ်တယ်၊ ကိုယ့်ဝါသနာက ဘာဆိုတာကို သေချာသိရှိသူတိုင်းအတွက် လုပ်ချင်စိတ်ရှိရင် ဘယ်အရာကိုဖြစ်ဖြစ်လုပ်ဖို့နဲ့ ပန်းတိုင်ရောက်အောင် အဆုံးထိ လျှောက်လှမ်းဖို့လည်း သူမက အားပေးထားပါသေးတယ်။

ဖြူစင်သန့်ရဲ့ ပန်းချီကားတွေထဲမှာ Children Series တင်မကပဲ Still Life ပန်းချီကားတွေ၊ ရေဆေးပုံတူနဲ့ ခဲပန်းချီကားတွေဟာလည်း အတော်လေး လက်ရာမြောက်ပြီး သူမရဲ့ ပါရမီနဲ့ ပြင်းထန်တဲ့အားထုတ်မှုတွေကို အားလုံးသိရှိခံစား နားလည်သွားစေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ရေးဟန်အမျိုးမျိုးနဲ့ ထူးခြားလွန်းတဲ့ ပန်းချီဆရာမလေး ဖြုစင်သန့်ရဲ့ အခြားသောဝါသနာတွေကတော့ ဂစ်တာတီးသင်ချင်တာ၊ ကင်မရာတစ်လုံးနဲ့ ဓာတ်ပုံတွေ ရိုက်ချင်တာလို့ သိရပါတယ်။ ခုလက်ရှိသူမရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကတော့ ပန်းချီပညာကို သင်ကြားပေးတဲ့အပြင် နံရံပေါ်မှာ ပန်းချီရေးဖို့ လာအပ်တဲ့အခါ လက်ခံပြီးရေးပေးတာမျိုး၊ ပုံတူလာအပ်ရင်လည်း လက်ခံရေးပေးဖြစ်တာမျိုးတွေလို့ သူမက ပြောပြပေးသွားပါသေးတယ်။

ကိုယ်သွားချင်တဲ့လမ်းကို တစ်စိုက်မတ်မတ် လျှောက်လှမ်းရင်း တစ်ထောင့်တစ်နေရာမှာ ပုန်းအောင်းနေတဲ့ ကိုယ့်ပါရမီ၊ အရည်အချင်းတွေကို ထုတ်ပြနိုင်ဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေအနေနဲ့ ပန်းချီဆရာမလေး ဖြူစင်သန့်ဟာ စံနမူနာယူစရာပါ။ ကိုယ်သာ ကိုယ့်အိပ်မက်အတွက် အကောင်းဆုံးပုံဖော်နေသူ တစ်ဦးဆိုရင် ကိုယ့်ရဲ့ကြိုးစားမှုရလဒ်နဲ့ အသီးအပွင့်ဆိုတာ တစ်ချိန်မှာ အသေအချာခံစားနိုင်လိမ့်မယ်ဆိုတာကိုလည်း သူမက သက်သေပြသွားခဲ့ပြီပဲ ဖြစ်ပါတယ်။


က္က