မြန်မာနိုင်ငံရဲ့ စီးပွားရေးလောကမှာ ဦးဆောင်နေပြီး အောင်မြင်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတွေရဲ့ အကြောင်းနဲ့ သူတို့ရဲ့ ခံယူချက် ၊ လုပ်ဆောင်ချက်တွေကို မဒီလေးတွေ အတုယူစေနိုင်ဖို့ ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။
Thin Nu Swe

1940 ခုနှစ်နောက်ပိုင်းကစလို့ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ စီးပွားရေးလောကထဲ အမျိုးသမီးတွေ ထဲထဲဝင်ဝင် ဝင်ရောက်လာခဲ့ကြပါတယ်။ အိမ်မှာ မိသားစုအရေးကိစ္စတွေကိုသာ အာရုံစိုက်ထိန်းသိမ်းမှုလုပ်နေခဲ့ရတဲ့ အမျိုးသမီးတွေဟာ သူဌေးတွေ ၊ လုပ်ငန်းပိုင်ရှင်တွေ၊ ကုမ္ပဏီပိုင်ရှင်တွေအဖြစ်ကို တမဟုတ်ချင်း ပြောင်းလဲလာခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံ The American Business Women’s Association ကနေ စက်တင်ဘာလ ၂၂ရက်နေ့ကို Business Women’s Day အဖြစ်သတ်မှတ်လိုက်ကြပါတယ်။ သူတို့ရဲ့ သဘောထားကတော့ အမျိုးသမီးတိုင်းဟာလည်း အမျိုးသားတွေနဲ့ တန်းတူ အလုပ်အကိုင်စီးပွားအခွင့်အလမ်းတွေ ရှာဖွေကြဖို့ ထိုက်တန်သူတွေလို့ ယူဆမိပြီး အမျိုးသမီး လုပ်ငန်းရှင်တွေ လိုအပ်နေပြီလို့ ခံစားမိတာကြောင့် ဒီနေ့ကို သတ်မှတ်လိုက်တာဖြစ်ပါတယ်။ 

ခုဆိုရင် ကမ္ဘာတစ်ဝန်းလုံးမှာသာမက မြန်မာနိုင်ငံမှာပါ အမျိုးသမီး စွမ်းဆောင်ရှင်တွေ ၊ လုပ်ငန်းရှင်တွေ ဒုနဲ့ဒေး ပေါ်ပေါက်လာခဲ့ကြပါပြီ။ ဒီလို အများကြီးရှိနေတဲ့ စီးပွားရေးလုပ်ငန်းရှင် မြန်မာအမျိုးသမီးတွေထဲကမှ အမျိုးသမီး ၅ဦးကို ဖော်ပြပေးချင်ပါတယ်။

သူတို့ကတော့ 

1- နန်းတင်မိုးသူ 

Lady Grace Diamond Land ကုမ္ပဏီကို တည်ထောင်ထားပြီး Chairman အဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။ YIP - Yangon Institute of Professionals ကျောင်းကိုလည်း တည်ထောင်ထားသူ ကျောင်းအုပ်တစ်ဦးဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဘဏ်ဝန်ထမ်းဘဝကနေ ထွက်လာခဲ့ပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခုတည်ထောင်ဖို့ အားထုတ်ခဲ့တာဖြစ်ပါတယ်။ မျိုးရိုးမရှိတဲ့ လုပ်ငန်းကို ကိုယ့်ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုတစ်ခုအဖြစ် ကြိုးစားတည်ဆောက်ပြီး ခုလိုအောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်လာတာဖြစ်ပါတယ်။ ဝါသနာအနေနဲ့ စီးပွားရေးလုပ်ငန်းလုပ်ချင်သူတွေအတွက် Business နဲ့ ပတ်သက်တဲ့ Training တွေ ၊ Marketing နဲ့ ပတ်သက်တဲ့ Training တွေ နဲ့ စိန်သင်တန်းတွေကို အခကြေးငွေနဲ့ ပေးတဲ့ သင်တန်းတွေ ရှိသလို ငွေကြေးမယူဘဲ ပညာဒါနသင်ပေးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပညာဒါနကိုတော့ ဆယ်တန်းအောင်ကျောင်းသား၊ကျောင်းသူတွေကို ပညာဒါနသင်ပေးတာတွေရှိသလို Lady Group Single Mom Group လေးတည်ထောင်ထားပေးပြီး ဆရာဝန်တွေ၊ ရှေ့နေတွေပါ ဝင်ပါပြီး Single Mom တွေရဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပေးနေပါတယ်။ ဒါတွေတင်မက Single Mom တွေ စားဝတ်နေရေးအခက်အခဲပြေလည်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် လက်မှုပညာ ၊ အသက်မွေးဝမ်းကျောင်း ပညာတွေကိုပါ ပညာ၊ ကုန်ကြမ်း နဲ့ လိုအပ်တဲ့အရာမှန်သမျှ ဖြည့်ဆည်းပေးပြီး ထက်မြက်အရည်အချင်းပြည့်ဝတဲ့ Single Mom တွေဖြစ်အောင် ကူညီထောက်ပံ့ပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ 

2-ဗစ်တိုးရီးယားဟန်းနီဝင်း 

Tori Cosmetics U.S.A Brand ကို တည်ထောင်ထားသူတစ်ဦးဖြစ်ပြီး US လိုင်စင်ရ Cosmetologist (အလှအပဆိုင်ရာပညာရှင်) တစ်ဦးလည်းဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ရန်ကုန် နဲ့ မန္တလေးမှာ Tori Cosmetics Showroom တွေ ဖွင့်ထားသူဖြစ်ပြီး ကိုယ်တိုင်လည်း Makeup Class တွေပေးနေတဲ့ Educator တစ်ယောက်ဖြစ်ပါတယ်။ နောက်ထပ်လည်း အမျိုးသမီးလေးတွေရဲ့ ဘဝအတွက် စိတ်ဓာတ်ခွန်အားတွေပေးနေတဲ့ life coachတစ်ယောက်အဖြစ် လုပ်ကိုင်နေသူတစ်ယောက်ပါ။ လိုင်စင်ရ Cosmetologist အဖြစ် အမေရိကန်နိုင်ငံမှာ ၂၁နှစ်အရွယ်က စတင်ခဲ့ပြီး ခုဆိုရင် ၁၉နှစ်တာသက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သားနှစ်ယောက်ရဲ့ မိခင်ဖြစ်ပြီး စီးပွားရေးနဲ့ မိသားစုအချိန်တွေကို မျှတအောင်စွမ်းဆောင်ထားနိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဘဝနေထိုင်နည်းကတော့ Learning ၊ Earning ၊ Legacy နဲ့ Golden ဆိုတဲ့အချက်ကလေးတွေဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်းမှာ သင်ယူရမယ်၊ ရှာဖွေရမယ်၊ ပြီးရင်တော့ ချန်ရစ်ခဲ့စရာရှိတာချန်ရစ်ခဲ့ပြီး နောက်ဆုံးမှာ ဘဝကို အကောင်းဆုံးဖြတ်သန်းကုန်ဆုံးရမယ်ဆိုတဲ့ အချက်လေးချက်ပဲဖြစ်ပါတယ်။ 

3-ရည်ဝိုင်းဦး 

သူမကတော့ A1 Group of Companies ရဲ့ Executive Director တစ်ဦးဖြစ်ပါတယ်။ A1 Group of Companies မှာတော့ A1 Construction Co.,Ltd ၊ Wyne International Co.,Ltd ၊ A1 Energy Co.,Ltd ၊ A1 Garment Co.,Ltd ၊ A1 Mining Co.,Ltd ၊ A1 Capital Co.,Ltd ၊ Terabit Wave Co.,Ltd ၊ Com & Com Co.,Ltd နဲ့ Yadanarbon Fibre Co.,Ltd တို့ပါဝင်တာပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ LA မှာရှိတဲ့ California State University မှာ Civil Engineering ပညာကို သင်ယူခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ မြန်မာနိုင်ငံကို ပြန်လာခဲ့ကာ ဖခင်ရဲ့ ကုမ္ပဏီဖြစ်တဲ့ A1 Group of Companies မှာ ဆက်လက်တာဝန်ယူဆောင်ရွက်နေသူဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေသာမက လူမှုရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာလည်း အားသွန်ခွန်စိုက် ဆောင်ရွက်တတ်သူတစ်ဦးဖြစ်ပါတယ်။ ဘာသာရေးတွေကို အဓိကအခြေခံပြီး အမျိုးသမီးနဲ့ မိခင်တွေကို စောင့်ရှောက်ပေးနေတဲ့ လေးကျွန်းသူဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး တွဲဖက်အတွင်းရေးမှူးအနေနဲ့ ဆောင်ရွက်နေသူပါ။ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းရဲ့ CEC (Central Executive Committee) အဖြစ် အဖွဲ့အစည်းရဲ့ တာဝန်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖြည့်ဆည်းပေးနေတဲ့ Save Myanmar Children Foundation မှာ ဒုဥက္ကဌအဖြစ်ဆောင်ရွက်နေပြီး ရင်ခွင်မဲ့ကလေးပြုစုစောင့်ရှောက်ရေးအတွက် ဆောင်ရွက်ဖို့ စီစဉ်နေသူပါ။ ဒီလို စွမ်းဆောင်ရည်တွေ ပရဟိတလုပ်ငန်းတွေနဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချနေတဲ့သူမဟာ အမျိုးသမီးထုအတွက် စိတ်ဓာတ်ခွန်အားရအောင် ၊ အခွင့်အလမ်းတွေရအောင် ပံ့ပိုးကူညီနေခဲ့တဲ့အတွက် Asia Women Entrepreneurs Network ကပေးတဲ့ ၂၀၁၉ရဲ့ မြန်မာအမျိုးသမီး စွမ်းဆောင်ရှင်ဆု MWEA Award & AWEN ဆုကို ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ 

4-တင့်တင့်လွင် 

သူမကတော့ Tint Tint Myanmar Group of Companies ရဲ့ တည်ထောင်သူပဲ ဖြစ်ပါတယ်။ Tint Tint Myanmar Group of Companies မှာဆိုရင်တော့ အပျော်စီးသဘောၤ တွေ ၊ ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေ ၊ ကျွန်းတွေ ၊ ခရီးသွားလုပ်ငန်းတွေ ၊ ပီလောပီနံထုတ်တဲ့ စိုက်ပျိုးရေးလုပ်ငန်း နဲ့ ဖက်ရှင်အသားပေးအထည်ချုပ်လုပ်ငန်းတွေ ပါဝင်တာပဲဖြစ်ပါတယ်။ သူမဟာ ၁၉၈၈ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ ဓာတုဗေဒဘွဲ့ရခဲ့သူတစ်ဦးဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလွန်းတာကြောင့် ဂျာမန်ဘာသာစကားကို သင်ယူခဲ့ပြီး ဧည့်လမ်းညွှန်တစ်ယောက်အနေနဲ့ ဘဝကို ခက်ခဲစွာ ကြိုးပမ်းရုန်းကန်ခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် သူမက Single Mom တစ်ဦးလည်း ဖြစ်နေပါသေးတယ်။ အလုပ်ကြိုးစားလွန်းတဲ့သူမဟာ ၂၀၀၇ ခုနှစ်မှာတော့ ဂျာမနီနိုင်ငံက ပေးအပ်တဲ့ the best tourist guide award ဆုကို ရရှိခဲ့ပါတယ်။ ဆုရရှိပြီးတဲ့နောက်မှာတော့ နိုင်ငံတကာက များစွာသော tour operatorsတွေဟာ သူမဆီ အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာ ယူဆောင်လာပါတော့တယ်။ တစ်ချိန်က အလုပ်အကိုင်ရှားပါးလွန်းတဲ့အတွက် ကြိုးစားရုန်းကန်ခဲ့ရတဲ့သူမဟာ အခုအခါမှာတော့ Tint Tint Myanmar ကုမ္ပဏီကြီးရဲ့ Chairman နေရာမှာ ရပ်တည်နေနိုင်ခဲ့ပါပြီ။ ဟန်ဂေရီနိုင်ငံရဲ့ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် အဖြစ် တာဝန်ယူထားသလို Water Women Association မှာလည်း ရေလုပ်သား အမျိုးသမီးတွေအတွက် ကူညီထောက်ပံ့နေသူဖြစ်ပါတယ်။ နောက်ထပ်လည်း အကူအညီမဲ့နေပြီး အခက်အခဲဖြစ်နေတဲ့ ချင်းအမျိုးသမီးလေးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေရရှိနိုင်အောင် ကူညီထောက်ပံ့ပေးနေတဲ့ women's rescue center မှာတော့ ဒုဥက္ကဌအနေနဲ့ ဆောင်ရွက်နေသူပါ။ ဟော်တယ်ခရီးပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ ခရီးသွားလုပ်ငန်းဗဟိုကော်မတီမှာလည်း Working ကော်မတီမှာ အဖွဲ့ဝင်အနေနဲ့ လုပ်ဆောင်နေသူဖြစ်ပါတယ်။

5-ဖြူဖြူတင်

မြန်မာအစားအစာအဓိကရောင်းချပြီး ထိုင်း၊ ဗီယက်နမ် ၊ လာအို ၊ ကမ္ဘောဒီးယား စတဲ့ အစားအစာတွေကိုပါ ရောင်းချနေတဲ့ International အဆင့်အတန်းမီ Monsoon Restaurant ကို ဖွင့်လှစ်ထားသူဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးပြီး ဒုက္ခရောက်နေတဲ့ အမျိုးသမီးလေးတွေအတွက် ရည်ရွယ်ပြီး မုန့်ဖုတ်တဲ့ သင်တန်းဖြစ်တဲ့ Yangon Bake House School ကိုလည်း တည်ထောင်ထားသူဖြစ်ပါတယ်။ ဒီ Yangon Bake House School ရဲ့ ထူးခြားချက်ကတော့ Pay & Training ဖြစ်ပါတယ်။ ဒါ့ကြောင့် မိန်းကလေးတွေ ငွေကြေးအတွက် မလုပ်ချင်တဲ့အလုပ်တွေ မလုပ်ရလေအောင် ၊ အမျိုးသမီးငယ်လေးတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ၊ ပိုက်ဆံလေးရအောင် လစာပေးပြီး သင်ပေးနေတဲ့ မုန့်ဖုတ်သင်တန်းဖြစ်ပါတယ်။ အထင်ရှားဆုံးတစ်ရပ်အနေနဲ့ TV Show တစ်ခုဖြစ်တဲ့ Master Chef Myanmar ရဲ့ ဒိုင်တစ်ဦးအနေနဲ့ ဆောင်ရွက်နေပြီး Training Hotel တစ်ခု လုပ်ဖို့လည်း ပြင်ဆင်နေသူပါ။ သူမအတွက်တော့ မိခင်တစ်ဦးအနေနဲ့ရော ၊ စီးပွားရေးသမားတစ်ယောက်အနေနဲ့ရော လူသားတစ်ယောက်အနေနဲ့ပါ တာဝန်ကျေပွန်သူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ 

မိသားစုတာဝန် ၊ စီးပွားရေးတာဝန်တွေသာမက တိုင်းပြည်တာဝန်တွေအပါအဝင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတိုင်းကိုပါ ကူညီပံ့ပိုးပေးနေကြတဲ့ လုပ်ငန်းရှင်မြန်မာအမျိုးသမီးတွေရဲ့ စွမ်းပကားကတော့ အံ့မခန်းပါပဲ။ မိသားစုစီးပွားရေးကို ဆထက်ထမ်းပိုးအောင်မြင်အောင် ဆောင်ရွက်နေသူတွေရှိသလို ကိုယ့်ဒူးကိုယ်ချွန်ပြီး စီးပွားရေးလုပ်ဆောင်နေကြသူတွေလည်းရှိပါတယ်။



မဒီလေးတို့အနေနဲ့လည်း ကိုယ်ရောက်နေတဲ့ နေရာကို ရပ်တန့်မနေဘဲ စိတ်ဓာတ်ကျမနေဘဲ သင်ယူလေ့လာစရာတွေ သင်ယူရင်း ကိုယ့်ရဲ့ ဘဝကို မြင့်မားတိုးတက်အောင် ဆောင်ရွက်ကြဖို့ ဒီဆောင်းပါးလေးနဲ့ တိုက်တွန်းပါရစေ။


က္က