In partnership with  logo
ခုနောက်ပိုင်းမှာ အွန်လိုင်းပေါ်မှာ အနိုင်ကျင့်စော်ကားတဲ့ကိစ္စရပ်တွေ တော်တော်များများဖြစ်ပွားလာကြပါတယ်။ ဒီလို ကြုံတွေ့လာတဲ့အခါ ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ သိပ်ကို အရေးကြီးပါတယ်။

ဆိုရှယ်မီဒီယာသုံးစွဲမှု ကျယ်ပြန့်လာတာနဲ့အမျှ အွန်လိုင်းပေါ်မှာ တိုက်ခိုက်အောင်လုပ်တာ၊ အနိုင်ကျင့်စော်ကားခံရတာတွေ အရမ်းကို များလာပါတယ်။ တချို့က သိသိကြီးနဲ့ အနိုင်ကျင့်စော်ကားတာဖြစ်ပြီး တချို့ကတော့ မသိလိုက်ဘဲ အနိုင်ကျင့်စော်ကားမိသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ…အနိုင်ကျင့်စော်ကားသူက ပေါ့ပေါ့လေး လုပ်လိုက်ပေမယ့် ထိခိုက်နစ်နာသူကတော့ ဆိုးဆိုးရွားရွားခံစားကြရပါတယ်။ ဒီလို အွန်လိုင်းပေါ်မှာ အနိုင်ကျင့်စော်ကားမှုတွေကို ဘယ်လိုရင်ဆိုင်တုံ့ပြန်မလဲဆိုတာကလည်း အရေးကြီးပါတယ်။ Cyber bullying လုပ်ခံရပြီဆိုရင် စိတ်ဓာတ်ခိုင်မာတဲ့သူတွေအတွက်တောင် စိတ်ထိခိုက်အားငယ်ရတဲ့အထိဖြစ်ကြရသလို စိတ်အားငယ်တတ်သူတချို့ဆိုရင် သတ်သေတဲ့အထိ စိတ်ဓာတ်ကျဘဝဆုံးရှုံးရတာမျိုးတွေ ဖြစ်ကြရပါတယ်။

Cyberbullying ဆိုတာ

Cyberbullying ဆိုတာ နည်းပညာပစ္စည်းတွေဖြစ်တဲ့ ဖုန်း ၊ ကွန်ပျူတာ ၊ tablet တွေကို အသုံးချပြီး တဖက်သားထိခိုက်အောင် အနိုင်ကျင့်စော်ကားတာပါပဲ။ မက်ဆေ့ပို့ပြီး ခြိမ်းခြောက်တာ ၊ ပို့စ်တင်ပြီး အရှက်ခွဲတာ ၊ ဓာတ်ပုံတွေ ဖြန့်ဝေတာ ၊ မဟုတ်တမ်းတရားတွေ အပုပ်ချပြောဆိုတာ ၊ အွန်လိုင်းကနေ ထိခိုက်နာကျင်စေအောင် ပြုလုပ်တာတွေအကုန်လုံး အကျုံးဝင်ပါတယ်။ ဒါတွေတင်မက ကာယကံရှင်မသိစေချင်တဲ့ အတွင်းရေးတွေကို သူများကို လျှောက်ပြောတာတွေကလည်း cyberbullying လုပ်တာပါပဲ။

Cyberbullying လုပ်တာကို ခံရခဲ့ရင် ဘာတွေလုပ်ရမလဲ

-ကိုယ်ယုံကြည်ရသူ (သို့) မိဘဆွေမျိုး၊ ဆရာမ ၊ အထက်အရာရှိ စတဲ့သူတွေကို ပြောပြပါ

-သက်ဆိုင်ရာပို့စ် ၊ ကွန်မန့် ၊ မက်ဆေ့ အားလုံးကို နေ့ရက် အချိန် အတိအကျသိမ်းထားပါ

-ပြန်လည် တုံ့ပြန်ပြောဆိုတာမျိုးတွေမလုပ်ပါနဲ့

-ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့ ။ ဒီလိုဖြစ်လာတာ ကိုယ့်အပြစ်လုံးဝမဟုတ်ပါ

-ကိုယ့်အတွင်းရေးအကြောင်းအရာတွေကို ဆိုရှယ်မီဒီယာတွေမှာ အတိအကျ ဖော်ပြပြောဆိုတာမျိုးရှောင်ပါ

-တိုက်ခိုက်ချင်သူတွေက အမြဲတစေ စောင့်ကြည့်နေမှာဖြစ်တဲ့အတွက် ဆိုရှယ်မီဒီယာတွေမှာ ကိုယ့်ရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် ကိစ္စတွေ ရှောင်ပါ (ရောက်ရာအရပ်တိုင်းကို check-in တင်တာမျိုးတွေ)

-နောက်ဆုံး အရမ်းပြင်းထန်လာရင် ဥပဒေအရ အကူအညီယူပါ။ 

 ဒီလို ကိစ္စရပ်တွေကို ကျား မမရွေး ကြုံတွေ့ကြရတယ်ဆိုပေမယ့် အမျိုးသမီးတွေက ပိုလို့တောင် ကြုံတွေ့ကြရပါတယ်။ စာရေးဆရာမတစ်ဦးဖြစ်တဲ့ ထက်မြက်နိုင်ဇင်က သူကြုံတွေ့ခဲ့ဖူးတဲ့ အကြောင်းအရာတွေကို ခုလို ဝေမျှပါတယ်။

“မ ကြုံဖူးတာက ၂၀၁၃ လောက်ကပါ။ အကောင့်တစ်ခုက မနာမည်ကို ယူသုံးပြီး အကောင့်ဖွင့်တယ်။ ခန္ဓာကိုယ်အသားပေး မပေါ့်တပေါ်ပုံတွေတင်ပြီး သူက ထက်မြက်နိုင်ဇင်ပါ။ သူ့ကို ဆက်သွယ်လို့ရပါတယ်ဆိုပြီး အစ်မ ဖုန်းနံပါတ်ကြီး တင်ထားတယ်။ မက်ဆေ့တွေကော ဖုန်းတွေကော လာလိုက်ကြတာ။ မလည်းရှက်လည်း ရှက် ၊ စိတ်လည်း ထိခိုက်တယ်။ အဲဒီလိုတင်တာတွေက မ မဟုတ်ပါဘူးလို့ ဆက်လာတဲ့သူတိုင်းကို ရှင်းပြရတာပေါ့။ ဒီလိုတော့ အစ်မကြုံခဲ့ဖူးတယ်။ မိန်းကလေးတွေအနေနဲ့လည်း ဒီလို ဖြစ်ရပ်တွေ ကြုံလာရတဲ့ အခါမှာ ဥပဒေအရ ကာကွယ်ဖို့ရယ် မရှက်မကြောက် ခေါင်းအေးအေးထားပြီး ကိုင်တွယ် ဖြေရှင်းဖို့ လိုမယ်လို့ မကတော့ အကြံပေးချင်ပါတယ်။”

မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာအသုံးပြုသူအများစုရဲ့ အမြင်မှာ ဖေ့ဘွတ်ကို လွတ်လွတ်လပ်လပ်ဝေဖန်နေတယ်ဆိုတဲ့ တဖက်ပိတ်အမြင်တွေနဲ့ လူတစ်ဦးတစ်ယောက်ရဲ့ အားနည်းချက်တွေကို ဖိနှိပ်ပြောဆိုလှောင်ပြောင်တာ ၊ အတွင်းရေးတွေ ဖော်ထုတ်ပြီး ကျကျနနဝေဖန်တာတွေ လုပ်လာကြပါတယ်။ အခု ခေတ်စားနေတဲ့ troll တယ်ဆိုတာကလည်း cyberbullying လုပ်တာပါပဲ။ တဖက်သားရဲ့ စိတ်ခံစားမှုကို မငဲ့ဘဲ ကိုယ့်ရဲ့ တစ်ကိုယ်ရည် အပျင်းပြေဖို့အတွက် လူတွေက cyberbullying လုပ်နေကြတာပါ။

ဝေဖန်လို့မရဘူးလား

ဝေဖန်လို့ရပါတယ်။ လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကို မကြိုက်လို့ ဝေဖန်မယ်ဆိုရင် ဝေဖန်ပိုင်ခွင့် လူတိုင်းမှာ ရှိတယ်ဆိုပေမယ့် အခုနောက်ပိုင်း လူတွေဟာ (ဖေ့ဘွတ်ခ်သုံးစွဲသူအများစု) မကြိုက်လို့ ဝေဖန်တာနဲ့ အနိုင်ကျင့်စော်ကားတာကို မပိုင်းခြားနိုင်တော့ဘဲ လူတစ်ယောက်ရဲ့ အတွင်းရေးတွေ အားနည်းချက်တွေကို ဟားတိုက်လှောင်ပြောင်စော်ကားလာကြပါတယ်။

စနောက်တာ နဲ့ စော်ကားတာ

ဆိုရှယ်မီဒီယာကို အသုံးချပြီး တိုက်ခိုက်စော်ကားနေကြသူတွေရဲ့ လက်သုံးစကားကတော့ စနောက်ကျီစယ်တာလို့ ပြောကြပါတယ်။ တဖက်သားအပေါ် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်အောင် ပြုလုပ်တာဟာ စနောက်ကျီစယ်တာ လုံးဝမဟုတ်ပါဘူး။

ကြုံဆုံဖူးကြသူများ

ဒီ cyberbullying လုပ်တာတွေကို လူတော်တော်များများကြုံတွေ့ဖူးကြပါတယ်။ ဒီလို ကြုံတွေ့ရတဲ့နေရာမှာလည်း ယောကျ်ား မိန်းမ မရွေး ကြုံရဆုံရတာတွေချည်းပါပဲ။ ခုလတ်တလောမှာပဲ cyberbullying လုပ်ခံရလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့သူတွေလည်း မနည်းပါဘူး။ ဒီလိုကိစ္စတွေများလာပြီဆိုရင် ဆိုရှယ်မီဒီယာရဲ့ဆိုးကျိုးက လူတွေကို ဝါးမြိုသွားပါလိမ့်မယ်။

ထုတ်ဝေသူ၊ ပန်းချီဆရာ ၊ စာရေးဆရာ ကဗျာဆရာမ ချိုပိန်းနောင်ကလည်း လက်ရှိမှာ cyber bullying လုပ်ခြင်းခံနေရပါတယ်။ သူမကတော့ ဥပဒေအရ တန်ပြန်တုံ့ပြန်နေပါတယ်။

“ဇွန်လ ၂၁ရက်နေ့က အစ်မကို အကောင့်တုတစ်ခုကနေ သိက္ခာချအရှက်ခွဲတာခံရတယ်။ အဲ့ဒီအကောင့်တုနဲ့အစ်မက friend လည်းမဟုတ်ဘူး။ ဒါပေမဲ့ သူက ဒီစာပေလောကထဲက သူတွေနဲ့ အစ်မရဲ့စာဖတ်ပရိသတ်တချို့ကို လိုက် add ထားပြီး အစ်မဝေါလ်မှာတင်ထားတဲ့ ပုံကို friend only နဲ့ရှဲပြီး ''ဒီမိန်းမငါနဲ့အိပ်ဖူးတယ်'' ဆိုပြီး ရေးတင်တာ ။ဒီကိစ္စက အစ်မကို အကြောင်းသိတဲ့အသိုင်းအဝိုင်းကြားမှာ အစ်မသိက္ခာအတွက် ဘာပြသနာမှမဟုတ်ဘူး။ ဒါပေမဲ့ လုပ်တဲ့သူက ဘယ်သူလဲ၊ ဘယ်ကလဲဆိုတာကို အစ်မကသိချင်တယ်။ ဘာအငြိုးကြောင့် ဒီလိုလုပ်သလဲ သိချင်တယ်။ ဒါပေမဲ့ ဒီလို bully လုပ်တာကလည်း လူသိမခံရဲလို့ အကောင့်တုနဲ့လုပ်တာဆိုတော့ ဘယ်သူလဲလို့ချက်ချင်း အစ်မမသိရဘူး။ ဒါကြောင့် ဖြစ်ပြီးပြီးချင်းမှာပဲ အစ်မ လိုအပ်တဲ့ screenshot တွေကိုပရင့်ထုတ်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တယ်။ ဖုန်းတွေလူတိုင်း သုံးလာနိုင်ပြီး ဖုန်းကဒ်တွေ အရမ်းကို ဈေးပေါလာတဲ့အခါမှာ တစ်ခုပြီးတစ်ခု လုပ်လာနိုင်တယ်။ စာတစ်ကြောင်း ဗလောင်းဗလဲနဲ့ လူတွေ အသက်သေတဲ့ထိဖြစ်လာတယ်။ လုပ်လိုက်တဲ့သူက ဘာမှ မဟုတ်ဘူး၊ မရည်ရွယ်ပါဘူးဆိုပေမယ့်လည်း ခံရတဲ့သူကတော့ အလူးအလဲပဲလေ။ ဒီတော့ အစိုးရအနေနဲ့ ဒီကိစ္စကို ဘယ်လို ထိထိရောက်ရောက် ကိုင်တွယ်မှာလဲ ဆိုတာကိုပဲ စောင်ကြည့်ချင်တယ်။” 

ဒီလို ကြုံတွေ့ရတဲ့ အွန်လိုင်းပေါ်ကနေ အနိုင်ကျင့်တိုက်ခိုက်မှုကို ငြိမ်ခံမနေဘဲ တန်ပြန်တုံ့ပြန်တတ်တဲ့ အမျိုးသမီးတွေလည်း ရှိနေပါတယ်။ အွန်လိုင်းပေါ်ကနေ အနိုင်ကျင့်တိုက်ခိုက်စော်ကားတာကို ပြန်လည် လက်တုံ့ပြန်လို့ ရတဲ့ ဥပဒေနှစ်ခုရှိပါတယ်။ အဲဒါတွေကတော့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၄(ဃ) တို့ပဲ ဖြစ်ပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မကတော့ "ဆက်သွယ်ရေး ကွန်ယက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်ခြင်း တောင်းယူခြင်း ၊သရေဖျက်ခြင်း ၊ နှောင့်ယှက်ခြင်း (သို့) ခြိမ်းခြောက်ခြင်း " တို့ကို ပြုလုပ်ပါက " နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်"လို့ ပြဋ္ဌာန်းထားပါတယ်။

အီလက်ထရောနစ်ဥပဒေ ကတော့ "အဖွဲ့အစည်း တစ်ခု (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာကျဆင်းစေရန် ဖြစ်စေ၊ သတင်းအချက်အလက်နှင့် အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း (သို့မဟုတ်) ပြောင်းလဲခြင်း (သို့မဟုတ်) ပြောင်းလဲခြင်းပြုလုပ်ထားသည့် အချက်ကို ဖြန့်ချီခြင်း တို့ကို ပြုလုပ်ပါက"ငွေကျပ်ဆယ်သိန်းမှ ငွေကျပ် သိန်းတစ်ရာအထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ဒဏ်ငွေမပေးဆောင်ပါက ထောင်ဒဏ် အနည်းဆုံး တစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ချမှတ်ခံရမည်" လို့ ပြဋ္ဌာန်းထားပါတယ်။

ဒီတော့ ကိုယ့်ကို အွန်လိုင်းပေါ်ကနေ တိုက်ခိုက်စော်ကားလာခဲ့မယ်ဆိုရင် ဥပဒေလမ်းကြောင်းကနေလည်း ကိုယ့်ကိုယ်ကိုယ် အကာအကွယ် ယူပြီး တန်ပြန်တုံ့ပြန်လို့ရတယ် ဆိုတဲ့ အကြောင်းကို ဆိုရှယ်မီဒီယာကို အသုံးပြုနေကြတဲ့ တစ်ယောက်စီတိုင်းကို လက်တို့ လိုက်ပါတယ်။

Share

Loading Next Article...
က္က