In partnership with  logo
ရွေးစေ့လေးတွေကို သူမတူထူးခြားတဲ့ လက်ရာဒီဇိုင်းလေးတွေဖန်တီးပြီး YK Collection တည်ထောင်ထားသူကတော့ မမင်းမင်းမြတ်ပဲ ဖြစ်ပါတယ်။

လူတစ်ယောက်အတွက်တော့ သူလုပ်နေတဲ့အလုပ်ဟာ ငွေကြေးအမြတ်အစွန်းရဖို့ဆိုတာထက် ဝါသနာအရင်းခံပြီး ရွေးချယ်ထားတဲ့အလုပ်မျိုး ဖြစ်သင့်သလို ကိုယ့်အတွက်လည်း ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှု တစ်ခုခုရနေတဲ့ အလုပ်မျိုးလည်းဖြစ်သင့်ပါတယ်။ ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အဲ့ဒီအလုပ်က ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်နေထိုင်တဲ့မြို့၊ တိုင်းပြည်ကို တစ်နည်းနည်းနဲ့အကျိုးပြန်ပြုနိုင်တဲ့အလုပ်မျိုးဆိုရင်တော့ တကယ့်ကို အတိုင်းထက်အလွန်လို့ ပြောရပါလိမ့်မယ်။ ဒီလိုမျိုး ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်၊ စီးပွားရေး လုပ်ငန်းကနေ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်နဲ့ထိစပ်နေတဲ့သူတွေကို အသိပညာ awareness ဖြစ်စေချင်သလို သူတို့တွေ ဝင်ငွေတစ်ခုရစေဖို့ ကြိုးစားရင်း ကိုယ့်ရဲ့brand နဲ့ image ကိုပိုကောင်းသထက်ကောင်းအောင် တည်ဆောက်နေတဲ့ အမျိုးသမီးတစ်ယောက်ရှိပါတယ်။ သူကတော့ YK Collections Social Enterprise ရဲ့ ပဲ့ကိုင်ရှင် မမင်းမင်းမြတ်ပါ။

YK Collections လို့ဆိုလိုက်ရင် အများကတော့ ရွှေရွေးစေ့လေးတွေနဲ့ဖန်တီးထားတဲ့ အဆင်တန်ဆာတွေကို တန်းပြီး သတိရသွားကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပတ်ဝန်းကျင်ကပေးတဲ့ ဒီအနီရောင် သစ်စေ့လေး တွေကနေ တစ်နည်းအားဖြင့် ကုန်ကြမ်းတစ်ခုကနေ ဒီလိုဈေးကွက်ထဲ လှလှပပနဲ့လူတွေလိုချင်ရလောက်တဲ့ အဆင်တန်ဆာတွေ ဖန်တီးနိုင်တယ်ဆိုတာ YK Collections က မမင်းမင်းမြတ်က အားလုံးကို သိစေနားလည်စေခဲ့လို့ပါ။

ဒီရွေးစေ့လေးတွေကို အဆင်တန်ဆာအဖြစ် ဒီဇိုင်းဖန်တီးပြီးရောင်းချဖို့ သူမဘယ်လို အိုင်ဒီယာရသွားခဲ့တာလဲ ဆိုတာလေးကို မေးကြည့်တဲ့အခါမှာတော့ သူမက “ဒီသစ်စေ့လေးတွေက ငယ်ငယ်ကတည်းက ရွာမှာအမြဲတွေ့မြင်နေရတာ။ ကစားပြီဆို ဒါလေးတွေနဲ့ပဲ ကစားခဲ့ကြတဲ့ အမှတ်တရလေးတွေကလည်း ရှိနေခဲ့တာပေါ့။ နောက်ပိုင်း ကိုယ်အလုပ်ကြောင့် နိုင်ငံခြားတွေဘာတွေ သွားဖြစ်တဲ့အခါမှာ ဒါလေးတွေကို အဲ့ဒီနိုင်ငံတွေမှာ Eco product အဖြစ်ရောင်းတာကို တွေ့ခဲ့ရတော့ ငါတို့လည်း ဒီလိုဘာလို့ မလုပ်နိုင်ရမှာလဲဆိုပြီး တွေးမိတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒီသစ်စေ့လေးတွေကို ဘယ်လိုအပေါက်ဖောက်မလဲပေါ့။ ဒီအပိုင်းကို စိတ်ရှည်လက်ရှည်နဲ့ အဆင့်ဆင့်လုပ်ခဲ့ရတာပေါ့။ အစပိုင်းတုန်းကဆို ဒီဇိုင်းတွေက ဒီလိုတောင်မလှဘူး။ အဲ့ဒီလိုမလှတုန်းကတောင်မှ ရွေးစေ့အဆင်တန်ဆာလေးတွေကို သဘောကျပြီး ဝယ်ကြတယ်။ ခုနောက်ပိုင်းကျတော့ ဒီဇိုင်းပိုင်းကို သေချာအသေးစိတ် ဘယ်လိုအလှဆင်မလဲဆိုတာကို တဖြည်းဖြည်းနဲ့ delicate လုပ်လာနိုင်တာပေါ့။” လို့ ရှင်းပြသွားပါတယ်။

ရွေးစေ့တွေကို ရွာကပဲယူ၊ ရွာမှာပဲ အပေါက်ဖောက်တာမို့ ရွေးစေ့ရောင်းတဲ့သူရော၊ ဖောက်တဲ့သူရော အလုပ်လေးတွေ ရသွားကြသလို ရွေးစေ့လေးတွေ သီတဲ့ကလေးတွေလည်း အလုပ်ရတယ်။ ရွေးစေ့ကြောင့် သူနဲ့ပတ်သက်တဲ့ကဏ္ဍ ၊ သူ့ရဲ့ process တစ်ခုလုံးက လူတွေဟာ ခုလိုဝင်ငွေတိုးသွားကြမယ်လို့ ဘယ်သူက ထင်ထားကြလိမ့်မလဲ။

“Raw material လေးတွေကပဲ ငွေဖြစ်သွားတာပေါ့။ သဘာဝပတ်ဝန်းကျင်က ပေးတဲ့အရာကြောင့် အဲ့ဒီ ပတ်ဝန်းကျင်ကလူတွေကို အသိပညာ၊ အတတ်ပညာရော၊ ဝင်ငွေပါ ရသွားကြတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်မှာပဲ ဒီလိုလွယ်လွယ်ကူကူတွေ့နေရတဲ့ ပစ္စည်းကနေ ဘယ်ေလောက်ထိတောင် ဖန်တီးလို့ရလဲ ဆိုတဲ့ concept ကို မိသွားကြတယ်။ ဒီလိုဆို သူတို့တွေလည်း သတိပေါ့လျော့ပြီးမနေဖြစ်တော့ဘူးပေါ့။ ဒါဆို ဘယ်လိုလုုပ်လို့ရလဲဆိုတဲ့အတွေးလေးတွေပါ ထပ်တွေးဖြစ်အောင် ကိုယ်ကတတ်နိုင်သမျှ ရွာကလူတွေရော၊ ကိုယ်နဲ့အတူရှိနေတဲ့ ဒီက ကလေးတွေကိုပါ သင်ပေးပြောပြပေးဖြစ်ပါတယ်။ သစ်စေ့လေးတွေ ဝယ်ရင်လည်း ကျွန်မက သူတို့ဆီက ဈေးများများနဲ့ဝယ်တဲ့အခါကျတော့ သူတို့တွေကမထင်မှတ်လောက်အောင်ကို ပျော်ကြတယ်။” လို့ မမင်းမင်းမြတ်က ဆက်လက်ပြောပြသွားပါတယ်။

အခုဆို ဒီဇိုင်းပေါင်းများစွာနဲ့ ရွေးစေ့အဆင်တန်ဆာတွေကို သူမဖွင့်လှစ်ထားတဲ့ YK Collections Showroom မှာ သွားရောက်ကြည့်ရှုနိုင်တဲ့အပြင် ကိုယ်တိုင်လည်း ကိုယ့်စိတ်ကြိုက် customize အပ်လို့ရတာမို့ ရွေးစေ့ချစ်သူတွေ၊ လက်မှုပညာကိုမြတ်နိုးသူတွေ၊ သူများနဲ့မတူညီတဲ့ ဖန်တီးမှုကို သဘောကျသူတွေ အတွက်ကတော့ ကျေနပ်စရာပါပဲ။ ဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီး သူမကတော့ “ဒီဇိုင်းပိုင်းကိုတော့ ကျွန်မ စိတ်ကူးရှိရင်ရှိသလို လုပ်ဖြစ်ပါတယ်။ ကိုယ်က ရွေးစေ့လေးတွေနဲ့အတူ ဖန်တီးတဲ့အခြား material လေးတွေကို ချပြီးကြည့်လိုက်တာနဲ့ ဘယ်လိုဒီဇိုင်းလေးတွေ လုပ်မယ်ဆိုတဲ့ အိုင်ဒီယာကတန်းပေါ်လာတာ။ ခုနောက်ပိုင်းတော့ အသစ်တိုးထားတဲ့ အဆင်တန်ဆာပိုင်းတွေကတော့ လက်ကောက်လေးတွေ၊ လက်ပတ်ကြိုးလေးတွေပါ ထပ်ထုတ်ဖြစ်ထားပါတယ်။ လူကြီး၊ လူငယ်မရွေးဆင်မြန်းနိုင်တဲ့အပြင်ကိုမှ ဒီဇိုင်းတွေက အစုံဆိုတော့ ဘယ်ဒီဇိုင်းက အရောင်းရဆုံးရယ်တော့ မရှိပါဘူး”တဲ့။

မမင်းမင်းမြတ်အကြောင်းနည်းနည်းပြောပြရရင် သူမဟာ လက်မှုပညာကိုသီးသန့်ကြီးသင်ယူထားတာမျိုး မရှိပေမယ့် သူမငယ်ငယ်လေးကတည်းက လက်မှုပညာနဲ့ပတ်သက်ပြီး တရင်းတနှီးတော့ ရှိနေခဲ့တာပါ။ အဲ့ဒီအကြောင်းကို သူမကို မေးကြည့်ဖြစ်တော့ “ရွာမှာဆို ရက်ကန်းခတ်တာတို့၊ ရွာနီးချုပ်စပ်မှာလည်း လက်မှုပစ္စည်းလုပ်တဲ့ရွာလေးတွေရှိတယ်။ ဥပမာ ကြိုးတစ်ရွာလုံးကျစ်တဲ့ရွာတို့၊ ခြင်းတောင်းယက်တဲ့ရွာတို့၊ ခေါင်းဘီးတွေလုပ်တဲ့ရွာတို့ အဲ့လိုအများကြီးကိုရှိခဲ့တာ။ ဒါပေမယ့် ကိုယ်လည်းအရွယ်ရောက်လာရော ဒါတွေ အားလုံးပျောက်ကုန်တာ။ ကျွန်မတို့ရွာမှာဆို ရက်ကန်းဘယ်သူမှမခတ်တော့ဘူး။ ကြိုးကျစ်တဲ့ရွာဆိုလည်း ခုတရုတ်ကဝင်တဲ့ ပလတ်စတစ်ကြိုးတွေကိုပဲ ကျစ်တော့တာမျိုးဖြစ်ကုန်တယ်။ ခေါင်းဘီးလုပ်တဲ့ရွာဆို ဘယ်သူမှကိုမလုပ်တော့ဘူး။ ဈေးကွက်အရရော၊ နောက်လုပ်သားခြားသွားတာတို့ဘာတို့နဲ့ ယှဉ်ပြိုင်ဖို့မဖြစ်တော့တဲ့အခါကျတော့ သူတို့ရဲ့လုပ်ငန်းတွေက တိမ်ကောသွားကြတယ်။ အဲ့ဒီတော့ ကျွန်မက ရန်ကုန်ရောက်နေပေမယ့် ကိုယ့်စိတ်မှာ ဒါလေးတွေက အမြဲကပ်ပါလာနေခဲ့တယ်ပေါ့။ ကျွန်မ The Governor’s Residence မှာ အလုပ်လုပ်နေတဲ့ အချိန်အတောအတွင်း အနောက်နိုင်ငံကလူတွေက လက်မှုပစ္စည်းလေးတွေ ကို ဘယ်လိုတန်ဖိုးထားလဲ။ ဘယ်လိုသုံးလဲဆိုတဲ့ သူတို့ရဲ့ concept တွေကို ပြန်သင်ယူလေ့လာမိလျက်သား ဖြစ်သွားတဲ့အချိန်မှာ ကိုယ်စိတ်ထဲမှာလည်း ဒါလေးတွေလုပ်ချင်စိတ် ဖြစ်တယ်။ အရောင်းဆိုင်ထဲမှာ ဈေးရောင်းတာတင်မဟုတ်ပဲနဲ့ ဒီပစ္စည်းတစ်ခုကို သူတို့ဘာလို့ဒီလို display လုပ်သလဲ၊ ဒီဆွဲကြိုးက တအားရှည်နေရင် ဘယ်နှစ်လက်မရှိသလဲ၊ အရမ်းတိုတဲ့ဟာဆို ဘယ်နှစ်လက်မရှိသလဲ၊ ချိတ်လေးတွေဆို ဘယ်လိုလေးတွေ သုံးသလဲ ၊ အဲ့လိုတွေကအစ ကိုယ့်ဘာသာကိုယ်လေ့လာဖြစ်ခဲ့တယ်။ အဲ့ဒီနောက် စာအုပ်တွေဖတ်တယ်၊ အင်တာနက်ကနေ သိချင်တာတွေရှာပြီးလေ့လာတယ်။ ကိုယ်တိုင်ကလည်း လောင်မြိုက်တဲ့သူဆိုတော့ ဒီဟာလေးက အကောင်အထည်ပေါ်လာတာပေါ့။” လို့ သေသေချာချာလေး ပြောပြသွားပါတယ်။

သူမဟာ ရွေးစေ့လေးတွေနဲ့ အဆင်တန်ဆာမဖန်တီးခင် YK Collections အနေနဲ့ ပထမဆုံးစခဲ့တာကတော့ handmade jewelery လေးဖန်တီးခြင်းကလို့ သိရပါတယ်။

“အချိန်အားဖြင့်တော့ ၂၀၁၀လောက်ကပေါ့။ အဲ့ဒီတုန်းက raw material လေးတွေကိုဝယ်၊ ဆွဲကြိုး၊ လက်ကောက်ကလေးတွေကို စဖန်တီးဖြစ်တယ်။ ကျောက်အဖြုန်းလေးတွေနဲ့ ဒီဇိုင်းတွေပြန်ဖော်တဲ့ဟာတွေ စလုပ်တယ်။ ပိုက်ဆံအိတ်လေးတွေကိုမှ ဆင်ရုပ်ပုံလေးတွေ လုပ်တယ်။ အသိတစ်ယောက်က Recycle လေးတွေလုပ်ဖို့ အကြံပေးတော့ အဲ့ဒီဘက်ကိုပါ learn လုပ်ဖြစ်ပြီး ဂျပန်ကပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ခဲ့တော့ Good Design Award နဲ့ ဆုရခဲ့တာပေါ့။” လို့ သူမက ပြန်ပြောပြပါတယ်။

အဲ့ဒီအချိန်လောက်က သူမရဲ့လက်ရာတွေဟာ European taste လေးတွေနဲ့ အမိုက်စားဖြစ်နေပေမယ့် ကိုယ့်လက်ရာဖန်တီးမှုတွေကို ဘယ်ကိုသွင်းရမှန်းမသိ၊ အဆက်အသွယ်လည်း မရှိခဲ့တာကြောင့် ကိုယ်တိုင် တံခါးတွေလိုက်ခေါက်ပြီး ကိုယ့်လက်ရာကို လူတွေပိုသိလာအောင် အခွင့်အလမ်းတွေပိုရလာအောင် ကြိုးစားခဲ့တဲ့သူဖြစ်ပါတယ်။

အဲ့ဒီတုန်းက လက်မှုပစ္စည်းနဲ့ပတ်သက်တဲ့ ဈေးကွက်က အခုလိုမကျယ်ပြန့်သေးတာမို့ သူမအတွက် အခက်အခဲတွေရှိခဲ့ပေမယ့် အဲ့ဒါနဲ့ပတ်သက်ပြီး သူမက “မြန်မာပြည်မှာဆိုရင်တော့ ဒီလက်မှုပစ္စည်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကတော့ ခက်ခဲတာကြီးပါပဲ။ ဒါပေမယ့် ခက်တဲ့ဟာတွေကိုလည်း ကျော်ဖြတ်ကို ကျော်ဖြတ်ရမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ထားတာကြောင့် ဒီဟာတွေက ကိုယ်လုပ်ရမယ့်အလုပ်လို့ပဲ သတ်မှတ်ပြီး အခက်အခဲလို့ မသတ်မှတ်ထားတော့ ကျွန်မအတွက်အဆင်ပြေပါတယ်” တဲ့။

ဒါ့အပြင် မမင်းမင်းမြတ်က အလုပ်တစ်ခုလုပ်တဲ့အခါ ကိုယ့်ကိုကိုယ်ရိုးသားဖို့နဲ့ ကိုယ့် product ကိုယုံကြည်မှုရှိဖို့ အရေးကြီးကြောင်းကိုလည်း “ပထမဆုံးကိုယ့်ကိုကိုယ်၊ ကိုယ့်အလုပ်အကြောင်း လူတွေကိုစမိတ်ဆက်တဲ့ ဘယ်အချိန် မဆို ရိုးသားနေဖို့ပဲ လိုပါတယ်။ ဘယ်မှာနေပါတယ်၊ ကိုယ့်backgroundက ဘာပါဆိုတာကအစ ရှင်းရှင်းလင်းလင်း ပြပြီးတော့ ကိုယ့်ပစ္စည်းအကြောင်းကို ယုံကြည်ချက်ရှိရှိပြောပြနိုင်ရင် ဒါကို သူတို့ကြိုက်ကြတာပါပဲ။ ရိုးရိုးသားသားနဲ့ အလုပ်ကြိုးစားနေတဲ့သူအတွက်က နေရာတစ်ခုတော့ရှိပါတယ်”လို့လည်း ပြောပြပေးသွားပါသေးတယ်။

သူမရဲ့ YK ထုတ်ကုန်တွေထဲမှာ ရွှေရွေးစေ့တွေအပြင် အခြားရောင်းအားကောင်းတဲ့ ထုတ်ကုန်တွေ ရှိနေပါသေးတယ်။ အဲ့ဒါတွေကတော့ စကျင်ကျောက်နဲ့ထုလုပ်ဖန်တီးထားတဲ့ ထုတ်ကုန်တွေ၊ ဖန်ပုလင်းလေးတွေနဲ့ လက်ဖက်ခြောက် စတာတွေပဲ ဖြစ်ပါတယ်။

ပထမဆုံး ရန်ကုန်လေဆိပ်မှာ အရောင်းရဆုံး YK လက်ဖက်ခြောက်နဲ့ပတ်သက်ပြီး သူမ ဘယ်လိုအိုင်ဒီယာတွေနဲ့ ထုတ်ဖြစ်ခဲ့တယ်ဆိုတာကိုလည်း မေးကြည့်တဲ့အခါမှာတော့ “ကျွန်မတခြားနိုင်ငံတွေကို ရောက်တဲ့အခါမှာ အဲ့ဒီနိုင်ငံတွေက သူတို့ရဲ့ Handicraft association တွေနဲ့ တွေ့ဖြစ်တော့ သူတို့ product လေးတွေ မြင်ရတယ်။ အဲ့ဒီမှာဘာသိခဲ့သလဲဆိုတော့ ကိုယ့်ဆီမှာ လုပ်လို့ရတဲ့အရာတွေ အများကြီးရှိနေလျက်နဲ့ မလုပ်ကြတာပါလားပေါ့။ တစ်နေ့ အိန္ဒိယက လက်ဖက်ခြောက်ဗူးလေးတစ်ဗူးရတယ်။ သူက သစ်သားဗူးလေးနဲ့လာတာ။ ဖွင့်ကြည့်လိုက်တော့ rose tea ပေါ့။ အရမ်းကောင်းတာ။ အဲ့ဒါနဲ့ ကိုယ်လည်း အဲ့ဒီရဲ့ website တွေဘာတွေဝင်ကြည့်မိတော့ သူတို့က လက်ဖက်ရည်ကို အမျိုးပေါင်းများစွာ ထုတ်ထားတာတွေ့ရတယ်။ ဖတ်ကြည့်ပြီး ဒီမှာလုပ်မယ်ပေါ့။ အဲ့ဒါနဲ့ dehydrator စက်လေးတွေဝယ်၊ ရွာကိုပို့ပြီး ရွာကအမျိုးသမီးတွေလည်း အလုပ်ရအောင်၊ နောက်အသက်ကြီးကြီး အမေကြီးတွေလည်း ဝင်ငွေလည်း ရအောင် ကိုယ့်ဘက်ကကြိုးစားကြည့်တာပေါ့။ အဲ့ဒီဘက်က လှီးတာတွေ၊ အခြောက်ခံပြီး ကုန်ကြမ်းတွေကို ရန်ကုန်ပြန်ယူပြီး ထုတ်ပိုးမှုအပိုင်းကို premium packaging လုပ်တာပေါ့။ အဓိကမြန်မာတွေရဲ့ အားနည်းချက်က လွန်ခဲ့တဲ့သုံးလေးနှစ်ကဆို အဲ့ဒီထုတ်ပိုးမှုပိုင်းတော်တော်အားနည်းတာ။ အဲ့ဒီအချိန်တွေကတည်းက ကိုယ်က ထုတ်ပိုးမှုပုံစံကို သေချာလေးသွားခဲ့တာပေါ့။ လက်ဖက်ခြောက်စထုတ်တာကတော့ ၂၀၁၇ကစတာ။ လက်ဖက်ခြောက်ကိုလည်း အဲ့ဒီတုန်းက သုံးမျိုးလောက်ပဲစထုတ်ခဲ့ပေမယ့် ခုတော့ ခြောက်မျိုးထိ တိုးထုတ်လာနိုင်ပြီ။” လို့ ပြောပြသွားပါတယ်။

ဒါ့အပြင် အခြားရောင်းအားကောင်းတဲ့ စကျင်ကျောက်ထုတ်ကုန်နဲ့ ဖန်ပုလင်းလေးတွေရဲ့ ဖန်တီးမှုအပိုင်းကိုလည်း သူမက “စကျင်ကျောက်ထုတ်ကုန်လေးတွေကတော့ အရင်က စကျင်ကျောက်နဲ့ ဘာသာရေးရုပ်ထုတွေ၊ ဆင်းတုတော်တွေ၊ နေ့နံကောင်တွေ ထုပြီး ပိုတဲ့အပိုင်းအစ waste တွေကို ပြန်ပြီးအကျိုးရှိရှိအသုံးချတဲ့ add and apply concept နဲ့ material လေးတွေ ထုတ်တာမျိုးပါ။ အဓိက ဘုရားရုပ်တုတွေ ထုတဲ့သူတွေလည်း ကိုယ့် product အတွက် ကုန်ကြမ်းထပ်ဝယ်စရာမလိုတော့ပဲ ပိုက်ဆံထပ်ရသွားကြတာပေါ့။ ဖန်ပုလင်းလေးတွေကျတာ့ အစပိုင်း ကျွန်မThe Governor’s Residence ဟိုတယ်အတွက်ပဲ လုပ်ပေးတာပေါ့နော်။ ဟိုတယ်အခန်းတိုင်းမှာ သူတို့က ဒီပုလင်းလေးတွေထဲကို homemade cookie လေးတွေထည့်ပြီး ထားပေးတာပေါ့။ ပုလင်းလေးကို ကိုယ်ဘာသာကိုယ်ဒီဇိုင်းလုပ်ပြီး supply လုပ်လာတာ ၂နှစ်ကျော်လောက်ရှိပြီ။ ခုမှအပြင်ကိုထုတ်ရောင်းတာပေါ့။ သူကျတော့ ပုလင်းထက် သစ်သားအဖုံး ဒီဇိုင်းလေးကို ပြန်ဆန်းသစ်ထားမျိုးပါ” တဲ့။

မမင်းမင်းမြတ်ဖွင့်လှစ်ထားတဲ့ YK Collections ရဲ့ showroom မှာဆိုရင် ထူးခြားတဲ့လက်မှုပစ္စည်းတွေ၊ product တွေအပြင် Eco-Tourism ကို အထောက်အကူပြုမယ့် Eco-Friendly ထုတ်ကုန်လေးတွေလည်း အများကြီးရှိပါသေးတယ်။ သူမအနေနဲ့ အခြားသော NGOတွေနဲ့ ကုမ္ပဏီတွေအတွက်လည်း Premium Gift လေးတွေကို ထူးထူးခြားခြား conceptလေးတွေနဲ့ လုပ်ပေးတဲ့အကြောင်းလည်း သိခဲ့ရပါတယ်။

အလုပ်တွေဆက်တိုက်လုပ်နေရပေမယ့် ပင်ပန်းတာ၊ စိတ်ဖိစီးတာမျိုးမရှိဘဲ ပျော်နေတဲ့သူကတော့ မမင်းမင်းမြတ်ပါ။ သူမကို နေ့စဉ်စိတ်ဓာတ်ခွန်အားတွေပေးပြီး motivate ဖြစ်စေတဲ့အရာကလည်း သူမရဲ့ အလုပ်ပါတဲ့။

“ကိုယ်က ဒီအလုပ်ကို သဘောကျတဲ့အတွက် ပျော်ကိုပျော်နေတာ။ အဲ့ဒါကြောင့် ကိုယ်လုပ်နေတဲ့အလုပ်မှာ ပျော်ဖို့လိုတယ်။ ကိုယ်ပျော်မယ့်အလုပ်ကိုပဲ လုပ်စေချင်တယ်။ အဲ့ဒါကအရေးကြီးတယ်။ အဲ့ဒါဆိုရင် အလုပ်မှာပျင်းတာ၊ စိတ်ဖိစီးတာမျိုးတွေ ခံစားရမှာမဟုတ်ဘူး။ ပိုက်ဆံမမြတ်ရင်လည်း လူကခံသာနေတယ်။ Artist Mind လိုဖြစ်နေတာပေါ့” လို့ သူမက ပြောပြသွားပါတယ်။

၂၀၁၉ခုနှစ်အတွင်း YK Collections ဟာ အရင်ကထက်ပိုလို့လူသိများလာခဲ့သလို သူမရဲ့ဖန်တီးမှုတွေကလည်း ထူးခြားတဲ့လက်ရာတွေဖြစ်တယ်ဆိုတာ ပိုအသိအမှတ်ပြုခံလာခဲ့ရပါပြီ။ ဒီတော့ သူမလိုလက်မှုပညာနဲ့ ချစ်မြတ်နိုးပြီး ဒါနဲ့အသက်မွေးဝမ်းကြောင်းပြုချင်တဲ့သူ၊ ထူးခြားတဲ့ product လေးတွေထုတ်ချင်တဲ့သူတွေ၊ စီးပွားရေးတစ်ခုကို စတင်လုပ်ဆောင်မယ့်အမျိုးသမီးတွေအနေနဲ့ သူမဆီက အကြံပေးစကားမျိုးတော့ ကြားချင်ကြပါလိမ့်မယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး မမင်းမင်းမြတ်က “ကိုယ်လုပ်မယ့် product အကြောင်းကို ကောင်းကောင်းသိရမယ်။ ကိုယ်သွားချင်တဲ့ ဈေးကွက်ကို သေချာလေ့လာပြီးမှ လုပ်သင့်တယ်။ ဘာလို့လဲဆိုတော့ စလုပ်ပြီဆိုရင် ပိုက်ဆံတွေရော၊ energy တွေရော၊ ကိုယ့်imageရော ပါတယ်လေ။ လုပ်ပြီဆိုရင်အောင်မြင်အောင် လုပ်တာကောင်းတယ်။ သေသေချာချာသာ ဘာမှမလုပ်ခင် plan ချပြီး ဒီmaterial က ရေရှည်အတွက် သေချာရနိုင်မယ့်ဟာလား၊ ဘယ်ကရနိုင်မလဲ၊ ရနိုင်မယ့်လူတွေက ဘယ်အရပ်ကလဲ၊ ကိုယ်နဲ့ဘယ်လိုအဆက်အသွယ်တွေရှိလဲ။ အဓိကက ဈေးကွက်ရှာနိုင်ပြီဆိုရင် supply change က အားနည်းတယ်ဆိုရင် ဒါကပြသနာ၊ supply change က အားအရမ်းကောင်းပြီး ဈေးကွက်မရှိရင်လည်း ပြသနာဆိုတော့ ဒီဟာတွေအကုန်လုံးကို ညီမျှအောင်လုပ်နိုင်ရင်တော့ကောင်းပါတယ်” လို့ အကြံပေးသွားပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ လက်မှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဟာ တဖြည်းဖြည်းနဲ့ပြန်လည် ဦးမော့လာနေပါပြီ။ ကိုယ်က လက်မှုပညာကို ချစ်မြတ်နိုးတဲ့သူတစ်ဦးဆိုရင်တော့ ဒီပညာနဲ့ပတ်သက်ပြီး လေ့လာသင်ယူရင်း ကိုယ့်အနေနဲ့ ဘယ်လိုထူးခြားတဲ့ဖန်တီးမှုမျိုးတွေ ပြုလုပ်နိုင်မယ်ဆိုတာ အရေးကြီးသလို မမင်းမင်းမြတ်ပြောသလို အလုပ်အပေါ် ရိုးသားဖို့၊ ကိုယ့်ကိုကိုယ် ရိုးသားဖို့နဲ့ ကိုယ့်ဖန်တီးမှုတွေအတွက် ယုံကြည်မှုရှိနေဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဒီလိုအမျိုးသမီး စီးပွားရေးလုပ်ငန်းတွေ၊ အနုပညာဖန်တီးသူတွေပေးတဲ့ အကြံဉာဏ်တွေကို ယူတတ်ဖို့နဲ့ သူတို့ဘယ်လိုအောင်မြင်လာတယ်၊ အခက်အခဲတစ်ခုကို သူတို့ဘယ်လိုစိတ်နဲ့ ကျော်ဖြတ်လာကြတယ်၊ ဘယ်လိုရဲဝံ့စွာ ရုန်းကန်ကြိုးစား လာကြတယ် ဆိုတာမျိုးတွေကိုလည်း အတုယူတတ်ဖို့ လိုပါတယ်။ အိပ်မက်ဆိုတာ မက်နေရုံနဲ့တော့ မပြီးပါဘူး။ အဲ့ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အတွက် ခြေလှမ်းတွေစလှမ်းဖို့ အရေးကြီးပါတယ်။ မမင်းမင်းမြတ် ပြောသလို အခွင့်အရေးလာမှာကိုထိုင်စောင့်မနေဘဲ တံခါးတွေကို ကိုယ်တိုင်လိုက်ခေါက်ကြည့်ဖို့ မဒီတွေအားလုံးကို ဒီစာလေးကနေ တိုက်တွန်းလိုက်ရပါတယ်။

Share

Loading Next Article...
က္က