မေမေတို့ရဲ့ စိတ်ဓာတ်ကျတာတွေ ၊ စိတ်ညစ်စရာတွေကို ဖြေဖျောက်ပေးပြီး ဗဟုသုတတွေ အတွေ့အကြုံတွေကို ဝေမျှပေးနေတဲ့ချစ်စရာကောင်းလွန်းတဲ့ မေမေပန်ဖြစ်ပါတယ်။
May Thaw

မိခင်တစ်ယောက်အနေနဲ့ မီးဖွားပြီးလပိုင်းအကြာမှာ တွေ့ကြုံခံစားရလေ့ရှိတဲ့ စိတ်ဓာတ်ကျခြင်းဆိုတဲ့အရာကို အကောင်းဆုံးတွန်းလှန်ခုခံရင်းနဲ့ ကလေးမွေးခါနီးမိခင်လောင်းတွေ၊ မိခင်ဖြစ်ခါစ မေမေတွေအပြင် တိုင်းတပါးမှာ ကလေးကိုတစ်ယောက်တည်း ထိန်းကျောင်းနေရတဲ့မေမေတွေအတွက်ပါ ကိုယ်သိထားသမျှ ဗဟုသုတတွေကို ဝေမျှဖို့ Facebook page တစ်ခု စဖွင့်ဖြစ်ခဲ့တဲ့သူကတော့ ကိုရီးယားရောက် မြန်မာမလေး နန်ဆိုင်းပန် (Hazel Seng Pan) ပဲ ဖြစ်ပါတယ်။ သူမရဲ့ Facebook pageနာမည်ကတော့ Mommy Pan ဖြစ်ပြီး Video clip လေးတွေထဲမှာ သာမက ၊ Live လွှင့်တဲ့အချိန်တိုင်းမှာ အပြုံးချိုချိုနဲ့ အမြဲပြောဆိုတတ်တာကြောင့် ချစ်စရာကောင်းတဲ့ မေမေပန်ရယ်လို့ အခြားသောမေမေတွေ ဝိုင်းချစ်တာကိုခံရသူလေးလည်း ဖြစ်ပါတယ်။

Page စလုပ်တဲ့အချိန်က မကြာသေးပေမယ့် အချိန်တိုအတွင်းမေမေတွေကြား လူသိများတဲ့ Blogger တစ်ဦးဖြစ်လာရတဲ့ အကြောင်းအရင်းကို သူမက “အချိန်တိုအတွင်း ကိုယ့်ကိုလူသိသွားတာကျတော့ ကျွန်မရဲ့စီနီယာတွေ လက်တွဲကူကြလို့ပါ။ အထူးသဖြင့် မပန်းအိဖြူ (Wellness Mommy)၊ မဂျက်စ် (Jessica Mozart’s Blog) တို့က ကိုယ့်ကိုလူသိသွားအောင် စပြီး မိတ်ဆက်ပေးတာ ကြောင့်ရယ်၊ ကျွန်မရဲ့နဂိုအရှိအတိုင်း ချပြတဲ့ ပုံစံကြောင့်ရယ်၊ နောက်ကလေးထိန်းတဲ့အခါ စာဖတ်ဖို့အချိန်မရတဲ့ မေမေတွေအတွက် ကလေးထိန်းရင်း လွယ်လင့်တကူနားထောင်လို့ရစေဖို့ ကျွန်မ ရည်ရွယ်ရိုက်ကူးတဲ့ Video clip လေး တွေကြောင့် ဖြစ်မယ်လို့ ထင်ပါတယ်” လို့ ပြောပြသွားပါတယ်။

မေမေပန်ဟာ ဟိုအရင်ကတည်းက ကျန်းမာရေးနဲ့ပတ်သက်တာတွေ၊ မိခင်နှင့်ရက်တစ်ထောင် စီမံကိန်း စတာတွေကို လေ့လာဖြစ်ခဲ့ပြီး ဒါတွေက သူမရဲ့သားဦးလေးမွေးဖွားချိန်မှာ အတော်လေး အကျိုးပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒါတွေကို ကိုယ်တိုင်လည်းကျင့်သုံးသလို ဒီအတွေ့အကြုံတွေကို အခြေခံပြီး အခြားမေမေတွေ အတွက်လည်း သူမတတ်နိုင်သလောက် ဝေမျှပေးဖြစ်ခဲ့တာပါ။ နောက်ထပ် ဒီ page လေးစလုပ်ဖြစ်တဲ့ အကြောင်းအရင်းတစ်ခုလည်း ရှိပါသေးတယ်။

“ကလေးမီးဖွားပြီးနောက်ပိုင်း ကလေးလသားလောက်ရတဲ့အချိန်မှာ မိခင်တွေခံစားရလေ့ရှိတဲ့ စိတ်ဓာတ်ကျတာမျိုး ခံစားလာရတာနဲ့ လူနဲ့ထိတွေ့တဲ့အလုပ်ကို လုပ်ဖို့ ကျွန်မ ဆုံးဖြတ်ရာကနေ ဒီ page လေး ဖြစ်လာတာပါ။ ကိုယ့်လိုပဲ ခံစားကြရတဲ့မေမေတွေလည်း ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ ဒါက ဖြစ်တတ်တဲ့ စိတ်ဓာတ်ကျခြင်းရောဂါမို့ တစ်ယောက်တည်းမခံစားဘဲ ဖွင့်ပြောတာ ကောင်းပါတယ်။ ကိုယ့်ရဲ့အရင်းနှီးဆုံးလူ မိဘ၊ မိတ်ဆွေ၊ အမျိုးသား စတဲ့သူတွေကို ခံစားနေရတဲ့အရာ၊ ဖြစ်ချင်တာတွေကိုပြောပြပါ။ မပြောရင် မကူညီနိုင်တာကို သတိရဖို့လိုပါတယ်။ ဒါက တစ်ယောက်တည်း ကြုံရတာ မဟုတ်ပါဘူး။ မိခင်တိုင်းနီးပါး ဖြစ်တတ်တာကြောင့် စိတ်ကို မလွှတ်ချလိုက်ပါနဲ့” လို့ သူမက အကြံပြုသွားပါတယ်။

ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာနေထိုင်တဲ့ မေမေပန်ရဲ့ မိသားစုလေးဟာ သာမန်မိသားစုလေးတစ်ခုဖြစ်ပြီး မိသားစုဝင်သုံးဦးမှာ အမျိုးသားက ကိုရီးယားနိုင်ငံသားဖြစ်ပေမယ့် မြန်မာစာမေဂျာယူကာ စာလေ့လာသင်ယူနေသလို သူမကိုယ်တိုင်လည်း စာတွေပြန်လုပ်နေတာကြောင့် သူမရဲ့စာလုပ်ချိန် ဒါမှမဟုတ် ကိုယ်ပိုင်ချိန်တွေကို အမျိုးသားနဲ့ညှိပြီး အဆင်ပြေအောင်နေထိုင်နေပါတယ်တဲ့။ သားလေးလည်းရှိတာမို့ Blog လေးတွေ ဖန်တီးတဲ့အခါ သူမအတွက်အခက်အခဲကတော့ အချိန်လုရတဲ့အခက်အခဲပါပဲ။

ဒါကို သူမက “အရင်တုန်းက ပုံမှန် အင်္ဂါ၊ ကြာသပတေးကို မဖြစ်ဖြစ်အောင် video clip လေးတွေတင်ဖို့ လုပ်ထားပေမယ့် အမျိုးသားက ကျောင်းဆက်တက်နေတဲ့အတွက် ကလေးကိုတစ်ယောက်တည်း ထိန်းရတဲ့အချိန်က ပိုများတာကြောင့် အမျိုးသားကျောင်းပိတ်ရက် ဒါမှမဟုတ် သူအတန်း စောဆင်းတဲ့ အချိန်မျိုးတွေမှပဲ ကိုယ်ပိုင်အချိန်ယူပြီး စာရေးတာ၊ video clip ရိုက်တာလေးတွေ လုပ်ရပါတယ်။ အခက်ခဲဆုံးကတော့ မြန်မာနဲ့ကိုရီးယားက အချိန် ၂နာရီခွဲကွာခြားတာပါပဲ။ ကိုရီးယားက ပိုမြန်တာပေါ့။ ညဘက် Liveလွှင့်တဲ့အခါမျိုးတွေဆိုရင် မြန်မာပြည်မှာ ည၉နာရီဆိုပေမယ့် ဒီမှာကကျတော့ ညဘက် ၁၁နာရီခွဲပေါ့နော်၊ အဲဒီလိုဆိုရင် နည်းနည်းကသီတာတော့ ရှိပါတယ်”လို့ ပြောပြသွားပါတယ်။

မာပီပန်ရယ်လို့ အရင်ကထက် ပိုလူသိများသွားစေတဲ့ ပို့စ်တွေကို ပြောပါဆိုရင်တော့ “မေမေဆုံးမနေချိန် ကာစီးကာစီး မလုပ်ပါနဲ့” ဆိုတဲ့ ပို့စ်ရယ်၊ သူမရဲ့အမျိုးသားနဲ့အတူရိုက်ကူးထားတဲ့ “ကလေးမွေးတဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲ” ဆိုတဲ့ Blog လေးတွေပါပဲ။

တဖြည်းဖြည်းနဲ့ မေမေတွေကြားမှာ နာမည်ရလာတဲ့ Blogger မေမေတစ်ယောက် ဖြစ်လာတာနဲ့အမျှ သူမကြုံလာရတဲ့ အခြေအနေ အကြောင်းအရာတချို့ကိုတော့ “ကိုယ်ကတော့ Blogger တစ်ယောက်ဆိုတာထက် သိထားတာလေးတွေ ဝေမျှတဲ့အခါ အသုံးတည့်ရင်ကို ပီတိဖြစ်မိပါတယ်။ ကိုယ်နဲ့အမြင်တူတဲ့သူတွေရှိသလို အမြင်မတူတဲ့သူတွေလည်း ရှိတာမို့ သူတို့ဘက်က တွေးခေါ်ပုံတွေကိုပါ ကိုယ့်အနေနဲ့ပြန် သင်ယူလိုက်ရတာတွေလည်း ရှိပါတယ်။ ဟိုအရင်နဲ့ အခု ကွာခြားတာ ကတော့ လူပိုသိလာတာပါ။ အဲ့ဒီအတွက် တာဝန်တွေပိုကြီးလာပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့လက်ရှိပုံရိပ်နဲ့ ပတ်သက်ပြီးတော့ပေါ့။ ကိုယ်ကနေတတ်သလို နေထိုင်ရှင်သန်နေရာကနေ လူတွေအာရုံစိုက်တာ ပိုခံလာရတဲ့အခါ ကိုယ်ကကိုယ်မဟုတ်တော့တာပဲ။ ပြီးတော့ လူတွေလေးစားရမယ့်ပုံမျိုးလုပ်ရတာ အရမ်းကို ဝန်ပိပါတယ်။ ကိုယ်ကဘာရယ်မဟုတ် ဆိုရှယ်မီဒီယာပေါ်မှာ ရယ်စရာ ဒါမှမဟုတ် စိတ်ခံစားချက်လေး ရေးမိရင်ကို တချို့ကျတော့ ဒါကိုကြည့်ပြီး သူကမာမီဘလော့ကာဖြစ်နေပါလျက်နဲ့ အနေအထိုင် မတတ်ပါလားဆိုတဲ့ အပြောအကြည့်၊ ကွန်မန့်တွေက တကယ့်ကို ကျွန်မအတွက် ဝန်အကြီးကြီးပါ။ ဒီ Blogကြောင့် ကိုယ်က အရင်ကိုယ်မဟုတ်တော့မှာကိုတော့ အကြောက်ဆုံးပါပဲ” လို့ ဖွင့်ဟသွားပါတယ်။

ကိုယ်ကအခြားသူတွေအတွက် ရှေ့ဆောင်လမ်းပြပေးသူတစ်ဦး၊ အားကျစံထားရတဲ့သူတစ်ဦး ဖြစ်လာတဲ့အခါ ကိုယ့်အတွက် ကောင်းကျိုးတွေရှိသလို မျက်စိဒေါက်ထောက်ကြည့်ပြီး ဝေဖန်ခံရတာမျိုးတွေလည်း ကြုံရနိုင်ပါတယ်။ အထူးသဖြင့် လွတ်လပ်မှုကို ချစ်မြတ်နိုးသူတွေအတွက်ကတော့ ဒီအရာက မာမီပန်ပြောသလို ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာရတာပါ။ မာမီပန်အတွက် အခြားစိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုလည်း ရှိပါသေးတယ်။ အဲ့ဒီအကြောင်းကိုလည်း သူမက “စိတ်အနှောင့်အယှက်ဖြစ်စရာကတော့ ကြုံရတာပါပဲ။ အရင်ကဆို ကိုယ်ကစွာတော့ သွားသွားရန်ဖြစ်တယ်။ ခုတော့ မပြောတော့ဘူး။ စိတ်အနှောင့်အယှက် အဖြစ်ရဆုံးက နိုင်ငံခြားသားယူတာ အထင်မကြီးဘူးဆိုပြီး အပြောခံရတာမျိုးပေါ့။ အဲ့လိုပြောရင် တကယ်ကိုစိတ်မကောင်းဖြစ်ရတာပါပဲ။ ပြီးတော့ အမျိုးသားကိုလည်း အားနာတယ်။ သူအများကြီး ကူညီပေးလို့သာ ကိုယ်ကဒီအထိရောက်လာတာပေါ့နော်။ ဒီတစ်ချက်တော့ စိတ်အနှောင့်အယှက်ဖြစ်မိပါတယ်”တဲ့။

မာမီပန်ဟာ လွတ်လပ်မှုကိုချစ်မြတ်နိုးပြီး လောကကြီးကို အရှိအရှိတိုင်းပျော်ပျော်နေတတ်သူတစ်ဦး ဖြစ်ပေမယ့် ဒီ page လေးမှာတော့ စာတွေမဖြစ်မနေဆက်ရေးပြီး Blog လေးတွေ ဆက်တင်ဖြစ်နေတဲ့ အကြောင်းအရင်းက မြန်မာပြည်က မေမေတချို့ကြောင့်လို့ သိရပါတယ်။

“စာကတော့အရင်ကတည်းကရေးတယ်။ မချပြတာတစ်ခုပဲပေါ့နော်။ အခုတော့ ဒီ Blog အတွက် တကယ့်တွန်းအားက မြန်မာပြည်က မေမေတချို့ကြောင့်ပါ။ ဒီခေတ်ကြီးထဲ ၆ လအောက် ကိုယ့်ရင်သွေးကို ထမင်းကျွေးတဲ့ အကြောင်းအရာတွေ၊ သူငယ်နာဆိုတဲ့အရာတွေက ကိုယ့်ကိုစာတွေမဖြစ်မနေဆက်ရေးဖို့ လိုကိုလိုအပ်တယ်ဆိုတဲ့ တွန်းအားဖြစ်စေသလို ကိုယ်သိတဲ့ ဗဟုသုတတွေကို sharing လုပ်ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါပဲ” လို့ သူမက ပြောပြသွားပါတယ်။

 ရှေးရိုးစွဲအယူအဆတချို့က မိခင်နဲ့ရင်သွေးငယ်တွေကြား ကြီးကြီးမားမားပြဿနာဖြစ်နေဆဲဖြစ်တာမို့ မာမီပန်လို ကိုယ်သိတာတတ်တာလေးတွေ အမြဲဝေမျှပေးမယ့် ဘလော့ကာမေမေတွေ များလာလေလေ သားသမီးကိုပြုစုစောင့်ရှောက်ကြမယ့် မိခင်တွေအတွက် အသိပညာပိုရလေပဲ ဖြစ်ပါတယ်။ ကိုယ့်သားသမီးက မွေးကင်းစကနေအရွယ်ရောက်လာချိန်မှာလည်း အိမ်မှာကိုယ့်ရင်သွေးနား ပြုစုရင်းနေရတဲ့မေမေအများစုက အပြင်မှာ အလုပ်ထွက်လုပ်ကြတဲ့ မေမေတွေကို အားကျတာ၊ ကိုယ့်ကိုယ်ကိုယ်စိတ်မကောင်းဖြစ်တာ၊ အားမလို အားမရဖြစ်တဲ့ ခံစားချက်မျိုးတွေ ခံစားကြရလေ့ရှိပါတယ်။

အဲဒီလို ခံစားနေရတဲ့ မေမေတွေကို မာမီပန်က “အိမ်မှာ ကိုယ့်ရင်သွေးနား ပြုစုရင်းနေရတဲ့မေမေနဲ့ အပြင်မှာအလုပ်ထွက်လုပ်ကြတဲ့ မေမေတွေအတွက် ပြောချင်တာက အမျိုးသမီးတိုင်းက ခွန်အားနဲ့ပြည့်စုံကြပါတယ်။ အလုပ်လုပ်တဲ့ မေမေတွေက အိမ်မှာကလေးနဲ့ နေချင်သလို အိမ်မှာကလေးထိန်းတဲ့မေမေတွေကလည်း ငွေသာရှာလိုက်ချင်တယ်ဆိုပြီး ညည်းတာ သဘာဝပါ။ ဒါပေမယ့် အိမ်မှာနေတဲ့ မေမေတွေအတွက် ခွန်အားဆိုရင်တော့ ကလေးငယ်တွေရဲ့မှတ်ဉာဏ်လှလှလေးတွေကို ကိုယ်က ပုံဖော်ပေးနေတယ်ဆိုတာ မမေ့ဖို့ပါ။ သူတို့လေးတွေ ကြီးတဲ့အခါ ငယ်ငယ်တုန်းကဆိုပြီး အစချီပြန်ပြောတဲ့အခါ ကိုယ်ကသူတို့အတွက် တကယ့်သူရဲကောင်းပါ။ ဒါ့ကြောင့် အိမ်မှာနေရင်း ကလေးငယ်နဲ့တတ်နိုင်သမျှ ပျော်စရာတွေ ဖန်တီးပါ။ ကလေးဆိုတာ ခဏလေးအတွင်း ကြီးပြင်းလာကြတာမို့ အချိန်ပေးနိုင်တုန်း အပြည့်အဝသာချစ်ပြီး အချိန်တွေကိုဖြတ်သန်းကုန်ဆုံးပစ်လိုက်ပါ” လို့ စကားလက်ဆောင်ပေးရင်း အကြံပြုသွားပါတယ်။

သားငယ်လေးတစ်ဦးနဲ့ နေ့ရက်တွေကို ပျော်ရွှင်စွာဖြတ်သန်းရင်း ကိုယ်ဝါသနာပါတဲ့ စာရေးတာ၊ တခြားလူတွေ အကျိုးရှိစေဖို့ ဗဟုသုတဝေမျှတာတွေ လုပ်ဖြစ်နေတဲ့ မာမီပန်ဟာ သူမရဲ့သားလေးအပေါ်မှာထားတဲ့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး သားအတွက် အမေကောင်းဆိုတာမျိုးထက် အမေနဲ့နေရတာပျော်တဲ့သားလေးပဲ ဖြစ်စေချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

“သားအပေါ် မျှော်လင့်ချက်ကတော့ ကျန်းမာသန်စွမ်းပြီး ပျော်ရွှင်စွာ ကြီးပြင်းစေချင်တာပါ။ တခြားဘာမှ မမျှော်လင့်ထားပါဘူး။ မျှော်လင့်ရင်ပင်ပန်းရလို့ပါ။ သူပျော်နေရင် ကိုယ်ပြုစုပျိုးထောင်ရကျိုးနပ်ပါပြီ” လို့ ဆိုသွားခဲ့ပါတယ်။

သူမဟာ ကိုယ့်ကိုပျော်စေတဲ့သူ အနားမှာပဲနေရင်း၊ နေ့ရက်တွေကို အရှိအရှိအတိုင်း ပျော်ရွှင်စွာ ဖြတ်သန်းချင်သူတစ်ဦး ဖြစ်သလို ကိုယ်ကတစ်ခုခုတွေးလိုက်တိုင်း တစ်ဖက်လူအတွက် တတ်နိုင်သလောက် ဖြည့်တွေ့ပေးချင်တဲ့သူမျိုးလည်း ဖြစ်ပါတယ်။ အထူးသဖြင့် မိခင်တစ်ယောက်အနေနဲ့ရော၊ စာရေးသားသူ တစ်ယောက်၊ Blogger တစ်ယောက်ဖြစ်တာကြောင့် စိတ်ကိုအရှင်းဆုံး ထားနိုင်လေလေ ကိုယ့်အတွက် အကျိုးကျေးဇူးရလေပါပဲ။ ကိုယ်တိုင်က သင်ယူလေ့လာမှုတွေ အဆက်မပြတ် လုပ်ဆောင်ရသလို ကိုယ့်မိသားစုအတွက်လည်း အချိန်ပေးရ၊ အခြားသူတွေကိုလည်း ကိုယ့်မှာရှိတဲ့ ဗဟုသုတတွေ၊ သိထားသမျှတွေ ပြန်လည်ဝေမျှရတဲ့ အလုပ်လည်းဖြစ်တာမို့ အဆိပ်အတောက်ကင်းတဲ့ အကျိုးပြု စာတွေ၊ Blog လေးတွေ လုပ်နိုင်ဖို့ဆိုတာ လူတိုင်းလုပ်နိုင်တဲ့အလုပ်၊ ထင်သလောက်လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။

ဒါ့ကြောင့် ကိုယ်လုပ်ချင်တဲ့အလုပ်တစ်ခုအတွက် ၊ ကိုယ်ဝါသနာပါရာတွေအတွက် အချိန်အခက်အခဲတွေ၊ ဝေဖန်ပြောဆိုတာမျိုးတွေ၊ နေ့စဉ်ဘဝရဲ့ ဖိစီးမှုတွေရှိနေခဲ့မယ်ဆိုရင်တောင် ဒီအရာတွေထဲက ရုန်းထွက်ပြီး နာကျင်ခံစားခဲ့ရသမျှကို လှေခါးထစ်တွေလို အသုံးချကာ အောင်မြင်မှုဆိုတဲ့ တံခါးချပ်လေးဆီကို တက်လှမ်းသွားနိုင်တယ်ဆိုတာ မမေ့ပါနဲ့။


 

 


က္က