In partnership with  logo
ဘယ်နေရာမှာမဆို နားထောင်မှုစွမ်းရည်ကို ကောင်းကောင်းအသုံးချတတ်သူဟာ အောင်မြင်ဖို့ရာ လွယ်သွားပါပြီ။

များသောအားဖြင့် အမျိုးသမီးတွေက ကိုယ်ကချည်း တတွတ်တွတ် ပြောချင်နေကြတာပါ။ နားထောင်ဖို့ဆို သိပ်စိတ်မပါကြပါဘူး။ နားထောင်တယ်ဆိုတာ ဘယ်လောက်ထိ အရေးကြီးသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

တစ်ဦးနဲ့ တစ်ဦး ပြောဆိုဆက်ဆံရာမှာ နားထောင်ပေးဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ အကြောင်းအရာ တစ်ခုကို ပြောဆိုတဲ့နေရာမှာ သေချာ ဂရုတစိုက်နားထောင်တာမျိုး မလုပ်ဘူးဆိုရင် နားလည်မှုလွဲချော်တာတွေ ဖြစ်လာနိုင်ပါတယ်။





လုပ်ငန်းခွင်မှာ အရေးကြီးတဲ့ နားထောင်မှုစွမ်းရည်

ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတစ်ယောက်ဖြစ်ချင်ရင် နားထောင်ခြင်းအတတ်ပညာကို ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းကောင်းဖြစ်ဖို့အတွက်လည်း နားထောင်နိုင်မှုစွမ်းရည် ကောင်းအောင် လေ့ကျင့်ရမှာပါ။ customer ကို စိတ်ကျေနပ်စေဖို့ ၊ အလုပ်ပြီးမြောက်ဖို့ ၊ အကျိုးဖြစ်ထွန်းစေဖို့ ၊ အမှားနည်းဖို့ နဲ့ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ မျှဝေဖို့အတွက် နားထောင်တတ်ဖို့လိုပါတယ်။ အလုပ်မှာ တက်တက်ကြွကြွဆောင်ရွက်ဖို့နဲ့ ဖန်တီးနိုင်မှုစွမ်းအားကောင်းဖို့ဆိုတာလည်း သေချာ နားထောင်မှ ဖြစ်မှာပါ။ အလုပ်ရှင်က ဘာကို လိုချင်တယ်ဆိုတာ သေချာ နားထောင်မှ ပိုပြီး အကျိုးသက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ နားထောင်ကောင်းသူဟာ လုပ်ဖော်ကိုင်ဖက် ၊ အလုပ်အပ်သူ နဲ့ သူဌေးကြားမှာ အရမ်းကို အဆင်ပြေသူဖြစ်ပါတယ်။

အောင်မြင်ကျော်ကြားသူတို့ရဲ့ သော့ချက်

အောင်မြင်ကျော်ကြားကြသူတွေရဲ့ သူတို့ရဲ့ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ အချက်ကတော့ တစ်ဖက်ပြောသူရဲ့ စကားတွေကို သေချာ နားထောင်တာပဲ ဖြစ်ပါတယ်။ အောင်မြင်ခြင်းရဲ့ အဓိကသော့ချက်ကတော့ နားထောင်နိုင်စွမ်း အပြည့်အဝရှိတာပါပဲ။

နေရာတိုင်းမှာ အရေးကြီးတဲ့ နားထောင်မှုအတတ်ပညာ

လုပ်ငန်းခွင်မှာမှ မဟုတ်ပါဘူး။ ဘယ်နေရာမှာမဆို သေချာနားထောင်ပေးနိုင်သူဟာ လူချစ်လူခင်ပေါများတတ်ကြပါတယ်။ တခါတလေမှာ ကိုယ့်ရဲ့ တွေးခေါ်နိုင်မှုတွေ ၊ ဖြန့်ကျက်တွေးခေါ်တာတွေက နားထောင်လိုက်ရတဲ့ စကားလုံးတွေကနေ တဆင့်ရရှိကြတာပါ။ အောင်မြင်မှုကို နားထောင်နိုင်မှုစွမ်းရည်နဲ့ တည်ဆောက်ကြတာပါ။ ကျောင်းမှာ ဖြစ်ဖြစ် ၊ သူငယ်ချင်းတွေကြားမှာ ဖြစ်ဖြစ် ၊ လုပ်ငန်းခွင်မှာ ဖြစ်ဖြစ် နားထောင်တတ်ဖို့ လိုပါတယ်။ ကျောင်းမှာ အဆင့်ကောင်းကောင်းရဖို့ ၊ အလုပ်မှာ လူတော်ဖြစ်ဖို့ ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ ၊ ကောင်းမွန်တဲ့ ဘဝကို တည်ဆောက်ဖို့အတွက် နားထောင်တတ်ဖို့ အများကြီးလိုပါတယ်။

ကွဲပြားတဲ့ နားထောင်ခြင်း နဲ့ အကြားအာရုံ

ကြားတယ်ဆိုတာက ကိုယ့်ရဲ့ နားထဲကိုစကားသံတွေ ဝင်လာတာပါ။ ဒါတွေက ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါပဲ။ နားထောင်တာကတော့ သေချာ အာရုံစိုက်ရပါတယ်။ နားထောင်တယ်ဆိုတာ ပြောနေတဲ့သူရဲ့ စကားတွေကိုပဲ အာရုံစိုက်တာ မဟုတ်ပါဘူး။ ဘယ်လိုပြောသလဲ ၊ ဘယ်ဘာသာစကားကို အသုံးပြုသလဲ ၊ အသံအနေအထားက ဘယ်လိုလဲ ၊ သူ့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လို အသုံးပြုသလဲ ဒါတွေကိုပါ သတိပြုမိမှ နားထောင်တယ် ခေါ်တာပါ။ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်နိုင်တဲ့ အင်အားအကောင်းဆုံး နည်းလမ်းကတော့ နားထောင်ခြင်းပါ။

နားထောင်ပါ။ တစ်ယောက်ကို တစ်ယောက် ဂရုတစိုက် ပြသခြင်းရဲ့ နိမိတ်ပုံဟာ နားထောင်ခြင်းပါ။ လေ့လာတွေ့ရှိချက်တွေအရ စကားပြောခြင်းဟာ သွေးဖိအားကို တိုးစေပြီး နားထောင်ခြင်းကတော့ လျော့ကျစေပါတယ်။

ပညာသားပါတဲ့ နားထောင်မှု

နားထောင်တာက ဒီတိုင်း ကြားလိုက်တာမဟုတ်တဲ့အတွက် သူ့မှာ အာရုံစူးစိုက်မှုတွေ ပါဝင်ပါတယ်။ ပြောနေတဲ့စကားတွေကို သေချာဂရုတစိုက်နားထောင်ပေးတာ စကားလုပြောပြီး မနှောင့်ယှက်တာတွေက ပြောနေတဲ့သူရဲ့ စကားတွေကို သေချာနားလည်နိုင်ပြီး ပြောနေသူရဲ့ အတွေးအမြင်တွေကိုပါ ဖမ်းဆုပ်နိင်မှာ ဖြစ်ပါတယ်။

-နားထောင်တာက စိတ်ဝင်စားမှုကို ပြသတာ ၊ စိုးရိမ်ပူပန်မှုနဲ့ ဂရုစိုက်မှုတို့ကို ပြသတာပါ။

-ပြည့်ဝတဲ့ စိတ်ထား ၊ ရင့်ကျက်မှု ၊ လေးစားမှု ၊ ရိုးသားမှုနဲ့ ဖော်ရွေမှုတို့ကို ပြသတာပါ။

-တဖက်ရဲ့ အမြင်တွေကို လက်ခံမှု ၊ သဘောတူညီမှု ကို ပြသတာပါ။

-နားထောင်တယ်ဆိုတာ တုံ့ပြန်မှုပါပဲ။

-စကားလုံးနောက်ကွယ်က အဓိပ္ပါယ်တွေကို ကောက်ယူနိုင်ပါတယ်။

-နားထောင်မှုက စကားပြောဆိုဆက်ဆံရာအတွက် သော့ချက်ပါ။

 ပြနာတွေကို သေချာ ဖြေရှင်းနိုင်သူ

နားထောင်သူဟာ ကြုံလာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းရှိသွားပါတယ်။ လူတွေရဲ့ ပြောစကားတွေဆီကနေ အရာရာကို တစ်ကွက်ကျော်တွေးတတ်သွားကြပါတယ်။ ဒီတော့ ကြုံလာသမျှကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ စွမ်းရည် ရှိသွားကြပါတယ်။

ဆက်ဆံရေးတိုင်းအတွက် အရေးကြီးသူ

နားထောင်ဖို့ဆိုတာ ပေါင်းသင်းဆက်ဆံရေးတည်ဆောက်ရာ အရေးကြီးပါတယ်။ ဘယ် ဆက်ဆံရေးတိုင်းအတွက်မဆို လိုအပ်တာက နားထောင်တတ်ဖို့ပါ။ မိဘနဲ့ သားသမီး ၊ ချစ်သူရည်းစား လင်မယား ၊ သူငယ်ချင်း ၊ ညီအစ်ကိုမောင်နှမ စတဲ့ ဘယ်ဆက်ဆံရေးတိုင်းမှာမဆို နားထောင်တတ်သူက တပန်းသာပါတယ်။။

ကဲ…နားထောင်တတ်ဖို့ဆိုတာ နေရာတိုင်းမှာ လိုအပ်သလို ဘယ်လောက်တောင် အရေးပါတယ်ဆိုတာ သိသွားလောက်ပြီထင်ပါတယ်။ ဘဝမှာ နားထောင်တတ်မယ်ဆိုရင် အောင်မြင်မှုအတွက် လမ်းစရနေပါပြီ။

ဒီတော့ ဘဝမှာအောင်မြင်ချင်တယ်ဆိုရင် နေ့စဉ်ဘဝမှာ နားထောင်တတ်ဖို့ လေ့ကျင့်ကြဖို့ လိုပါတယ်။

 

   

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က