မန္တလေးက မိသားစုလုပ်ငန်းဖြစ်တဲ့ ခြင်းယက်တဲ့လုပ်ငန်းလေးကနေ ကိုယ့်အိပ်မက်တွေ၊ ၀ါသနာတွေကို စတင်အကောင်အထည်ဖော်လာခဲ့တဲ့ သူဇာမော်ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။
May Thaw

အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့အခါ ဘယ်နေ့မှာ ဘာဖြစ်မယ်ဆိုတဲ့ တိကျတဲ့ရက်စွဲတော့ မရှိနိုင်ပါဘူး။ ဒါပေမယ့် လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေကို စိတ်ထဲအမြဲထည့်ပြီး လက်ရှိမဖြစ်မနေလုပ်ဆောင်ရမယ့်အရာတွေကိုလည်း ဆက်လက်လုပ်ဆောင်ရင်း ကိုယ့်အိပ်မက်တွေကို တဖြည်းဖြည်း အကောင်အထည်ဖော်သွားမယ်ဆိုရင်တော့ ကိုယ်မျှော်မှန်းထားတဲ့အချိန်လေးတစ်ခုဟာ ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာမှာ သေချာပါတယ်။ အဲ့ဒီနေ့လေးရောက်လာဖို့ မှော်စွမ်းအားတွေ မလိုပါဘူး၊ ဇွဲ၊ ၀ိရိယနဲ့ ငါလုပ်နိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလေးရှိနေဖို့ပဲ လိုအပ်တာပါ။

ဒီအကြောင်းနဲ့ပတ်သက်ပြီး မန္တလေးက မိသားစုလုပ်ငန်းဖြစ်တဲ့ ခြင်းယက်တဲ့လုပ်ငန်းလေးကနေ ကိုယ့်အိပ်မက်တွေ၊ ၀ါသနာတွေကို စတင်အကောင်အထည်ဖော်လာခဲ့တဲ့ သူဇာမော်ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။

“ခြင်းယက်ပြီးရောင်းချတဲ့လုပ်ငန်းလေးကတော့ မိသားစုလုပ်ငန်းလေးပါ။ စျေးခြင်းလေးတွေကို ၂၀၁ဝကတည်းကစပြီး ယက်ဖြစ်၊ ရောင်းချဖြစ်ခဲ့ပေမယ့် အလှခြင်းလေးတွေကတော့ ၂၀၁၆လောက်မှာ ကိုယ်ပိုင်ဖန်တီးမှုတွေနဲ့ ဆက်တိုက်ရောင်းချဖြစ်ခဲ့ပါတယ်။ ခြင်းလေးတွေယက်တဲ့အခါမှာ အလှခြင်းလေးတွေဆိုရင် ဘယ်လိုဒီဇိုင်းဆန်းလေးတွေ ယက်ရင် လူကြိုက်များမလဲဆိုပြီး အမြဲလေ့လာဖန်တီးဖြစ်ပါတယ်။ အသစ်အသစ်လေးတွေ အမြဲထွက်တဲ့အခါကျတော့ ဝယ်သူတွေကလည်း သဘောကျတယ်။ အပြင်မှာလာဝယ်တဲ့သူတွေအပြင်ကိုမှ အွန်လိုင်းကနေမှာတဲ့သူတွေလည်း များလာတာပေါ့” လို့ သူမက ပြောပါတယ်။

သူမရဲ့ Khin Thu Zar Handmade Pageလေးကနေ အလှခြင်းလေးတွေကို အများဆုံးအားပေးတဲ့ customer တွေကတော့ ကျောင်းဆရာမလေးတွေများတယ်လို့ သိရပါတယ်။

“ခြင်းလေးတွေမှာ တချို့ကျတော့ စျေးခြင်းတောင်းလုပ်ကြတယ်၊ တချို့ကကျတော့ ကလေးတွေ ကျောင်းသွားတဲ့အခါ ထမင်းဘူး ၊ရေဘူးလေးတွေထည့်ဖို့ မှာကြတယ်။ အဲဒီလို ဝယ်သူတွေအမျိုးမျိုးမှာမှ ကျောင်းဆရာမလေးတွေကတော့ မန္တလေးကသာမကဘူး၊ တခြားနယ်က ကျောင်းဆရာမလေးတွေကလည်း အမှာများပါတယ်။ အဲဒီအတွက် ကိုယ်ကိုယ်တိုင် စေတနာထားပြီးသေချာလေး ယက်ပေးဖြစ်ပါတယ်” တဲ့။

သူမရောင်းချခဲ့ပြီးဖြစ်တဲ့ ခြင်းအလုံးပေါင်းဟာ ၂၀၁၇ အထိဆိုရင်တောင် လေးသောင်းကျော်ဝန်းကျင် လောက်ရှိပြီဖြစ်သလို ခုဆိုရင်တော့ အရေအတွက်ကိုမှတ်တောင်မမှတ်မိနိုင်တော့လိုက်တဲ့အထိပါ။

“ခြင်းအတွက်လိုအပ်တဲ့ ဒီဇိုင်းသစ်တွေကိုတော့ အင်တာနက်ကနေပဲ ရှာပြီး ဘယ်လိုလေးကိုယ်ပိုင်ဒီဇိုင်း ပြန်ဖန်တီးနိုင်မလဲ စဉ်းစားပါတယ်။ တစ်ခါတလေကျတော့လည်း Customer တွေက ဘယ်အရောင်လေးနဲ့ ဘယ်လိုဒီဇိုင်းလေး လိုချင်တယ်ပြောပြီး အပ်တာမျိုးလေးတွေလည်း ရှိပါတယ်။ ကိုယ့်ဘက်ကတော့ သူတို့ စိတ်ကျေနပ်စေဖို့ အစွမ်းကုန်ကြိုးစားပြီး ဖန်တီးပေးခဲ့ပါတယ်” လို့ သူမက ပြောပြပါတယ်။

သူမရဲ့အိပ်မက်တွေဟာ အလှခြင်းလေးတွေဖန်တီးတာတင်မဟုတ်ဘဲ အိတ်လေးတွေထိုးတာ၊ ယက်တာ၊ ချည်ကနုတ်အိတ်လေးတွေ ဖန်တီးတာလို့ ပြောရင် ဘယ်သူများယုံမလဲ။

“ကိုယ့်အိပ်မက်က လက်မှုပညာရပ်နဲ့အသစ်အသစ်တွေ ဖန်တီးဖို့ပါ။ ခြင်းယက်တာလေးတွေတင်မဟုတ်ဘဲ တခြားအိတ်ဖန်တီးမှုလေးတွေပါ လုပ်ကြည့်ဖို့ အမြဲကြိုးစားနေခဲ့ပါတယ်။ နောက်ပိုင်း ကိုယ့် customer ဆရာမလေးတွေအတွက် အိတ်လေးတွေစထိုးဖြစ်တယ်။ နောက် ၀ါးမှိုတက်ကြိုးတွေနဲ့ အစ်မတစ်ယောက်အတွက် အိတ်လေးစထိုးပေးဖြစ်ရာကနေ အွန်လိုင်းကနေ လူပိုသိသွားပါတယ်။ ၀ါးမှိုတက်ကြိုးရောင်က ကျွန်းရောင်ကိုမှ Cross Body bag လို ပေါ့ပေါ့ပါးပါးလွယ်နိုင်တဲ့ အိတ်လေးဆိုတော့ သဘောကျကြတယ်” လို့သူမက ဆိုပါတယ်။

အဲ့ဒီနောက်မှာတော့ သူမဟာ အလှခြင်းလေးတွေအပြင် အိတ်လေးတွေဖန်တီးတဲ့အချိန်ပါ ပိုတိုးလာတော့တာပါပဲ။ အိတ်တစ်အိတ်ဖန်တီးတဲ့အခါ ဘယ်လောက်ကြာပြီး ဘယ်လိုကုန်ကြမ်းတွေ အသုံးပြုတယ်ဆိုတဲ့အကြောင်းကိုတော့ သူမက “အိတ်တစ်အိတ်အတွက် အသုံးပြုတဲ့ ကုန်ကြမ်းတွေကတော့ ထိုင်းနိုင်ငံကလာတဲ့ ကုန်ကြမ်းတွေသုံးတာများပါတယ်။ အိတ်တစ်အိတ်ဆို အများဆုံး ၃နာရီလောက် အချိန်ယူထိုးရပါတယ်။ အိတ်တွေဖန်တီးတဲ့အခါ အခက်အခဲကိုပြောပါဆိုရင်တော့ သူကတစ်ခုမှားပြီဆိုတာနဲ့ အားလုံးအစကပြန်ပြီး ဖန်တီးရတာပါ။ လက်ရာပိုင်းနဲ့ပတ်သက်ရင် ပိုပိုပြီးကောင်းမွန်သပ်ရပ်အောင် ဖန်တီးရတာကတော့ ကိုယ့်ရဲ့အရေးအကြီးဆုံးတာဝန်ပါပဲ”တဲ့။

၀ါးမှိုတက်အိတ်လေးတွေအပြင် သူမဖန်တီးရောင်းချတဲ့ နောက်ထပ်အိတ်အမျိုးအစားကတော့ ချည်ကနုတ်အိတ်လေးတွေပါ။ တီရှပ်လိုအသားမျိုးကိုမှ ကိုယ်ကြိုက်တဲ့အရောင်ရွေးပြီး ကိုယ်သဘောကျတဲ့ ကနုတ်အဝိုင်းလေးနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ အိတ်လေးတွေပေါ့။ ဒီအကြောင်းကိုလည်း

“ခုနောက်ပိုင်း ချည်ကနုတ်အိတ်လေးတွေလည်း တော်တော်လေးရောင်းရပါတယ်။ သူကျတော့ customer တွေအကြိုက် အရောင်နဲ့ နောက်ကနုတ်ဒီဇိုင်းကို ပေါင်းစပ်ဖန်တီးပေးရတာပါ။ ကနုတ်ဒီဇိုင်းတွေက အဝိုင်း၊ လေးထောင့်စသဖြင့် အမျိုးမျိုးလာပါတယ်။ အဲ့ဒါကို ဘယ်လိုအရောင်နဲ့ထိုးချင်လဲ၊ နောက် အိတ်ပုံစံကို ဘယ်လိုလေး လိုချင်လဲဆိုပြီး customer တွေကိုမေးရပါတယ်။ ပြီးမှ ဖန်တီးတာပါ။ အစ်မတစ်ယောက်ဆို ချည်ကနုတ်အိတ်ကိုမှ သူက ချည်တွေနဲ့ချည်းပဲ ကနုတ်မပါဘဲ ထိုးပေးခိုင်းတာ။ Bohemian ဒီဇိုင်းမျိုး အမျှင်လေးတွေနဲ့ပေါ့။ ထိုးနေကျမဟုတ်ပေမယ့် customer စိတ်တိုင်းကျအောင် အကောင်းဆုံးကြိုးစားပြီး ထိုးပေးခဲ့ပါတယ်။ ဒီလိုအသားကို ကနုတ်မပါပဲ ထိုးရတဲ့အခါ အလေးချိန်ပိုမယ့်အကြောင်းစတာတွေကိုတော့ customer အစ်မသိအောင် အရင်ရှင်းပြရတာပေါ့နော် ။ သူကရတယ် ညီမလေးစိတ်ကြိုက်လုပ်ဆိုရင်တော့ အမိုက်စားဖြစ်အောင် ကြိုးစားပြီးဖန်တီးပေးပါတယ်” လို့ သူမက ရှင်းပြသွားပါတယ်။

ကိုယ်ဖန်တီးတဲ့ အိတ်လေးတွေ၊ ခြင်းလေးတွေ Customer လက်ထဲရောက်သွားတဲ့အခါ အတိုင်းမသိပျော်ရတယ်ဆိုတဲ့ သူဇာမော်က “ကိုယ့်အိတ်လေးတွေကို နိုင်ငံခြားကပါ တကူးတကလှမ်းမှာတာမျိုးထိ ကြုံရတော့ အတိုင်းမသိပျော်ရပါတယ်။ ပြန်ကြားရတဲ့ feedback တွေကလည်း သဘောကျတယ်၊ အရမ်းကြိုက်တယ်၊ အဆင်ပြေတယ်ဆိုတော့ ဒီအလုပ်လေးဆက်လုပ်ဖို့ အားတွေရတာပေါ့နော်။ ကိုယ်လည်းဝါသနာပါ၊ ပျော်လည်းပျော်တဲ့ အလုပ်မျိုးလေးမို့ ကိုယ့်ဘာသာကိုယ်တော့ စိတ်ကျေနပ်မိပါတယ်” တဲ့။

၂၀၁၉ခုနှစ်မှာ ကိုယ့်ဖန်တီးမှုလက်ရာ၊ ကိုယ့်ကြိုးစားမှုတွေကြောင့် ၂၀၂ဝမှာ သူမဘာတွေ ဆက်လက်လုပ်ဆောင်သွားဦးမယ်ဆိုတာကိုလည်း သူမက “၂၀၁၉ခုနှစ်အတွင်း ကိုယ်ရဲ့ဖန်တီးမှုက အရင်နဲ့မတူအောင် ကိုယ့်ဘာသာကိုယ်ယုံကြည်မူအပြည့်ရှိလာပါတယ်။ ၂၀၁၉မှာ ကိုယ်လုပ်ခဲ့တဲ့အရာတွေနဲ့ ခုလာမယ့်၂၀၂ဝမှာ အသစ်အသစ်သောဖန်တီးမှုတွေ၊ လုပ်ငန်းလေးတွေစလုပ်နိုင်အောင်လည်း အစပျိုးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ၂၀၁၉ ဒီဇင်ဘာထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်၊ လူကြီးမရွေးစီးနိုင်မယ့် ကတ္တီပါဖိနပ်လေးတွေ စထုတ်ဖြစ်ခဲ့ပါပြီ။ ဒီဖိနပ်လေးတွေကလည်း Handmadeလေးတွေပဲ ဖြစ်တာမို့ သင်တန်းတက်ပြီး စထုတ်ဖြစ်ခဲ့တာပါ” လို့ သူမက ဖွင့်ဟသွားပြန်ပါတယ်။

အလှခြင်းတွေလေးတွေကနေ အိတ်လေးတွေသာမက ဖိနပ်အထိပါ ဖန်တီးရောင်းချလာခဲ့တဲ့ သူမက လက်မှုလုပ်ငန်းစျေးကွက်နဲ့ ပတ်သက်ပြီး ခုလိုဆိုပါတယ်။

“Handmadeစျေးကွက်က လူအများမလုပ်နိုင်သေးတဲ့ အိုင်ဒီယာနဲ့ သေချာလေး စအကောင်အထည်ဖော်နိုင်၊ ထုတ်လုပ်နိုင်ရင်တော့ ကောင်းပါတယ်။ ခုနောက်ပိုင်း Handmade စျေးကွက်က ပြန်လည်ဦးမော့လာတဲ့အခါကျတော့ တချို့လူတွေကျတော့လည်း ကိုယ်မြတ်ဖို့တစ်ခုတည်းကြည့်ပြီး လုပ်လာကြတယ်။ တကယ်ဝါသနာမပါဘဲ ဒီထဲကို ဝင်တိုးလာကြတဲ့သူတွေများလာတော့ စျေးကွက်ရောင်းအားကတော့ အရင်နဲ့မတူဘဲ နည်းပါးသွားပါတယ်။ အဲ့ဒီတစ်ချက်တော့ သတိထားရတာပေါ့” တဲ့။

သူဇာမော်အနေနဲ့ သူမရဲ့လက်မှုပညာနဲ့ပတ်သက်ပြီး သူမဆီမှာ သင်တန်းတက်ချင်တဲ့သူတွေကိုတော့ အိမ်မှာလာသင်နိုင်တဲ့သူတွေဆိုရင် သင်ပေးဖြစ်တယ်လို့ ပြောပါတယ်။

လက်မှုပညာဆိုတာ ဘယ်တော့မှတိမ်ကောပျောက်ကွယ်သွားမယ့်အရာ မဟုတ်ပါဘူး။ အမျိုးသမီးတွေအနေနဲ့ ကိုယ့်တနိုင်တပိုင်စီးပွားလေး လုပ်ချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ဖန်တီးမှုလက်ရာတွေကို ဖော်ထုတ်ချင်လို့ပဲဖြစ်ဖြစ်၊ အိမ်မှာနေရင်းပျင်းလို့ပဲဖြစ်ဖြစ် လက်မှုပညာတစ်ခုခု တတ်မြောက်ထားတဲ့အခါ ငွေကြေးအကျိုးအမြတ်ထက် ပိုတဲ့ အကျိုးကျေးဇူးများစွာရရှိပါလိမ့်မယ်။ ဒါ့ကြောင့်လည်း အတတ်ပညာတစ်ခုခုကို သင်ယူဖို့ အချိန်ပေးကြိုးစားအားထုတ်စေချင်တာပါ။

“ကိုယ့်အိမ်မှာ တနိုင်တပိုင်လက်မှုပညာကို လုပ်ကိုင်လိုတဲ့အမျိူးသမီးတွေကို အကြံပေးချင်တာက အချိန်မရှိလို့ပဲဖြစ်ဖြစ်၊ လူခွဲမရှိလို့၊ အသက်တွေရလာလို့ စတဲ့အကြောင်းအချက်တွေကြောင့် ကိုယ်သင်ယူချင်တဲ့ ပညာရပ်ကို လေ့လာသင်ယူဖို့ လက်မလျှော့လိုက်ပါနဲ့။ အစပိုင်းကတော့ အခက်အခဲတွေ ကြုံရနိုင်ပါတယ်။ ဒါတွေကိုရင်ဆိုင်ပြီး ရှေ့ဆက်သွားမယ်ဆိုရင် နောက်ပိုင်းကိုယ်လိုချင်တဲ့ အရာကို ရရှိခံစားနိုင်မှာပါ။ အဲ့ဒီအချိန် ငါတစ်ချိန်က လက်မလျှော့ခဲ့လို့သာ ခုလိုအခြေအနေလေး ရောက်တာပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်လည်း ကျေးဇူးတင်နေပါလိမ့်မယ်။” လို့ သူမက အားပေးစကားဆိုသွားပါသေးတယ်။

သူမကိုယ်တိုင်လည်း တစ်နေ့ကျရင် သူမတတ်ထားတဲ့ပညာတွေနဲ့ သူမရဲ့ဖန်တီးမှုလက်ရာတွေကို ပြသ၊ ရောင်းချနိုင်တဲ့ Handmade ဆိုင်လေးတစ်ဆိုင် ဖွင့်ဖို့ အိပ်မက်မက်နေဆဲပါ။ ဒီအိပ်မက်တွေ အကောင်အထည် ဖော်နိုင် မဖော်နိုင်ဆိုတာကတော့ သူမရဲ့ကြိုးစားမှု၊ ၀ိရီယနဲ့ ကြုံလာတဲ့အခက်အခဲ အတားအဆီးတွေကို ဘယ်လိုကိုင်တွယ်ကြိုးစားဖြေရှင်းသွားမလဲဆိုတာပေါ် မူတည်နေပါတယ်။

သူဇာမော်လိုပဲ အိပ်မက်တွေ အချိန်ယူထုဆစ်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေရှိရင် ဒီစာလေးနဲ့ ရှေ့ဆက်သွားဖို့ တိုက်တွန်းပါရစေ။ အိပ်မက်တွေထမ်းပိုးရင်း လျှောက်လှမ်းရတဲ့ ခြေလှမ်းတွေဟာ လေးလံနေပေမယ့် ဒါတွေအကောင်အထည်ပေါ်လာတဲ့အခါ အဲ့ဒီလေးလံခဲ့တဲ့ ခြေလှမ်းတွေဟာ မဒီတို့အတွက် အတောင်ပံတစ်စုံဖြစ်လာမယ်ဆိုတာ မမေ့ပါနဲ့။


က္က