စိတ်ပျက်စိတ်လေနေတဲ့ သွဲ့ဟာ အိမ်မှာရှိတဲ့ မင်္ဂလာဆောင်ဖိတ်စာက ဇာအလှလေးတွေကိုဖြတ်၊ အလှဆင်ရင်း ဖုန်းကာဗာလေး တစ်ခုကို စလုပ်ဖြစ်ခဲ့ပါတယ်။
May Thaw

အမျိုးသမီးတစ်ယောက် စိတ်ပျက်အားငယ်နေချိန်၊ စိတ်ဓာတ်ကျနေချိန်မှာ ပြန်ပြီး စိတ်တည်ငြိမ်အောင် ကျင့်သုံးတဲ့နည်းလမ်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ စိတ်ထွက်ပေါက်ရှာတဲ့နည်းများစွာ ထဲက ကိုယ့်ဖုန်းအတွက် ဖုန်းကာဗာလေးလုပ်ရင်း စိတ်တည်ငြိမ်အောင် ကြိုးစားဖြစ်ခဲ့သူ မန္တလေးက သွဲ့ဆိုတဲ့ အမျိုးသမီးဟာဆိုရင်ဖြင့် အဲဒီအချိန်လုပ်ခဲ့တဲ့ ဖုန်းကာဗာလေးကြောင့် အခုချိန် handmade လောကမှာ မသိသူမရှိလောက်အောင်ကို နာမည်ရလာခဲ့တာလို့ပြောရင် အံ့သြသွားကြလိမ့်မယ်လို့ ထင်ပါတယ်။

အချိန်အားဖြင့် ၂၀၁၄ ခုနှစ်ကုန်ပိုင်းလောက်မှာ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုကြောင့် စိတ်ပျက်စိတ်လေနေတဲ့ သွဲ့ဟာ အိမ်မှာရှိတဲ့ မင်္ဂလာဆောင်ဖိတ်စာက ဇာအလှလေးတွေကိုဖြတ်၊ အလှဆင်ရင်း ဖုန်းကာဗာလေး တစ်ခုကို စလုပ်ဖြစ်ခဲ့ပါတယ်။ သူလုပ်ဖြစ်ခဲ့တဲ့ လက်ရာလေးကို လူမှုကွန်ယက်ပေါ် အမှတ်တရပုံတင်ရာကနေ အကောင့်ထဲက သူငယ်ချင်းတွေရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး လုပ်ရောင်းပေးဖို့ တောင်းဆိုခံခဲ့ရာကနေ handmade လောကထဲ စတင်ရောက်ရှိလာခဲ့ပါတယ်။

“ဒီလက်မှုပညာနဲ့ပတ်သက်ပြီး အဓိကအားဖြင့် Youtube နဲ့ google ကနေ ပညာတွေ သင်ယူလေ့လာ ဖြစ်ခဲ့ပါတယ်။ Youtube မှာ tutorial တွေ ကြည့်တယ်။ Google ကနေ နမူနာပုံလေးတွေ လေ့လာပါတယ်။ အစပိုင်းကတော့ Handmade by Dimple ဆိုပြီး page လေးလုပ်ပြီး ဖုန်းကာဗာလေးတွေ စရောင်းပါတယ်။ အဲဒီတုန်းက လူနဲ့pageနဲ့ကို တွဲမသိကြတာများတယ်။ နောက်ပိုင်း ၂၀၁၆လောက်မှာ Dreamcatcher လေးတွေ စလုပ်ဖြစ်တော့ personal အကောင့်မှာလည်း တင်တယ်။ အဲဒီအချိန်မှာ order တွေက များလာတယ်။ pageကို လုံးဝမသုံးနိုင်တဲ့ထိ ဖြစ်လာပါတယ်။ နောက်ဆုံး page က မှာတဲ့သူတွေကို personal account ကို screenshot ရိုက်၊ အကောင့်မှာ လာမှာပါဆိုပြီး post တင်ထားရပါတယ်။ အဲဒီနောက်ပိုင်းမှာ သွဲ့(Thwet) ဆိုတဲ့နာမည်နဲ့ လုပ်နေကျ handmade လက်ရာတွေနဲ့ကို တွဲမိပြီး ပိုသိလာကြတာပါ”လို့ သူမက ပြောပြသွားပါတယ်။

ကိုယ်လုပ်ပေးလိုက်တဲ့ handmade accessory လေးတွေနဲ့ ပတ်သက်ပြီး ဝယ်ယူသူတွေဆီကနေ အရမ်းကြိုက်တဲ့အကြောင်း၊ သုံးတောင်မသုံးရက်တဲ့အကြောင်း ပြန်ကြားရတဲ့ feedback တွေက သွဲ့အတွက်တော့ ဒီလက်မှုပညာနဲ့ ဖန်တီးမှုအသစ်တွေ ထပ်လုပ်ဖို့ခွန်အားဖြစ်ပြီး အသက်မွေးဝမ်းကျောင်းပြုဖို့ဆိုတာထက်ပိုတဲ့ အကြောင်းပြချက်လည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုလက်မှုပညာတစ်ခုကနေ ကိုယ့်ရဲ့ ဖန်တီးမှုအသစ်တွေ ပြသခွင့်ရခြင်းဟာ အနုပညာတစ်ခု မွေးဖွားခြင်းနဲ့မခြားဘူးဆိုတာလည်း သူမ သိရှိသွားခဲ့ပါတယ်။ ထပ်ဆောင်းပြီး handmade လေးတွေလုပ်ရာကနေ ပီတိအပျော်ကိုပါ ရရှိခံစားခဲ့ရတာမို့ စလုပ်ချိန်က အခက်အခဲတွေ ရှိခဲ့သည့်တိုင် သူမ ကြိုးစားပြီး မနားတမ်းလုပ်ဆောင်နေခဲ့တာပါ။

“စလုပ်ခါစတုန်းကဆို အခုချိန်လို အပိုပစ္စည်းသွင်းတဲ့သူတွေ နည်းသေးတော့ ကိုယ့်အနီးအနား အလွယ်တကူဝယ်လို့ရတဲ့ စက်ချုပ်ပစ္စည်းလေးတွေနဲ့ လုပ်ပေးခဲ့ရတာပါ။ လိုအပ်ချက်တွေ များနေပေမယ့် ကိုယ့်လက်ရာကို လက်ခံပေးပြီး အားပေးကြတဲ့ customerတွေကြောင့်လည်း အခုလိုဆက်ပြီးဖန်တီးခွင့်ရခဲ့တာပါ။ handmade တွေ လုပ်နေရတဲ့ချိန်မှာ စိတ်အေးချမ်းတယ်၊ စိတ်ငြိမ်တယ် ဝါသနာပါတာကို ဖန်တီးနေရတာမို့ ပျော်တယ်။ ကိုယ့်လက်ရာကိုမှ တန်ဖိုးထားတဲ့သူတွေအတွက် အမြဲစေတနာထားပြီး ဖန်တီးပေးဖြစ်တယ်။ handmadeဖန်တီးမှုမှာ စေတနာထားဖို့က အရေးအကြီးဆုံးပါပဲ။ သွဲ့ရဲ့လက်ရာလေးတွေ ပိုင်ဆိုင်သူတိုင်း ဝတ်ဆင်ရသူတိုင်းကို ပျော်ရွှင်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ခံစားစေချင်ပါတယ်။” လို့ သူမရဲ့ ခံစားချက်တွေကို ဖွင့်ဟသွားပါသေးတယ်။

သွဲ့ဖန်တီးတဲ့ handmade အမျိုးအစားတွေကတော့ ဖုန်းကာဗာ (ကျောက်စီနာမည်ထိုး၊ Resin ) ပုလဲအဆင်တန်ဆာတွေ၊ ဇာလည်ပင်းပတ်၊ foot chain၊ လက်ပတ်ကြိုး၊ ခေါင်းချည်ဖဲပြား၊ ဖဲကြိုးကလစ်၊ တွင်းထွက်ကျောက်အဆင်တန်ဆာတွေ၊ keychain၊ Dreamcatcher၊ Resin အဆင်တန်ဆာ၊ ပန်းစည်း၊ တီရှပ်ချည်အိတ်၊ bookmarker စတာတွေပဲ ဖြစ်ပါတယ်။ တစ်နှစ်နဲ့တစ်နှစ် လူကြိုက်များတဲ့၊ အော်ဒါတက်တဲ့ handmade အမျိုးအစားတွေကတော့ဖြင့် မတူညီပါဘူး။ သူမဖန်တီးခဲ့တဲ့ handmade အရေအတွက်တွေဟာ ထောင်ချီနေပြီမို့ သူမရဲ့နာမည်ဟာ ဒီလောကထဲမှာ အခိုင်အမာဖြစ်လာခဲ့တာပါ။ အခုနောက်ဆုံး handmade ချစ်သူတွေကြား နာမည်ရနေတဲ့ သူမရဲ့ဖန်တီးမှုကတော့ ခေါင်းစည်းဖဲပြားလေးတွေနဲ့ Resin bookmark လေးတွေလို့ သိရပါတယ်။

သွဲ့ရဲ့လက်ရာ Bookmark လေး (ဓာတ်ပုံ - သွဲ့)

အွန်လိုင်းကနေ ပစ္စည်းမှာယူတဲ့အခါ အော်ဒါတက်လာတဲ့ handmade လေးတွေကို ညအချိန်တွေမှာ စပြီး ဖန်တီးဖြစ်တယ်ဆိုတဲ့ သူမက “ည၁၀နာရီနောက်ပိုင်းမှာ orderတွေ စလုပ်ပါတယ်။ ပုံမှန်ဆိုရင်တော့ မနက်၄နာရီ ၅နာရီကြားထိပါပဲ။ Order အရမ်းများချိန်ဆိုရင်တော့ မနက် ၆ ခွဲလောက်ထိ ရောက်သွားပါတယ်။ အလုပ်ချိန်က လူတကာအိပ်ချိန်ဖြစ်နေရခြင်းအကြောင်းကတော့ အဲဒီလိုအချိန်တွေဟာ အာရုံပိုစိုက်နိုင်ပြီး ဘေးပယောဂ အာရုံနောက်စရာမရှိချိန်မို့လို့ပါ။ နေ့နဲ့ညမှားနေခြင်းက ကိုယ့်အတွက် မကောင်းတာသိပေမယ့် အဲ့ဒီအစားကျန်းမာရေးအတွက် ညနေတိုင်းတော့ မန္တလေးတောင် တက်ဖြစ်အောင်တက်ပါတယ်”တဲ့။

ဘယ်နယ်ပယ်မှာမဆို ကိုယ့်အလုပ်အတွက်၊ ကိုယ့်ရပ်တည်မှုအတွက်၊ ကိုယ့်ဖန်တီးမှုအတွက် ကြိုးစားရပ်တည် ရတဲ့အပိုင်းတွေရှိသလို ရုန်းကန်ရချိန်၊ စိတ်အနှောင့်အယှက်ဖြစ်ရချိန်တွေဆိုတာ ရှိစမြဲပါ။ အဲဒီနယ်ပယ်မှာ အောင်မြင်သူဖြစ်ဖို့ဆိုတာ အဲဒီလိုအခက်အခဲ၊ အတားအဆီးတွေကို ဘယ်လိုကိုင်တွယ်ပြီး ဖြေရှင်း ကျော်ဖြတ်မလဲဆိုတာ ကောင်းကောင်းနားလည်တဲ့သူပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို သူမကို မေးကြည့်လိုက်တဲ့အခါ

“handmadeလောကမှာ ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အပိုင်းက customer ကြောင့်မဟုတ်ဘဲ handmadeသမားအချင်းချင်းကြောင့် ဖြစ်ရတာများခဲ့ပါတယ်။ အဓိကက ကိုယ်ထွင်လိုက်တဲ့itemလေးတွေကို အမြဲ idea ခိုးချခံခဲ့ရတယ်။ အဲဒီအချိန်တွေတိုင်း စိတ်ပျက်ရတယ်။ ၂၀၁၇လောက်ထိက ကိုယ့်လက်ရာတွေ၊ ideaတွေ ကူးချခံရပြီး ဒီအလုပ်ကို ရပ်ပစ်ချင်စိတ် အမြဲဖြစ်တယ်။ ဒါပေမယ့် အခုနောက်ပိုင်းတော့ အဲဒါတွေကို ပိုပြီး ဥပက္ခာပြုနိုင်လာပါတယ်။ အချိန်ကြာလာလေ သည်းခံစိတ်ကြီးလာတယ်။ အခုနောက်ပိုင်းကျ ကိုယ့်အတွေးက ပြောင်းလာတယ်။ ကိုယ့်အိုင်ဒီယာနဲ့ထပ်တူ တစ်ပုံစံတည်းလုပ်ထားတဲ့ item ကိုတွေ့ရင်၊ အဲဒီလိုကြုံလာရင် ကိုယ့်လက်ရာတစ်ခုဟာ customer တွေထဲတင်မကဘဲ ဝါသနာတူတွေထဲမှာပါ အောင်မြင်သွားတာပဲလေလို့ တွေးပေးဖြစ်လာပါတယ်။”လို့ ဆိုသွားပါတယ်။

သွဲ့ဟာခုနောက်ပိုင်း လက်မှုပညာကို စိတ်ဝင်စားတဲ့အမျိုးသမီးတွေအတွက် သင်တန်းလေးတွေ ပုံမှန်ပေးဖြစ်နေတာပါ။ အဲ့ဒီအကြောင်းကိုတော့ “သင်တန်းပြန်သင်ပေးဖြစ်တာက ၂နှစ်လောက်ပဲရှိပါဦးမယ်။

ပြန်သင်ပေးလား ခဏခဏမေးလာကြတော့ သင်တန်းအနေနဲ့ဖွင့်ပြီး သင်ပေးဖြစ်တာပါ။ သင်တန်းလာတက်တဲ့သူတွေမှာ ၃မျိုးကွဲပါတယ်။ ကိုယ်တိုင်လုပ်ချင်သူတွေကတစ်မျိုး၊ ဝါသနာပါလို့တက်တာကတစ်မျိုး၊ စီးပွားရေးတခုအနေနဲ့လုပ်ချင်လို့ လာတက်တာကတစ်မျိုးပါ။ Online class အနေနဲ့တော့ စသင်ပေးကတည်းက လုံးဝမသင်ပေးပါဘူး။ လက်တွေ့သင်တန်းပဲ သင်ပေးပါတယ်။ မန်းလေးမှာ ကတော့ အမြဲလိုသင်ပေးပါတယ။် သင်ချင်တဲ့ရက်ကို ကြိုပြောခိုင်းပြီး ညှိသင်ပေးပါတယ်။ ရန်ကုန်မှာ သင်ပေးဖြစ်တာကတော့ ၅ကြိမ်ပဲရှိပါသေးတယ်။ ရန်ကုန်မှာကတော့ ၃လတခါ၊ ၄လတခါလောက်ပဲ သင်ပေးဖြစ်ပါတယ်” တဲ့။

လွန်ခဲ့တဲ့ လေး၊ ငါးနှစ်အချိန်နဲ့ယှဉ်ရင် လက်မှုပညာရပ်ကိုတန်ဖိုးထားမှုအပိုင်း မြင့်တက်လာခဲ့ပါပြီ။ သွဲ့ ကိုယ်တိုင်ကလည်း handmade ကို တပိုင်တနိုင်လုပ်ဆောင်တဲ့ အသေးလေးတွေကနေ လက်မှုပစ္စည်း အကြီးကြီးတွေထိ လူတွေပိုပြီး စိတ်ဝင်စားတန်ဖိုးထားလာကြတယ်လို့ ဖွင့်ဟခဲ့ပေမယ့် သူမဆီသင်တန်း လာတက်တဲ့ သင်တန်းသူအမျိုးသမီးတွေကိုတော့ “သင်ပေးတဲ့ သင်တန်းသူတိုင်းကို မဖြစ်မနေမှာတာ တစ်ခုက အတတ်နိုင်ဆုံး ကိုယ့်လက်ရာတွေကို ဈေးမချမိစေဖို့ရယ်၊ သူများလက်ရာ/ideaကို ကူးမချမိစေဖို့ရယ်ပါ။ ကိုယ်ဖန်တီးထားတဲ့ လက်ရာတခုဟာ ကိုယ်တိုင်ကတန်ဖိုးထားမှ တခြားသူတွေကလည်း တန်ဖိုးထားမှာပါ။ ပေါပေါပဲပဲဈေးနဲ့ရောင်းရင် သာမန်ဈေးထဲ အလွယ်တကူဝယ်လို့ရတာတွေနဲ့ မခြားနားတော့ပါဘူး” ဆိုပြီး အမြဲစကားလက်ဆောင်ပြောဖြစ်တယ်လို့ သိရပါတယ်။

ကိုယ့်လက်ရာတွေ အမြဲဆန်းသစ်ပြီးထူးခြားနေအောင် ကြိုးစားအားထုတ်လေ့ရှိတဲ့ သွဲ့ဟာ တစ်နှစ်ထက်တစ်နှစ် လက်ရာတွေ သေသပ်လှပစေဖို့သာမကပဲ ဖန်တီးမှုအသစ်အတွက်လည်း အားထုတ်လေ့ရှိတဲ့သူပါ။ အဲဒီအကြောင်းကိုတော့ သူမက “အခုလတ်တလောတော့ ရန်ကုန်မှာ သင်တန်းလာသင်ပေးရင်း ဝါသနာပါတဲ့ ပန်းချီပညာလေးကို လူသုံး Accessories ပေါ်ဆွဲတဲ့ ပညာရပ်တစ်ခုကို သင်တန်းတက်ပြီး လေ့လာဖြစ်ခဲ့ပါတယ်။

အဓိကကတော့ T-shirt တွေပေါ်မှာ ကိုယ်သဘောကျတဲ့ character လေးတွေ စာသားလေးတွေ တန်ဖိုးထားရ တာလေးတွေကို ရေးဆွဲချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ချင်လို့ပါ”တဲ့။

လက်မှုပညာနဲ့ အနုပညာဖန်တီးမှုတွေ မနားတမ်းလုပ်ဆောင်နေတဲ့ သွဲ့ကတော့ သူမရဲ့လက်ရာတွေထဲ စေတနာတွေ ထည့်သွင်းထားတာမို့ ဝတ်ဆင်သူတိုင်း ပျော်ရွှင်ကျေနပ်မှုကို စားသုံးကြရလိမ့်မယ်လို့ အခိုင်အမာယုံကြည်နေသူပါ။ ကိုယ်စေတနာတကယ်ထားရင် အဲဒီစေတနာတွေကလည်း ကိုယ့်ကိုရောင်ပြန်ဟပ်မယ့်လို့ ဆိုသွားတဲ့ သွဲ့ဟာ သူမရဲ့ဖန်တီးမှုတွေကိုတော့ မနားတမ်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး တစ်နေ့ ဘယ်သူမှသူမရဲ့လက်ရာကို အားမပေးတော့ဘူးဆိုရင်တောင် ကိုယ့်အတွက်ကိုယ်တိုင် အဆင်တန်ဆာတွေ ဖန်တီးဆင်မြန်းသွားဦးမှာပါတဲ့ရှင်။

သူမအကြောင်း ခုလို သိလိုက်ရတော့ အမျိုးသမီးတစ်ယောက်အတွက် လိုအပ်တာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေဖို့ရယ်၊ ကိုယ့်အလုပ်ပေါ် စေတနာအပြည့်ထားတတ်ဖို့ရယ် နဲ့ နောက်ဆုံးစိတ်ဓာတ်ကျပြီး စိတ်လေနေမယ်ဆိုခဲ့ရင်တောင် အိပ်ယာထဲလဲနေမယ့်အစား ကိုယ့်အတွက်ကိုယ် အကျိုးရှိစေမယ့် အရာလေးတစ်ခုလုပ်ရင်း စိတ်တည်ငြိမ်အောင် ကြိုးစားသင့်တယ်ဆိုတာ သဘောပေါက်သွားခဲ့မိပါတယ်။ အခွင့်အလမ်းဆိုတာ ဒီအတိုင်းတော့ ရောက်မလာတတ်ဘူးလေ၊ သူ့အတွက် ကြိုးစားမှုတံခါးပေါက်လေးတော့ ဖွင့်ထားပေးဦးမှ ဖြစ်မှာမဟုတ်ပါလား။


က္က