ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို ကိုယ်တိုင်ဦးဆောင်နေတဲ့ အမျိုးသမီးတွေရဲ့ ခံယူချက်နဲ့ အမူအကျင့်တွေအကြောင်းကို ပြောပြပေးချင်ပါတယ်။
May Thaw

စီးပွားရေးလုပ်ငန်းတစ်ခုကို ကိုယ့်လက်ကိုယ်ခြေနဲ့ စတင်တည်ထောင်ပြီး ဒီလုပ်ငန်းတစ်ခုလုံး ဆက်တိုက်လည်ပတ်နေအောင်၊ ဒီလုပ်ငန်းကနေ ရေရှည်မှာ အကျိုးအမြတ်ရရှိအောင်၊ လုပ်ငန်းတစ်ခုလုံးကို တစ်ဆင့်ကနေတစ်ဆင့် ပိုတိုးတက်လာအောင်၊ ဒီလုပ်ငန်းကနေ အောင်မြင်မှုဆိုတဲ့ အသီးအပွင့်ကို ခံစားနိုင်အောင် ကြိုးစားပုံဖော်ဖို့ဆိုတာ သာမာန်အမျိုးသမီးတစ်ယောက်လုပ်ဆောင်ဖို့ ခက်ခဲတဲ့အရာပါ။ ကိုယ့်လုပ်ငန်းက တစ်နိုင်တစ်ပိုင်ပဲ ဖြစ်ပါစေ၊ ဒီလို လုပ်ငန်းတာဝန်တွေကို ပြီးမြောက်အောင် ဦးစီးလုပ်ဆောင်နေကြတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေတတ်ကြသလို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘဝကို ကိုယ်အိပ်မက်ကို မရပ်မနားပုံဖော်နေသူတွေဆိုရင်လည်း မမှားပါဘူး။

ဒီလိုအရည်အချင်းမျိုးတွေ ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေဟာ မွေးကတည်းက တော်လာတတ်လာ ကြတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် ဒီလိုအရည်အချင်းမျိုးတွေ ပိုင်ဆိုင်လာနိုင်ဖို့ ကြိုးစားသင်ယူ လေ့လာထားကြရသူတွေပဲ ဖြစ်ပါတယ်။ အရည်အချင်းရှိတဲ့သူ တစ်ယောက်ဖြစ်ဖို့ အခြေခံအားဖြင့် လုပ်ဆောင်ရမယ့်အရာကတော့ ကိုယ့်ရဲ့နေ့စဉ်ပြုမူလုပ်ဆောင်နေကျ အကျင့်တွေကို ပြုပြင်သင့်တာပြုပြင်၊ ပိုမိုတိုးပြီး လုပ်ဆောင်သင့်တာ လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ အောင်မြင်မှုတစ်ခုဆီကို ခြေလှမ်းလိုက်တိုင်း ကိုယ့်လုပ်ရပ် အပြုအမူက တိုးတက်လာသလားဆိုတာ အမြဲချင့်ချိန်တွေးဆပြီး လုပ်ဆောင်နေဖို့ကလည်း အဓိကကျနေပြန်ရော။

ဒီတော့ ကိုယ့်အနေနဲ့ လုပ်ငန်းတစ်ခုကို အောင်မြင်အောင် ကြိုးစားနိုင်ခဲ့ကြတဲ့အမျိုးသမီးတွေ၊ တစ်နိုင်တစ်ပိုင် ကိုယ့်စီးပွားရေးလုပ်ငန်းကို အကောင်အထည်ဖော်ရင်း ကိုယ့်အပြုအမူတွေကို ပိုမိုတိုးတက်အောင် ပြောင်းလဲ နေကြတဲ့အမျိုးသမီးတွေဆီကနေ လေ့လာမှတ်သားပြီး အတုယူသင့်တဲ့ အမူအကျင့်လေးတွေကတော့ 

(၁) တစ်ရက်စာအတွက်အမြဲပြင်ဆင်ထားတတ်ပြီး အမြဲအဆင်သင့်ဖြစ်နေတတ်တာ

မနက်အိပ်ယာထနောက်ကျပြီး ဝရုန်းသုန်းကားနဲ့ အစီအစဉ်တကျမဆွဲတတ်တဲ့သူဟာ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကိုလည်း ဘယ်တော့မှ ပြီးမြောက်အောင် မလုပ်နိုင်ကြပါဘူး။ ကိုယ့်အလုပ်မှာ ဦးစီးပြီး တာဝန်တွေကို အမြဲပြီးမြောက်အောင်လုပ်ဆောင်တတ်တဲ့ အမျိုးသမီးတွေဟာ နောက်တစ်နေ့အတွက် အစီအစဉ်ကိုတစ်ရက်စောပြီး ရေးဆွဲထားတတ်ကြပါတယ်။ ဒါလေးက အတုယူသင့်တဲ့အချက်ပါ။

(၂) အိပ်ရေး၀၀ အိပ်တတ်ကြတာ

ကိုယ့်ရဲ့အိပ်ချိန်ကို ဘာအတွက်နဲ့မှ အထိခိုက်မခံဘဲ အိပ်ရေး၀၀အိပ်ပြီး၊ နောက်နေ့အလုပ်မှာ အင်အားအပြည့် လုပ်နိုင်အောင် အိပ်ရေး၀၀အိပ်တတ်ဖို့လည်း ကြိုးစားသင့်ပါတယ်။

(၃) ကိုယ်လုပ်နိုင်တယ်ဆိုတာ ကိုယ့်ကိုကိုယ် အမြဲသတိပေးနေတတ်ကြတာ

အရေးကြီးတဲ့ကိစ္စရပ်တွေအတွက် ငါဒါကိုပြီးမြောက်အောင်မြင်အောင် လုပ်နိုင်မှာသေချာတယ်ဆိုတာမျိုး ကိုယ့်ကိုကိုယ် အမြဲသတိပေးနေတတ်ကြတာ ဒီလိုအမျိုးသမီးတွေရဲ့ အမူအကျင့်တွေထဲက တစ်ခုပါ။

(၄) ကိုယ့်ရဲ့ပန်းတိုင်ကဘာဆိုတာ သေချာသိနေတာ

အလုပ်တွေတော့လုပ်နေပါရဲ့၊ကိုယ့်ပန်းတိုင်က ဘာမှန်းမသိဘူးဆိုတာမျိုး သူတို့တွေမှာ မရှိပါဘူး။ ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာ သေချာသိနေပြီး ကိုယ့်ပန်းတိုင်ကို တစ်လှမ်းချင်း သွားနေတဲ့သူမျိုးတွေမို့ ဒီအမူအကျင့်ကတော့ အတုယူစရာပဲဖြစ်ပါတယ်။

(၅) လူမှုရေးကောင်းပြီး၊ ပတ်သက်ရာ အသိုင်းအဝိုင်း၊ နယ်ပယ်တွေနဲ့ အမြဲအဆက်အသွယ်တွေရှိနေတာ

ဆိုရှယ်ကောင်းဖို့ဆိုတာ လူတိုင်းလုပ်နိုင်တဲ့အရာလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ်တော့ ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ နယ်ပယ်အသီးသီးက လူတွေအားလုံးနဲ့ ဆက်ဆံရေးကောင်းပြီး အမြဲ အဆက်အသွယ်မပြတ်အောင် ထိန်းနိုင်ဖို့က တကယ်တော့ ခက်ခဲပါတယ်။ ဒီလိုအရည်အချင်းမျိုးလည်း အဲ့ဒီ အမျိုးသမီးတွေဆီမှာ ရှိနေတတ်ကြပါတယ်။

(၆) ကိုယ့်ရဲ့တာဝန်ကိုအမြဲအလေးထားတာ

ငါကဒီလုပ်ငန်းရဲ့ဦးဆောင်သူပဲဆိုပြီး အလုပ်တာဝန်တွေကို ပေါ့ပေါ့ဆဆထားမယ်ဆိုရင် ကြာလာတဲ့အခါ အလုပ်ပြီးမြောက်မှုအပိုင်းက လျော့တိလျော့ရဲ ဖြစ်လာမယ်ဆိုတာ သူတို့သေချာသိကြပါတယ်။

(၇) ပညာရပ်တစ်ခုခုကိုအမြဲလေ့လာနေတတ်တာ

ကိုယ့်အလုပ်နဲ့ဆိုင်တာပဲဖြစ်ဖြစ်၊ ကိုယ့်ဝါသနာပါရာ ပညာရပ်တစ်ခုခုကို အမြဲလေ့လာနေတတ်ကြတာမို့ ဒီအမူအကျင့်ကလည်း ထူးခြားပြီး အတုယူစရာကောင်းလှပါတယ်။

(၈) ကိုယ့်အတွက်ကိုလည်း အချိန်ပေးတတ်သေးတာ

အလုပ်တွေဘယ်လောက်ရှုပ်နေပါစေ၊ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက် အချိန်ကို manage လုပ်တတ်တာကြောင့် အလုပ်ကြောင့် ဖိစီးမှုဆိုတာကြီးကို ခံစားကြရတာလည်း နည်းပါတယ်။ ဘဝကို မျှတအောင် ဖြတ်သန်းတတ်ကြသူတွေပေါ့။

(၉) ကမ္ဘာမှာဘာတွေဖြစ်နေသလဲဆိုတာ မျက်ခြေမပြတ်လေ့လာနေတတ်သူတွေ

စီးပွားရေးတစ်ခုကို ဦးစီးလုပ်ဆောင်နေသူဆိုတာ ကိုယ်နေထိုင်ရာအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်၊ မြို့၊ နိုင်ငံက အဖြစ်အပျက်အကြောင်းအရာတွေကိုပဲ သိနေလို့မဖြစ်ပါဘူး၊ ကမ္ဘာမှာဘာတွေဖြစ်နေသလဲဆိုတာကို သိမှ၊ ဗဟုသုတတွေ ပြည့်ဝနေမှသာ ကိုယ့်လုပ်ငန်းကို ပိုအောင်မြင်အောင် လုပ်ဆောင်နိုင်ကြမှာပေါ့။ ဒါ့ကြောင့် ဘယ်အရာကိုမှ သူတို့မျက်ခြေပြတ်မခံကြပါဘူးး။

(၁၀) ကျန်းမာရေးကို လိုက်စားကြတာ

ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမယ်၊ ဒီတော့မှ အလုပ်ကိုပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မယ်၊ အလုပ်အတွက် ပိုတွေးနိုင်မယ်ဆိုတာမျိုးကိုလည်း သူတို့သေချာသိနေကြပါတယ်။ GYM ထိသွားပြီး မကစားနိုင်ရင်တောင် ကိုယ့်ကျန်းမာရေးအတွက် အိမ်မှာ အချိန်ပေးလုပ်ဆောင်တတ်ကြပါတယ်။

ဒီအချက်တွေဟာ စီးပွားရေးလုပ်ငန်းကို ဦးစီးလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေဆီမှာ အမြဲတွေ့ရတဲ့ အမူအကျင့်ကောင်းတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး TaTa- တာတာ Outfit ရဲ့ ပဲ့ကိုင်ရှင် မနွယ်နီဇင်ကလည်း သူမရဲ့ အမူအကျင့်တွေအကြောင်းကို ခုလို ဖွင့်ဟပြောပြသွားပါတယ်။

“အလုပ်နဲ့ပတ်သက်လာရင်တော့ ကိုယ့်လုပ်ငန်းအတွက်ရော ကိုယ့်customer တွေအတွက်ပါ Goalအကြီးကြီးထားတယ်။ ပြီးတော့ အကျိုးအမြတ်တစ်ခုတည်းကိုပဲ မတွေးဘဲ စီးပွားရေးလုပ်တဲ့အခါ စေတနာကိုပါ အမြဲထည့်သွင်းပြီး စဉ်းစားလုပ်ဆောင်ပါတယ်။ နောက် ကိုယ့်အားလပ်ချိန်တွေမှာ အိမ်မှာမိဘတွေကို တတ်နိုင်တဲ့ဘက်က ကူတယ်။ Social media တွေ သိပ်မသုံးဘဲနဲ့ နေနိုင်အောင်ကြိုးစားပြီး လုပ်ဆောင်ဖြစ်ပါတယ်။ ဥပမာ Facebook ဆိုတဲ့ icon လေးကိုနှိပ်ဖို့အစား Page manager ကို ပိုသုံးဖြစ်အောင် ဖုန်းစခရင် မျက်နှာစာမှာ Page manager တွေများများတင်ထားလိုက်တယ်။ Social ပိုင်းနဲ့ ပတ်သက်ပြီးတော့ လူတိုင်းနဲ့ အဆင်ပြေအောင်နေတယ်။ အကောင်းမြင်တတ်အောင်နေတယ်။ ခင်တဲ့ သူပဲဖြစ်ဖြစ်၊ မခင်တဲ့ သူပဲဖြစ်ဖြစ်၊ မမြင်ဖူးတဲ့ သူပဲဖြစ်ဖြစ် (customer တွေဆို page ကလာပြောတော့ မမြင်ရဘူးလေ) စကားပြောရင် သတိလေးထားတယ်။ သူတို့အားဖြစ်စေမယ့် စိတ်ချမ်းသာစေမယ့် စကားလေးတွေ သေချာရွေးပြောပေးဖြစ်တယ်။

တချိူ့လူတွေရှိတယ်လေ ငါတို့က မြင်တဲအတိုင်းပဲ ပြောတတ်တယ် ဘွင်းဘွင်းပဲပြောတတ်တယ် ဆိုပြီး ပြောတယ် မကောင်းတာတော့ မဟုတ်ဘူး၊ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်သူ့ကိုမြင်တဲ့ အခါ အကောင်းလေးတွေ ရွေးမြင်တာမျိုး ပိုလုပ်နိုင်အောင် ကြိုးစားပါတယ်။ မြှောက်ပြောတာမျိုးမဟုတ်ဘဲ လူတစ်ယောက်နဲ့ စကားပြောရင် အရင်ဆုံး သူ့ကောင်းကွက်ကိုကြည့်ပြီး ချီးကျူးဖြစ်တယ်။ တကယ်တမ်း အောင်မြင်တဲ့ စီးပွားရေးသမားတွေ၊ လုပ်ငန်းပိုင်ရှင်တွေက သူ့ဝန်ထမ်းပဲဖြစ်ဖြစ် ဘယ်လိူလူမျိုးကိုမဆို ကောင်းကွက်ကို အမြဲရှာကြည့်တတ်ကြတယ်။ သူ့ကိုကိုယ့်လုပ်ငန်းရဲ့ ဘယ်နေရာမှာ နေရာပေးရမလဲဆိုတာမျိုး ဘယ်လိုပူးပေါင်းရင် အကျိုးအမြတ်ထွက်မယ် ဆိုတာမျိုး သူတို့သေချာသိကြပါတယ်။ အဲ့ဒါကြောင့် လူတွေရဲ့ကောင်းကွက်ကိုရှာပြီး ချီးကျူးတတ်ဖို့ ကြိုးစားတယ်။ ကိစ္စသေးသေးလေးကအစ စေတနာထားပြီးလုပ်ပေးဖြစ်တယ်။” လို့ သူမက ပြောသွားပါတယ်။

ဒါတွေကတော့ လုပ်ငန်းတစ်ခုကို ဦးစီးလုပ်ဆောင်နေကြတဲ့ အမျိုးသမီးတွေရဲ့ အခြေခံ အမူအကျင့်ကောင်းတွေပဲ ဖြစ်ပါတယ်။ မဒီတို့ကိုယ်တိုင်လည်း ဒီလိုအမူအကျင့်ကောင်းတွေကို မွေးမြူပြီး ကိုယ့်ရဲ့နေ့စဉ်ဘဝတွေကို ပိုမိုတိုးတက်ကောင်းမွန်လာအောင်၊ အောင်မြင်မှုပန်းတိုင်ဆီကို သွားတဲ့အခါ ပိုမိုမြန်ဆန်သွားဖို့အတွက် အသုံးချနိုင်အောင် အကြံပြုလိုက်ပါတယ်နော်။


 


က္က