In partnership with  logo
ကိုယ်က ကျောင်းလခအတွက် တစ်ဖက်က အလုပ်လုပ်၊ ပိုက်ဆံရှာပြီး ကျောင်းတက်ရတဲ့သူဆိုရင် ပိုလို့တောင် ပင်ပန်းခက်ခဲပါလိမ့်မယ်။

ကိုယ့်ဘဝအိပ်မက်တွေအတွက် အမိနိုင်ငံကို ခွဲခွာပြီး နိုင်ငံရပ်ခြားမှာ ပညာသွားရောက်သင်ယူမယ့် အမျိုးသမီး တစ်ယောက်အတွက် ကြိုတင်လေ့လာပြင်ဆင်ထားရမယ့် အရာတွေထဲမှာမှ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ဖို့၊ ကိုယ်သွားရောက်နေထိုင်မယ့် နိုင်ငံနဲ့ပတ်သက်ပြီး ဗဟုသုတတွေ ရှိနေဖို့၊ ကိုယ်တက်မယ့်ကျောင်းနဲ့ပတ်သက်ပြီး သေချာသိနေဖို့၊ ကိုယ်ဖြစ်ချင်တာကဘာ၊ ကိုယ့်အိပ်မက်က ဘာဆိုတာ ပြတ်ပြတ်သားသား နားလည်ထားဖို့၊ နေ့စဉ်ဘဝတွေကိုဘယ်လိုဖြတ်သန်းပြီး၊ သူစိမ်းတွေကြားထဲ ကြုံလာမယ့် အခက်အခဲတွေကို ဘယ်လိုကျော်လွှားမယ် ဆိုတဲ့ စိတ်ပိုင်းဖြတ်မှု တစ်ခုရှိနေဖို့တွေအပြင် အစားအသောက်နဲ့ပတ်သက်ပြီးတော့လည်း အလေ့အကျင့်တွေ ကြိုလုပ်ထားဖို့ လိုအပ်ပါတယ်။

နိုုင်ငံခြားမှာ ကျောင်းသွားတက်ဖု့ိ လွယ်ကူလားဆိုတော့ လုံးဝမလွယ်ကူပါဘူး။ အထူးသဖြင့် ကိုယ်က ကျောင်းလခအတွက် တစ်ဖက်က အလုပ်လုပ်၊ ပိုက်ဆံရှာပြီး ကျောင်းတက်ရတဲ့သူဆိုရင် ပိုလို့တောင် ပင်ပန်းခက်ခဲပါလိမ့်မယ်။ ဒီလို မဟုတ်ဘဲ full scholarship ရလို့ ကျောင်းသွားတက်မယ်ဆိုရင်တောင် scholarship ရဖို့အတွက် ကိုယ့်အနေနဲ့ လေ့လာပြင်ဆင် ရမယ့်အရာတွေ၊ အထူးသဖြင့် ကိုယ်လေ့လာချင်တဲ့ပညာရပ်ပေါ်မူတည်ပြီး ကျောင်းရွေးချယ်လျှောက်ထားမှု အပိုင်းတွေ အများကြီးရှိနေပါသေးတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံ ပါရီမြို့က Ecole des hautes études en santé publique (EHESP) လို့ခေါ်တဲ့ ကျောင်းမှာ Master of Public Health တတ်ရောက်နေ တဲ့ ကယား(ကရင်နီ) တိုင်းရင်းသူ မမော်ဖိုးမြာရဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။



“ အရင် ဦးဆုံး ကိုယ့်ကိုယ်ကို မိတ်ဆက်ရင်း ခုလက်ရှိသင်ယူနေတဲ့ဘာသာရပ်ကို သင်ယူဖြစ်ခဲ့တဲ့ အကြောင်း အကျဉ်းချုံးပြောပြချင်ပါတယ်။ ကျွန်မနာမည်က မော်ဖိုးမြာလို့ခေါ်ပါတယ်။ ကယား(ကရင်နီ) တိုင်းရင်းသူပါ။ ဇာတိကတော့ တောင်ကြီးကပါ။ ၂၀၀၂ ခုနှစ် တောင်ကြီး အထက(၄) ကနေ ဆယ်တန်းကို အောင်ခဲ့တာပါ။ ပြီးတော့ ရန်ကုန်မှာ Myanmar Institute of Theology(MIT) ကဖွင့်တဲ့ Bachelor of Religious (BARS) Program တတ်ရင်း အင်္ဂလိပ်စာ လေ့လာဖြစ်ခဲ့ပါတယ်။ ခုတော့ Liberal Arts Program (LAP) လို့ခေါ်တာပေါ့။ မြန်မာပြည်မှာတော့ ကျောင်းမပြီးခဲ့ဘဲ ၂၀၀၅ ခုနှစ်မှာ ထိုင်းကိုသွားပြီး ကျောင်းတတ်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒါလည်း Scholarship ရခဲ့လို့ပါ။ အဲဒီကနေမှ Bachelor of Nursing Science (BNSc) နဲ့၂၀၀၉ ခုနှစ်မှာ ကျောင်းပြီးခဲ့တာပါ။ အခြေအနေ အကြောင်းကြောင်းကြောင့် သူနာပြုလိုင်စင်မရခဲ့လို့ ဆေးရုံတွေမှာ မလုပ်ခဲ့ရဘဲ International Non-government organization (INGO) လောကထဲ စရောက်လာခဲ့ တာပါ။ အဲ့ဒီကနေစပြီး Public Health ထဲကို ရောက်လာတယ် လို့ပြောရမှာပေါ့။ ကိုယ်က Public Health ထဲကိုရောက်လာပြီး အလုပ်လုပ်နေတဲ့ သက်တမ်းတောက်လျှောက် ကိုယ့်ကိုယ့်ကိုယ် အများကြီးသင်ယူဖို့လိုသေးတယ်ဆိုတာ သိလိုက်ရတယ်။ ပြီးတော့ Public Healh ကိုလည်း ထဲထဲဝင်ဝင် လုပ်ချင်ခဲ့တာကြောင့် ကျောင်းပြန်တက်ဖို့စဉ်းစားခဲ့တာပါ။ ကျောင်း ပြန်တတ်ဖို့အစောကြီးကတည်းက စဉ်းစားဖြစ်ခဲ့ပေမဲ့ အခြေအနေအမျိုးမျိုး ကြောင့် ၂၀၁၈ မှာမှ ပြန်တက်ဖြစ်ခဲ့တာပါ။ အခုလက်ရှိကတော့ ပြင်သစ်နိုင်ငံ ပါရီမြို့က Ecole des hautes études en santé publique (EHESP) လို့ခေါ်တဲ့ ကျောင်းမှာ Master of Public Health ကို တတ်ရောက်နေ ပါတယ်။” လို့ သူမက ပြင်သစ်မှာ ကျောင်းစတက်ဖြစ်ပုံအကြောင်းကို ပြောပြပါတယ်။

သူမအနေနဲ့ ပညာသင်ထောက်ပံ့ကြေးရဖို့ ကျောင်းရွေးချယ်လျှောက်ထားမ ှုအပိုင်းကိုတော့ “ကျောင်းပြန်တက်မယ်လို့စဉ်းစားကတည်းက scholarship ကို လိုက်ရှာခဲ့တာပါ။ ကိုယ့်စရိတ်နဲ့ကိုယ် နိုင်ငံခြားမှာ ကျောင်းတက်ဖို့ဆိုတာ ကိုယ့်အတွက်တော့ မဖြစ်နိုင်ဘူးလေ။ အဲ့ဒါကြောင့် scholarship တောင်မှ full scholarship တွေပဲ လိုက်ရှာဖြစ်တယ်။ အခုဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ပေးတဲ့ scholarship တွေ အများကြီးရှိပါတယ်။ တချို့ကလည်း အပြည့်ပေးတယ်။ တချို့အဖွဲ့တွေက တဝက်ပဲပေးတာတွေလည်းရှိတယ်။ Chevening၊ DAAD၊ Full Bright၊ Austria Aid နဲ့ Open Society Foundation စတဲ့အဖွဲ့တွေကိုလဲ ကြားဖူးကြမှာပါ။ နောက်ထပ် မတူတဲ့ ဘာသာရပ်တွေအတွက် ပေးတဲ့ Scholarship တွေလဲ အများကြီးရှိပါတယ်။ အဲ့ဒီအဖွဲ့တွေကို မလျှောက်ခင်အရင်ဆုံး လိုအပ်တဲ့လိုအပ်ချက်တွေကို လိုက်ဖတ်တယ်။ ကိုယ်တတ်ချင်တဲ့ ဘာသာရပ် ကို ပေးတဲ့အဖွဲ့နဲ့ကိုယ့်ဘက်က သူတို့ဆီလျှောက်ဖို့ ဘာတွေပြင်ဆင်ဖို့လိုလဲ ဆိုတာတွေကို လိုက်ရှာဖတ်တယ်။ ပြီးတော့ scholarship ၂ ဖွဲ့၃ ဖွဲ့လောက်ကို တပြိုင်နက်တည်း လျှောက်ဖြစ်တယ်။ အဲ့ဒီထဲမှာမှ Open Society Foundation လို့ခေါ်တဲ့ အဖွဲ့အစည်းကနေ Civil Society Leadership Award လို့ခေါ်တဲ့ full scholarship ကို ၂၀၁၈ မှာရခဲ့တာပါ။ စကော်လားရှစ် စလျှောက်တဲ့ အချိန်တုန်းက ကိုယ်သင်ချင်တဲ့ Public Health အတွက် Open Society Foundation ကပေးထားတဲ့ကျောင်း စာရင်းတွေထဲက ဦးစာပေး ၃ ကျောင်းကို ရွေးရတယ်။ ကိုယ်တတ်ချင်တဲ့ နိုင်ငံနဲ့ကျောင်းပေါ့။ အဲ့ဒီမှာ ကျွန်မက US ကျောင်း ၂ ကျောင်းနဲ ခုတက်နေတဲ့ ပြင်သစ်က ကျောင်၁ကျောင်းကိုထည့်ခဲ့တာ။ နောက်ဆုံး အဖြေမှာတော့ ဒီပြင်သစ်ကျောင်းက လက်ခံလို့ဒီဘက်ကိုရောက်လာတာပါ။” လို့ ရှင်းပြသွားပါတယ်။

ကိုယ်တက်ရမယ့်ကျောင်းကိုလည်း သိပြီ၊ ပညာတော်သင် သွားရောက်လေ့လာဖို့ကလည်း သေချာပြီဆိုရင်တော့ သွားမယ့်နိုင်ငံမှာ အများဆုံးအသုံးပြုတဲ့ ဘာသာရပ်စကားကို ပိုအလေးပေးလေ့လာသင့်ပြီပေါ့။ ဒီလိုမှ မဟုတ်ခဲ့ရင် ဘယ်လိုအခက်အခဲတွေ ကြုံရနိုင်တယ်ဆိုတာကိုလည်း သူမက “ကိုယ်တိုင်က ကျောင်းပြီးကတည်းက ဆက်တိုက်အလုပ်လုပ်လာခဲ့တော့ အင်္ဂလိပ်စာကို သေချာထပ်ပြီး မလေ့လာဖြစ်ခဲ့ဘူး။ အပြောကရပေမဲ့ စာနဲ့ပေနဲ့ရေးရတော့မယ်ဆိုရင် သိပ်အဆင်မပြေဘူး။ အဲ့ဒါကြောင့် အဓိက အင်္ဂလိပ် ကို ပြန်လေ့လာဖြစ်တယ်။ အများအားဖြင့် အလုပ်တွေက နယ်မှာလုပ်တာများတယ်ဆိုတော့ ဆရာတွေနဲ့လဲ မလေ့လာဖြစ်ဘူး။ ကိုယ်ကိုယ်တိုင် self study လုပ်ဖြစ်ခဲ့တာများတယ်။ Scholarship ရပြီဆိုတဲ့ list ထွက်လာတော့ သင်မယ့်ဘာသာရပ်နဲ့သက်ဆိုင်တဲ့ အခြားဗဟုသုတတွေ ရှာဖတ်ဖြစ်တယ်။ ကိုယ့်သွားမဲ့ နေရာဒေသ အကြောင်းတွေလည်း လေ့လာဖြစ်တယ်။ ကိုယ်က ပြင်သစ်မှာကျောင်းတက်မယ် ဆိုပြီး ရောက်လာခဲ့တာ မဟုတ်ဘူး။ စကောလားရှစ် ရပြီး နောက်ဆုံးအဆင့် ဖြစ်တဲ့ school replacement ရောက်မှ ပြင်သစ်ကိုရသွားတယ်ဆိုတာသိတာ။ အဲ့ဒါကြောင့် ပြင်သစ် စာတွေလည်း မလေ့လာဖြစ်ခဲ့ဘူး။ မလာခင်ကတော့ နိုင်ငံကြီးလည်းဖြစ်တာကြောင့် အင်္ဂလိပ်လို နဲ့တင် အဆင်ပြေမယ်ထင်ခဲ့တာ။ တကယ်တမ်းတော့ အစ်မတို့စာသင်တဲ့ အခန်းထဲကလွဲရင် ကျန်တဲ့အပြင်လောကမှာက ပြင်သစ်လိုပဲပြောကြတာ။ ဘဏ်တွေ၊ အစိုးရဌာနရုံးတွေ ၊ အိမ်ခန်းငှားတဲ့ အဖွဲ့အစည်းတွေကအစ အင်္ဂလိပ်လိုမပြောဘူး။ အစပိုင်းမှာ တော်တော်ကို ခက်ခဲခဲ့ပါတယ်”တဲ့။

နေ့စဉ်ဘဝမှာ ကြုံရတဲ့ အခက်အခဲတွေပဲလားဆိုတော့ ဒါတင်မကသေးပါဘူး။ အစားအသောက်ပိုင်းဆိုရင်လည်း တစ်နှစ်နီးပါးလောက် အသားကျအောင် ကြိုးစားခဲ့ရတယ်လို့ သူမက ဖွင့်ဟသွားပါတယ်။ နောက်ထပ်ကြုံရတဲ့ အခက်အခဲကတော့ ပညာရေးစနစ်ပါပဲ။ ဒီအကြောင်းကို နိုင်ငံခြားမှာ ပညာသွားသင်မယ့် မဒီတွေအတွက် သူမက ခုလို ဆိုပါတယ်။

“ဒီမှာ ဘာသာရပ်တော်တော်များများ သင်တဲ့အခါမှာ Professor က သင်တယ်။ ကျောင်းသားတွေက မေးခွန်းမေးတယ်၊ ဆွေးနွေးတယ်၊ ငြင်းခုံကြတယ်။ အဲ့ဒီလို ပါဝင်မှုအပိုင်းမှာလည်း အမှတ်တွေပေးတယ်။ ဒီလို ပညာသင်စနစ်ဆိုတာ မလာခင်ကတည်းကတော့ သိပြီးသား။ ပြီးတော့ ကိုယ်တိုင်ကျ ဒီလို ဆွေးနွေးမှု နဲ့ငြင်းခုံမှုပိုင်းမှား အားနည်းတယ်။ ကိုယ့်ကိုယ်ကိုလည်း အားမရခဲ့ဘူး။ အဲ့ဒီအပိုင်းတော့ ကိုယ့်ကိုယ်ကို စိတ်ပူခဲ့တယ်။ လက်တွေ့လည်း အဲ့ဒီအရာတွေကို ကြုံတွေရပါတယ်။ သူများနည်းတူ ပြောနိုင်ဆိုနိုင် ပါဝင်နိုင်ဖို့၊ ဆွေးနွေးငြင်းခုံနိုင်ဖို့ အတွက် တော်တော်ကြိုးစားယူရတာပါ။ ဒီအပိုင်းလေးတွေတော့ ညီမလေးတွေ၊ အစ်မတွေကို ကြိုသိပြီးပြင်ဆင်ထားစေချင်ပါတယ်” လို့ သူမက ဖွင့်ဟသွားပါတယ်။

တကယ်တော့ နိုင်ငံရပ်ခြားမှာ ပညာသွားသင့်တဲ့သူတွေဟာ စွန့်စားမှုအသစ်ကို စလိုက်တာနဲ့တူပါတယ်။ ဘာသာရပ်စကားတွေ ပိုလေ့လာဖြစ်သွားတယ်။ တခြားနိုင်ငံတွေမှာ အမျိုးသမီးတွေကို ဘယ်လိုဆက်ဆံပြောဆိုကြတယ်ဆိုတာကို သိခွင့်ရတယ်။ မတူညီတဲ့ ပညာသင်ကြားရေးစနစ်ကိုလည်း လေ့လာသိရှိခွင့်ရသွားတယ်။ ကိုယ့်ကိုကိုယ် ဘယ်လောက်ကြံ့ခိုင်တဲ့သူလဲဆိုတာလည်း သိသွားတယ်။ သူငယ်ချင်းသစ်တွေနဲ့ ဆက်ဆံရေးအသစ်တွေလည်း ထပ်ရသွားတယ်။ နောက် အိမ်ဆိုတာ ဘာလဲဆိုတာကိုလည်း သေချာသိသွားစေပါတယ်။ အထူးသဖြင့် နေ့စဉ်နေ့တိုင်း မတူညီတဲ့ အတွေ့အကြုံတွေကြောင့် ယူတတ်ရင် သင်ခန်းစာသစ်တွေ အမြဲရနေဦးမှာပါ။ ဒါပေမယ့် ရင်ဆိုင်ရမယ့်အရာတွေထဲ အထီးကျန်တဲ့ခံစားမှုတွေ၊ အခက်အခဲတွေ ကြုံတဲ့အခါ နောက်ပြန်လှည့်ပြေးချင်စိတ်တွေ၊ ပင်ပန်းလွန်းတယ်ဆိုတဲ့ အထင်ရောက်မှုတွေလည်း ထည့်စဉ်းစားထားဖို့ လိုပါတယ်။

ဒီအကြောင်းကိုလည်း သူမက “အတွေ့အကြုံတွေကတော့ အများကြီးဘဲ။ ဒီရောက်တော့ အစစအရာရာဟာ ကိုယ့်အတွက် အသစ်တွေဘဲ။ စာသင်ခန်းအတွေ့အကြုံ၊ စာသင်ခန်းပြင်ပ အတွေ့အကြုံ၊ လူမှုဆက်ဆံရေး အတွေ့အကြုံတွေ အများကြီးရတယ်။ အတန်းဖော်တွေဆီကနေ သင်ယူရတာရှိသလို အခြားသူငယ်ချင်း မိတ်ဆွေတွေဆီကနေလည်း အများကြီး သင်ယူရပါတယ်။ အတွေ့အကြုံတစ်ခုချင်းစီတိုင်းဟာလည်း ကိုယ့်အတွက် သင်ယူစရာတွေပါပဲ။ အထူးသဖြင့် လက်တွေ့ဘ၀ လုပ်ငန်းခွင်တွေမှာ ပြန်ပြီး အသုံးချနိုင်မယ့် အတွေ့အကြုံတွေဖြစ်လို့ ဘာမဆို သင်ခန်းစာအနေနဲ့ပဲ မှတ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ စာတွေများလို့မလိုက်နိုင်တဲ့ အခါလေးတွေ ရှိတတ်တယ်။ တခါတလေမှာ ငါလုပ်နိုင်ပါ့မလား။ ဘာလို့များ ကျောင်းကို ပြန်တက်မိပါလိမ့်ဆိုပြီး တွေးပြီး စိတ်ဓါတ်ကျချင်တဲ့ အခါတွေလည်းရှိတယ်။  အခြားအရာတွေကတော့ တအားကြီး struggle လုပ်ရတယ်ရယ် လို့တော့မရှိပါဘူး။ အနေဝေးတော့ အိမ်လွမ်းတာတွေဘာတွေတော့ဖြစ်တာပေါ့။ အိမ်လွမ်းတိုင်း ပြေးပြန်လို့ရတဲ့နီးနီးနားနား နိုင်ငံလည်းမဟုတ်တော့ ကြိုးစားနေရတာလောက်ပါပဲ။ ဒီလိုအချိန်မှာတော့ ကိုယ့်နားမှာ ဘယ်သူမှမရှိဘူးလေ။ ကိုယ်မှ မရုန်းကန်ရင်လည်း မရတော့တဲ့အချိန်မျိုးဆိုတော့ ကိုယ်ဟာကိုယ်ပဲ အားပေးရတာပေါ့။ ဒီအထိတောင်မှ လျှောက်လာခဲ့ပြီးပြီပဲ။ ငါ ဆက်လုပ်နိုင်မှာပါဆိုပြီး ဘုရားကျောင်းသွားတယ်။ ဘုရားကျောင်းတွေမှာ ကိုယ်တတ်နိုင်သလောက် ပါဝင်တယ် ။ အဲ့ဒါတွေကလည်း ကိုယ့်အတွက် အဓိက ခွန်အားတွေပါပဲ။” လို့ အတွေ့အကြုံတွေကို မျှဝေသွားပါတယ်။

ပထမနှစ်ကို အောင်မြင်စွာဖြတ်ကျော်သွားနိုင်ခဲ့ပြီဖြစ်တဲ့ သူမဟာ ကြိုးစားရတဲ့အပိုင်းကတော့ တစ်ဦး တစ်ယောက်ချင်းစီနဲ့သာ သက်ဆိုင်လိမ့်မယ်လို ဆိုပါတယ်။ လာမယ့် ဒုတိယနှစ်မှာ သူမဘာတွေသင်ယူပြီး ဘယ်လိုတွေ ဆက်လက်ကြိုးစားဖြတ်သန်းမယ်ဆိုတာ မေးကြည့်ဖြစ်ပါသေးတယ်။

“ပထမနှစ်ပြီးလို့ ဒုတိယနှစ်က အေးဆေးမလားဆိုတော့ ကိုယ့်အတွက်ကတော့ အေးဆေးမှာမဟုတ်ပါဘူး။ ဒုတိယနှစ် က ကျွန်မတို့ သင်ယူရမယ့် ဘာသာရပ်တွေကို Major ပြန်ခွဲမှာပါ။ ပြီးတော့ ကိုယ်ယူတဲ့ Major subject တွေကို intensive သင်ယူရတော့မှာပေါ့။ ပထမနှစ်တုန်းကတော့ Introduction တို့basic information တို့ပေါ့။ ဒုတိယနှစ်ကတော့ Advance level ဖြစ်တော့ ပိုပြီး intensive ဖြစ်မယ်လို့ထင်ပါတယ်။ ကိုယ့်အတွက်တော့ ပိုပြီးကြိုးစားရဦးမှာပါ” လို့ သူမက ပြောပြပေးသွားပါတယ်။

ကျောင်းပြီးသွားတဲ့အခါ သူမလုပ်ချင်၊ ပုံဖော်ခွင့်ရချင်တဲ့ အိပ်မက်တွေအကြောင်းကလည်း စိတ်ဝင်စားစရာပါပဲ။

“ Public Health နဲ့ပက်သက်ပြီး ပိုပြီးထဲထဲဝင်ဝင်လုပ်ချင်တယ်။ အထူးသဖြင့် Health Policy ကျန်းမာရေးမူဝါဒရေးတွေ၊ လေ့လာသုံးသပ်ရေးဆွဲတာတွေနဲ့ ပက်သက်ပြီး စိတ်ဝင်စားတယ်။ အဲ့ဒါကလည်း ဒီလာမယ့် ဒုတိယနှစ်မှာ ယူဖြစ်မယ့် Major subject ဖြစ်မှာပါ။ မူဝါဒချမှတ်ရေးဆွဲ တာတွေနဲ့ ပက်သက်ပြီး ကိုယ်တိုင်ကပိုစိတ်ဝင်စားတယ်။ ကျောင်းပြီးသွားရင်တော့ အဲဒါနဲ့ပက်သက်ပြီး မြန်မာပြည်မှာလုပ်ဖို့အခွင့်အလမ်းရှိမလား၊ မရှိဘူးလားဆိုတာတော့ မသေချာဘူး။ အခွင့်အရေး ရှိခဲ့မယ်ဆိုရင်တော့ လုပ်ချင်ပါတယ်။ သေချာတာတော့ Public Health နဲ့ သက်ဆိုင်တဲ့ တစ်နေရာရာမှာတော့ ပြန်ပြီး လုပ်ဖြစ်မှာပါ။ ကိုယ်ရဲ့အိပ်မက်ပန်းတိုင်က လိုအပ်တဲ့ သူတွေကို အချိန်မရွေးကူညီပေးနိုင်တဲ့သူ တစ်ယောက် ဖြစ်ချင်တာပါ။ အဖွဲ့အစည်းတစ်ခုအတွက်ဖြစ်ဖြစ် ၊ Community ထဲမှာပဲဖြစ်ဖြစ် တစ်ထောင့်တစ်နေရာ ကနေ အသုံးဝင်တဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားမှာပါ။ ခု အဲဒီအိပ်မက်ကို အကောင်ထည်ဖော်နိုင်နေပြီ လို့တော့ မပြောနိုင်သေးဘူး။ အကောင်ထည်ဖော်နိုင်အောင် ကြိုးစားနေဆဲပါ။” လို့ သူမက ပုံဖော်ထုဆစ်နေတဲ့ အိပ်မက်တွေအကြောင်း ဖွင့်ဟသွားပါတယ်။

ပြင်သစ်နိုင်ငံမှာ ပညာသင်ကြားနေတဲ့ မမော်ဖိုးမြာက သူမလို နိုင်ငံခြားမှာပညာသင်မယ့် အစ်မ၊ ညီမတွေ၊ scholarship ရှာနေတဲ့ ညီအစ်မတွေကို “Scholarship ဆိုတာ English skillတွေ ကောင်းတိုင်း၊ အလုပ်အတွေ့အကြုံတွေများတိုင်း အမှတ်စာရင်းတွေ လန်ပြန်နေတိုင်းလည်း မရနိုင်ပါဘူး။ တခါတစ်လေ ကိုယ့်ရဲ့Scholaship requirement တွေကြည့်ပြီး စိတ်ဓါတ်တွေကျ ငါတော့ရနိုင်မှာ မဟုတ်ပါဘူးဆိုပြီးတော့ မတွေးလိုက်ပါနဲ့လို့။ “Just give a try” ကြိုးစားကြည့်လိုက်ပါ။ ကြိုးစားကြည့်လိုက်လို့ ဘာမှ မဆုံးရှုံးသွားပါဘူး။ နောက်ပြီး တစ်ခုဆို တစ်ခုပဲ မလုပ်ပါနဲ့။ တွေ့သမျှ အကုန်ကြိုးစား လျှောက်ကြည့်ပါ။ ကိုယ့်အတွက် တစ်နေရာမဟုတ်တစ်နေရာတော့ ရှိပြီးသားပါ။ ကျောင်းလျှောက်တာပဲဖြစ်ဖြစ် scholarship လျောက်တာပဲဖြစ်ဖြစ် ကိုယ်မှာရှိတဲ့ အလုပ်အတွေ့အကြုံနဲ့ ဆက်စပ်ပြီး ဒီဘာသာရပ်ကို စိတ်ဝင်စားရတဲ့အကြောင်း၊ ပြီးတော့ ကိုယ့်ရဲ့ကိုယ်ပိုင်ခံယူချက်တွေနဲ့ အမြင်တွေရယ် ပြီးတော့ ကျောင်းပြီးသွားရင် ကိုယ်ဘယ်လိုပါဝင်ပြီး လုပ်ပေးချင်ပါတယ်ဆိုတဲ့ အကြောင်းတွေကို အဓိကထား ရေးရမှာပေါ့။ ကိုယ့်တုန်းကတော့ Essay sample တွေ လိုက်ရှာဖတ်တယ်။ ပြန်ကူးယူဖို့မဟုတ်ပဲ ကိုယ့် Essay ရေးတဲ့အခါ Idea တွေ ထွက်လာအောင်လို့။ နောက်ပြီး ကိုယ်သင်မယ့် ဘာသာရပ်နဲ့ ဆိုင်တဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း မသိသေးတာတွေရှိရင် လူကြီးတွေ ဆရာ ဆရာမတွေ သူငယ်ချင်းတွေကို မေးခဲ့တယ်။ သတင်းအချက်အလက်တွေ ရှာဖွေတယ်။ အဲဒါမှာ Eassy ကောင်းကောင်းတစ်ပုဒ်ထွက်မှာပါ။ Scholarship တွေ တော်တော်များများကတော့ ကိုယ်ရေးလိုက်တဲ့ Essay ပေါ် မူတည်တယ်။ ကျောင်းကတော့ Essay ရော၊ IELTS အမှတ်ရောလိုတာပေါ့။ နိုင်ငံကြီးမှာတက်မယ်ဆိုရင်တော့ ဘယ်ကျောင်းက ဘယ်လောက် အနည်းဆုံးသတ်မှတ်ပြီးခေါ်လည်း ဆိုတာကို လေ့လာပြီး ကိုယ်အမှတ်များနိုင်သလောက် များအောင်ကြိုးစားထားရင်တော့ ကိုယ့်အတွက် အခွင့်အလမ်းတွေ ပိုများတာမှာပါ” လို့ အကြံပေးစကားဆိုသွားပါတယ်။

ဘာလုပ်လုပ်ဇွဲမလျှော့ဘဲ ကြိုးစားမယ်ဆိုရင် တစ်နေ့တော့ အဲဒီရလဒ်အသီးအပွင့်ကို ကိုယ်တိုင်ခံစားရမယ်လို့ ယုံကြည်တဲ့ သူမဟာ စာတော်ပြီးထက်မြက်တဲ့သူတွေထဲ မပါပေမဲ့ ဇွဲရှိလို့သာ ဒီအခြေအနေအထိ ရောက်လာခဲ့သူပါတဲ့။ ဒါကြောင့်လည်း တက္ကသိုလ်ဝင်ခွင့်မှာ ကိုယ်မှန်းသလောက်အမှတ်မရလို့ စိတ်ဓာတ်ကျနေတဲ့ ညီမလေးတွေ၊ လျှောက်နေတဲ့ လမ်းတစ်ဝက်မှာ အခက်အခဲအတားအဆီးတွေကြောင့် စိတ်ဓာတ်တွေကျပြီး ကိုယ့်အိပ်မက်ကို လက်လျှော့လုနီးနီးဖြစ်နေတဲ့ အစ်မတွေ အားလုံးကို ကိုယ်ဖြစ်ချင်တဲ့အရာအပေါ် ဘယ်တော့မှအရှုံးမပေးဖို့ သူမက အားပေးထားပါတယ်။

ဒီလောက်ဆိုရင် နိုင်ငံရပ်ခြားမှာ ပညာတော်သင်သွားမယ့် အမျိုးသမီးတွေအတွက် ဘာတွေဘယ်လိုပြင်ဆင်ထားရမယ်၊ စိတ်ဓာတ်ကို ဘယ်လိုကြံ့ခိုင်အောင်ကြိုးစားထားရမယ် ဆိုတာ သိသွားလောက်ပါပြီ။ ဒီအရာဟာ ကိုယ့်ကိုကိုယ် ဘယ်လောက် သန်မာတဲ့ အမျိုးသမီးဖြစ်တယ်ဆိုတာလည်း သိနိုင်တဲ့အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ အတောင်ပံတွေကို ဖြန့်ပြီး အမြင့်ဆုံးပျံသန်းလိုက်ပါ။ မြင့်မြင့်ပျံနိုင်တဲ့ ငှက်ကလေးဟာ အလှအပအားလုံးကို အပေါ်စီးကနေ ပိုခံစားခွင့်ရတယ် မဟုတ်ပါလား။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က