loading...

loading...

loading...

သူတပါးနှိပ်စက်တာလည်း နာကျင်ရပေမယ့် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတာတွေက ပိုပြီး နာကျင်ကြေကွဲစရာကောင်းပါတယ်။
Thin Nu Swe

ဘဝမှာ နာကျင်မှုအမျိုးမျိုး အဆင်မပြေမှုအဖုံဖုံကို လူတိုင်းဖြတ်ကျော်ခံစားခဲ့ကြဖူးမှာပါ။ ဒီလို နာကျင်မှုမျိုးတွေမှာ သူတပါးကြောင့် ခံစားရတာရှိသလို ကိုယ်ကိုယ်တိုင်ကြောင့် ခံစားကြရတာတွေလည်း ရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တဲ့ အတတ်ပညာမှာ တစ်ဖက်ကမ်းခတ်အောင် တော်လွန်းကြတယ်လို့ဆိုရမှာပါ။ ဒီလို ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် နှိပ်စက်မှုထဲက လွတ်မြောက်နိုင်ဖို့ဆိုတာ သူတပါးကူညီလို့ မရနိုင်ပါဘူး။ ကိုယ်ကိုယ်တိုင် မနှိပ်စက်တော့မှ ရနိုင်မယ့် လွတ်မြောက်မှုမျိုးဖြစ်ပါတယ်။ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတဲ့ အရာတွေက ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

မပျော်ပိုက်တဲ့ အရပ်မှာနေထိုင်နေတာ

မပျော်ပိုက်တဲ့ အရပ်မှာ အခွင့်မသာလို့ နေနေရပါတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တတ်ကြပါတယ်။ တကယ်တော့ ကိုယ်ကိုယ်တိုင်က ဒီနေရာက လွဲပြီး ကိုယ့်မှာ တခြားသွားစရာနေရာမရှိဘူးလို့ ထင်နေတာပါ။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို မဝံ့မရဲဖြစ်တာ ၊ ကိုယ်က ဒီနေရာကလွဲပြီး တခြားနေရာမရှိဘူးလို့ ထင်နေတာတွေက ကိုယ့်ကို မပျော်ရွှင်စေတဲ့ နေရာမှာ နေဖို့ သတ်မှတ်လိုက်တာပါပဲ၊ မိန်းကလေးဖြစ်နေလို့ အားကိုးရာ ရှာနေရမယ်ဆိုတာ ဒီခေတ်မှာ မရှိတော့ပါဘူး။ ဘယ်သူဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးတတ်ဖို့ လိုပါတယ်။ ကိုယ့်မှာသာ အရည်အချင်းရှိနေမယ်ဆိုရင် ဘယ်နေရာရောက်ရောက် ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာ သေချာပါတယ်။ ဒါ့ကြောင့် မပျော်ရွှင်ဘူးထင်ရင် ရုန်းထွက်လိုက်ဖို့ ကြိုးစားသင့်ပါတယ်။ 

ပူဆွေးသောကတွေကို ရင်ဝယ်ပိုက်ထားတာ

တချို့က ရှိပါတယ်၊ အဖီးလ်တစ်လိုင်းနေနေတတ်တာ အကျင့်ပါနေကြတာပါ။ ကိုယ့်ရဲ့ ပူဆွေးသောကတွေကို လွှတ်ချလိုက်လို့ ရပါရဲ့နဲ့ မလွှတ်ချနိုင်ဘဲ ဖက်တွယ်ထားရင်း ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ထားတတ်ကြပါတယ်။ ပူဆွေးသောကတွေကိုသာ လွှတ်ချလိုက်ပြီဆိုရင် ကိုယ့်လက်တစ်ကမ်းမှာ ပျော်စရာတွေချည်းပါပဲ။ ဒါကိုလည်း တွေ့နေ မြင်နေရဲ့သားနဲ့ လွှတ်ချရမှာကို တွန့်ဆုတ်နေတတ်ကြတဲ့ သဘာဝကြောင့် နာကျင်ပြီးရင်း နာကျင်နေရမှာပါပဲ။ ဒါ့ကြောင့် ပူဆွေးသောကတွေကို ဆုပ်ကိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်ကြဖို့ သတိပေးပါရစေ။

စာရေးဆရာမ ခေတ်ပျိုဖြူကတော့ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တတ်တဲ့ အရာတွေအကြောင်းကို Duwun ကို ခုလိုပြောပြပါတယ်။

"အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတဲ့ အရာတွေကတော့ လူတစ်ယောက်ချင်းစီရဲ့စိတ်အ‌ခြေအနေကို လိုက်ပြီး အမျိုးမျိုးရှိတတ်တာပေါ့နော်။ အဲ့ဒီထဲကမှ အများဆုံးဖြစ်တတ်တာက မိသားစု အတွက်ပူပင်ရတာမျိုးပေါ့။ မိသားစုအတွက် ဆိုတဲ့နေရာမှာလည်း စီးပွားရေး၊ လူမှုရေး၊ သားသမီးရေး၊ အိမ်တွင်းရေး စသဖြင့်ပေါ့။ သားသမီးဆိုလည်း သားသမီးအတွက် ပညာရေး အဆင်ပြေပါ့မလား ၊ အစားအသောက်က အစ ပတ်ဝန်းကျင်နဲ့ရော ကိုယ့်သားသမီးကလိုက်လျောညီထွေမှုရှိရဲ့လား အဲ့လိုမျိုးလေးတွေ ပူပန်ပြီး ကိုယ့်ဒုက္ခကိုယ်ရှာသလိုမျိုးပေါ့နော်။ ကိုယ့်ယောက်ျားအတွက်ဆိုရင်လည်း သူ့အလုပ်အကိုင်အဆင်ပြေရဲ့လား၊ အပေါင်းအသင်းတွေကြားမှာရော ပေါင်းသင်းဆက်ဆံမှုအဆင်ပြေရဲ့လား၊ သူ့မှာ ကိုယ်မသိတဲ့ ဘာအခက်အခဲ များရှိနေမလဲ စသဖြင့်ပေါ့ အတွေးတွေနဲ့ နှိပ်စက် နေတာပေါ့နော်။ဘယ်သူကမှ လာမနှိပ်စက်ဘဲ ကိုယ့်ကိုယ်ကိုယ်နှိပ်စက်နေတဲ့ နှိပ်စက်နည်းတွေပေါ့။ ပြီးတော့ ကိုယ်က မိသားစုမသိအောင် တစ်ခုခုလုပ်ထားတာမျိုးတွေ ဆိုရင်လည်း စိတ်ပင်ပန်းရတာမျိုးတွေရှိတတ်တယ်လေ။

အများအားဖြင့်ခြုံငုံပြောပြတာပါ။ အစ်မကတော့ ကိုယ့်ကိုယ်ကိုယ် အဲဒီလိုအတွေးတွေ နှိပ်စက်ရင် ကိုယ်ခံစားနေရတာကို မိသားစုကို ပွင့်ပွင့်လင်းလင်း ပြောပြတယ်။ ပြီးတော့ မိသားစု ပွင့်ပွင့်လင်းဖြစ်အောင်နေတယ်။အဓိက ကတော့ ဘုရားတရားပိုလုပ်ဖြစ်တယ်။ အဓိဌာန်တွေ ဝင်တယ်။ဘုရားတရားလုပ်တော့ စိတ်အေးချမ်းပြီး အဲဒီလိုအတွေးတွေမဝင်တော့ဘဲ စိတ်ကြည်လင်လာတယ်လေ။အဓိကပြောချင်တာကတော့ မိသားစုတွင်းဘာမှ ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းတိုင်တိုင်ပင်ပင်နေပါ။ ဘုရားတရား ပိုလုပ် ပါ အဲဒါလေးပဲပြောချင်ပါတယ်။

မတတ်နိုင်တဲ့ အရာတွေကို လိုချင်တာ

ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တဲ့ နောက်တစ်မျိုးကတော့ မတတ်နိုင်တဲ့ အရာကို လိုချင်တာမျိုးပါ။ ကိုယ့်ရဲ့ ဝင်ငွေနဲ့ မလိုက်ဖက်တဲ့ အရာမျိုး ၊ ကိုယ့်ရဲ့ ဘဝပေးအခြေအနေအရ မတတ်နိုင်တာမျိုး ၊ ကိုယ်တိုင် မကြိုးစားဘဲ အချောင်လိုချင်နေတာမျိုးတွေက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတာပါပဲ။ ကိုယ်က လိုချင်တယ်ဆိုရင် ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရအောင် ယူရပါမယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ်တိုင်တော့ မကြိုးစားဘဲ လိုချင်တယ်ဆိုပြီး စိတ်တို စိတ်ဆင်းရဲနေတာကတော့ မဖြစ်သင့်တဲ့ အရာပါ။ လိုချင်တဲ့အရာကို ကြိုးစားယူပါ၊ မကြိုးစားဘဲ ထိုင်စိတ်ဆင်းရဲနေတာမျိုးတော့ လုံးဝမလုပ်မိပါစေနဲ့။ 

Comfort Zone မှာ နေနေတာ

နောက်တစ်မျိုးကတော့ Comfort Zone မှာနေထိုင်နေတာပါ၊ ဘဝမှာ သက်သောင့်သက်သာနေထိုင်နေတာ ကြာလာတဲ့အခါ နောက်ပိုင်းမှာ အခက်အခဲတွေ အများကြီးနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒီချိန်မှာ သက်သောင့်သက်သာနေနေတာတွေဟာ တစ်ချိန်ချိန်မှာ ကိုယ့်အတွက် အဆင်မပြေတော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ လက်ရှိ Comfort Zone ကို ရောက်ရှိနေပြီဆိုရင် အရင် စဥ်းစားရမှာက ငါ ဒီလို နေနေတာ မှန်ကန်ရဲ့လား ၊ ဒါ ငါ့ရဲ့ စွမ်းဆောင်ရည်တွေကို မထုတ်ပြဘဲနေနေရတာလား၊ ခု ငါရရှိနေတဲ့ ဝင်ငွေဟာ ငါတကယ် ရသင့်ရထိုက်သလား ၊ ငါ ပိုရဖို့ သင့်နေတာလား စတာတွေ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ဘယ်သူမဆို ကြိုးစားမှသာ အောင်မြင်တဲ့ ဘဝတစ်ခုကို ရရှိနိုင်မှာပါ။

ကိုယ့်ကိုယ်ကိုယ် မယုံကြည်တာ



ကိုယ့်ကိုယ်ကိုယ် အနှိပ်စက်ဆုံးအရာကတော့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်တာပါပဲ။ ကိုယ့်ကိုယ်ကိုယ်မှ မယုံကြည်ဘူးဆိုရင် သူများက ကိုယ့်ကို ယုံကြည်ဖို့ ဆိုတာ ပိုပြီး ဝေးသွားပါပြီ။ အနည်းဆုံးတော့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်၊ ကိုယ့်ရဲ့ ဖြစ်တည်မှု ၊ ကိုယ်ပိုင်အတွေးအခေါ် အားလုံးကို ယုံကြည်ဖို့ လိုအပ်ပါတယ်။ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့သူက ရှင်လျှက်သေဆုံးတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ဘဲ သိမ်ငယ်စိတ်ဝင်နေတဲ့ အမျိုးသမီးတစ်ယောက်အဖြစ်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ ရဲရင့်တက်ကြွတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်အောင် ဖန်တီးတည်ဆောက်ကြဖို့ တိုက်တွန်းလိုပါတယ်။

MC တစ်ယောက်ဖြစ်သလို အလှမယ်တစ်ဦးလည်း ဖြစ်တဲ့ ဂုဏ်ရည်အေးကျော်ကတော့ ကိုယ့်အတွက် မကောင်းတဲ့အရာတွေကို ၊ ကိုယ့်ကို ထိခိုက်စေမယ့်အရာတွေကို ဘယ်လိုရှောင်ရှားသင့်လဲဆိုတာကို Duwun ကို ခုလိုပြောပြပါတယ်။

"လူတစ်ဦးချင်းရဲ့ စွမ်းအင်၊ အချိန် ၊ ခွန်အား နဲ့ လုပ်နိုင်စွမ်းတွေက အကန့်အသတ်ရှိပါတယ်။ အဲ့ဒီတော့ ဘဝမှာကိုယ်ဘာကိုလိုချင်လဲဆိုတာ ကွဲကွဲပြားပြားသိဖို့ ၊ တန်ဖိုးထားတတ်ဖို့ လိုပါတယ်။ ကိုယ်လိုချင်တာ လုပ်ငန်းအောင်မြင်မှုဆိုရင် အဲ့ဒီအောင်မြင်မှုအတွက် အနှောင့်အယှက်ဖြစ်စေမယ့်အရာတွေကို အားမနာသင့်ပါဘူး။ မိသားစုပျော်ရွှင်မှုဆိုရင်လည်း အဲ့ဒီပျော်ရွှင်မှုကို ထိခိုက်စေမယ့် အရာတွေကို ရှောင်ရှားရမှာပေါ့။ ကိုယ်ဖြစ်ချင်တဲ့ဘဝပုံစံ၊ ကိုယ်လိုချင်တဲ့ ဘဝစံနှုန်းတွေကို လိုချင်မှုမြင့်မားလေလေ၊ တန်ဖိုးထားတတ်လေလေ အဲ့ဒီအရာတွေကို ထိခိုက်စေမယ့်အရာတွေကို ရှောင်ရှားလေလေ၊ ကာကွယ်စောင့်ရှောက်လေလေ၊ အထိခိုက်အပွန်းပဲ့ မခံနိုင်လေလေပါပဲ၊ ကိုယ်ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာကို ကွဲကွဲပြားပြား ပြတ်ပြတ်သားသား သိတတ်ရပါမယ်"

ခုပြောပြနေတဲ့ အကြောင်းအရာကတော့ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ဖို့ မလိုဘဲ ပျော်ရွှင်အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် လောကမှာ ရှင်သန်နေထိုင်ဖို့ အထူးလိုအပ်တဲ့အကြောင်းပါ၊ ကိုယ့်ယ်ကိုယ် နှိပ်စက်နေမိတယ်ဆိုရင်လည်း ခုချိန်ကစလို့ ဆက်မနှိပ်စက်ပါနဲ့တော့လို့ ထပ်လောင်းပြောကြားပါရစေ။ 


loading...

က္က