ဝန်ထမ်းမလုပ်ချင်တော့ဘဲ ကိုယ်ပိုင်စီးပွားရေးတည်ထောင်လိုသူတွေအတွက် ကြိုတင် ပြင်ဆင် စီစဥ်ရမယ့်အရာတွေကို ပြောပြပေးချင်ပါတယ်။
Thin Nu Swe

မဒီတို့တွေ ကိုယ်ပိုင်လုပ်ငန်းလုပ်တော့မယ်ဆိုရင် အရင်းအနှီးရှိတယ်ဆိုပြီး ဒီတိုင်း စတင်လိုက်လို့ မရပါဘူး၊ အများကြီး စီစဥ်ပြီးမှသာ လုပ်ငန်းတစ်ခုကို စတင်နိုင်မှာဖြစ်ပါတယ်။ ကိုယ်က တစ်သက်လုံး ဝန်ထမ်းလုပ်လာခဲ့ပြီးမှ ကိုယ်ပိုင်လုပ်ငန်းစတင်ချင်တယ်ဆိုရင်တော့ ကြိုတင်စီစဥ်ရမှာတွေ၊ ပြင်ဆင်ရမှာတွေ၊ ဆောင်ရွက်ရမှာတွေ အများကြီး ပါပဲ။ ကိုယ်ပိုင်စီးပွားရေးလည်း တည်ထောင်ချင်တယ်၊ အမြတ်မရဘဲ အရင်းပါ ရှုံးသွားမှာလည်း ကြောက်တယ်ဆိုတဲ့အမျိုးသမီးတွေအတွက် ကိုယ့်ဘက်က ဆောင်ရွက်သင့်တဲ့ အရာလေးတွေကို ပြောပြပေးချင်ပါတယ်။ 

အရင်ဆုံးဈေးကွက်ကို လေ့လာဖို့ လိုပါတယ်

မဒီတို့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမစတင်ခင်မှာ အရင်ဆုံး လေ့လာမှုအရင်ပြုလုပ်ဖို့ လိုပါတယ်။ ကိုယ်က ကိုယ်ပိုင်စီးပွားရေး မြေစမ်းခရမ်းပျိုးတော့မယ်ဆိုရင် ကိုယ်ထင်ရာစိုင်းပြီး လုပ်နေလို့မရပါဘူး။ ကိုယ်ပိုင်စီးပွားရေးလုပ်ိဖု့ စဥ်းစားထားတဲ့ နယ်ပယ်က ဘယ်နယ်ပယ်လဲဆိုတာကို အရင် စဥ်းစားရပါမယ်။ စားသောက်ကုန်လုပ်ငန်းလား၊ လူသုံးကုန်ပစ္စည်းတွေထုတ်မှာလား၊ ဖက်ရှင်ပိုင်းလား၊ တစ်နိုင်တစ်ပိုင်ဆိုင်လေး ဖွင့်မှာလား။ ဘယ်အပိုင်းကို ကိုယ်က စီးပွားရေးလုပ်မှာလဲဆိုတာကို အရင်ဆုံး ဆုံးဖြတ်ချက်ချပါ။ ကိုယ်ပိုင်စီးပွားရေးစတင်လုပ်ကိုင်မယ့်အရာကို တွေးပြီးပြီဆိုရင်တော့ အရင်ဆုံး လေ့လာမှုတွေ စလုပ်ပါ။

ကိုယ်စတင်လုပ်ကိုင်မယ့် စီးပွားရေးက ဈေးကွက်မှာ ဘာတွေ လိုအပ်နေတာလဲ၊ ဘယ်လိုပြဿနာတွေနဲ့ ရင်ဆိုင်ရမှာလဲ ဆိုတာကို အရင်ဆုံးသိအောင် လုပ်ရပါမယ်။ ကိုယ်က လုပ်မယ့်စီးပွားရေးကို တကယ်ပိုင်ပိုင်နိုင်နိုင် လုပ်တတ်နေပြီလား၊ ဒီစီးပွားရေးကို စတင်ဖို့ ဘာတွေလိုအပ်မှာလဲ၊ တခြားကိုယ်နဲ့ လုပ်ငန်းတူတွေ ဘယ်လို လုပ်နေကြတာလဲ၊ ဈေးကွက်က ဘယ်လိုရှိတာလဲ၊ ကိုယ့်ရဲ့ ဆိုင်နေရာ(ဆိုင်ဖွင့်မယ့်သူတွေဆိုရင်) က လူတွေ လာကြမှာလား။ ကိုယ့်ရဲ့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ ၊ ပြိုင်ဘက်တွေက ဘယ်သူတွေလဲ၊ ကိုယ်က ဒီဈေးကွက်ထဲကို ဘယ်လိုပုံစံ ထိုးဖောက်ဝင်ရောက်နိုင်မှာလဲ၊ စတာတွေကို အရင်ဆုံး လေ့လာထားဖို့ လိုအပ်ပါတယ်။

Business Plan ဆွဲပါ

အစီအစဥ်မဆွဲဘဲ လုပ်ချင်ရာတွေကို ရမ်းသမ်းလုပ်လို့မရပါဘူး။ ကျကျနနစီစဥ်အကွက်ချဖို့ လိုအပ်ပါတယ်။ ခုမှ စတင်မယ့် စီးပွားရေးလုပ်ငန်းအတွက်ပိုလို့တောင် လိုအပ်ပါသေးတယ်။ ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုအတိုင်းအတာက ဘယ်လောက်ထိ တာသွားမှာလဲဆိုတာကို အရင်ဆုံး သုံးသပ်ပါ။ ကိုယ်ရဲ့ စီးပွားရေး Plan က ဘယ်လိုမျိုးဖြစ်မှာလဲဆိုတာကို ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏအတိုင်း အချိုးချပါ။ ကိုယ်က ဘာလုပ်ငန်းလုပ်မှာလဲ၊ ဘယ်သူတွေကို ရောင်းမှာလဲ၊ ကိုယ့်ရဲ့ ဘတ်ဂျက်က ဘယ်လောက်ရှိတာလဲ၊ ဈေးကွက်ရဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိတာလဲ၊ နောက် ၃ နှစ် ဒါမှမဟုတ် ၅နှစ်လောက်မှာ ကိုယ့်ရဲ့ ဘတ်ဂျက်ဟာ ဘယ်လောက်အတိုင်းအတာထိ လိုအပ်မှာလဲ စတာတွေကို Plan ထဲမှာ ထည့်ဆွဲဖို့ လိုအပ်ပါတယ်။

Ok Boutique ပိုင်ရှင်ဖြစ်ပြီး ရန်ကုန်မြို့တွင်းမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းပိုင်ရှင် မမေသွန်သွန်ချစ်ကတော့ ကိုယ်ပိုင်လုပ်ငန်းထူထောင်ဖို့ ဘာတွေ လုပ်သင့်တယ်ဆိုတဲ့အကြောင်းကို Duwun ကို ခုလို ပြောပြပါတယ်။

"ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ အဓိက က ငွေ အရင်းအနှီး လိုပါတယ်။ ကိုယ် လုပ်ငန်းနဲ့ ကိုက်ညီမယ့် စျေးကွက် ဝယ်လိုအား ကို ထည့်တွက်ပြီး စတင်ဖို့ လိုပါမယ် ။ အဓိက ကတော့ အရှုံးအမြတ် ကို အာရုံအဓိက မထားဘဲ ကိုယ် စတင်တဲ့ လုပ်ငန်းကို ဘယ်လို အကောင်းဆုံး ဝန်ဆောင်မှု ဖြစ်အောင် ကြိုးစား မယ်ဆိုတဲ့ စိတ်အခြေခံနဲ့ စေတနာ ကို အာရုံ ထားဖို့ ပိုလိုအပ်မယ်လို့ထင်မိပါတယ်။ လုပ်ငန်းတစ်ခုကို စတင်ပြီဆိုတာနဲ့ အရှုံးအမြတ်ထက် အလုပ်တစ်ခုကို လုပ်နေတယ်၊ ကြိုးစားနေတယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ စေတနာ ပေါင်းစပ် အခြေခံလိုက်ရင် အောင်မြင်မှု က လက်တစ်ကမ်းမှာပါပဲ ။ အစ်မကတော့ အများကြီး သိပ်မစဉ်းစားဘူး၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ဒီလုပ်ငန်းနဲ့ ကိုက်ညီမှုရှိ မရှိ အရင်စဉ်းစားပြီး အရင်းအနှီး လောက်မလောက် စတင်ဖို့ အချိန်ကာလ နေရာ အနေအထားပေါ်မူတည်ပြီး  စ ပြီ ဆိုတာနဲ့ ဖြစ်ပေါ်လာတဲ့ အခြေအနေ အပေါ်မူတည်ပြီး အကောင်းဆုံး စဉ်းစား ဆုံးဖြတ်ပြီး အကွေ့ရှိတိုင်း အကောင်းဆုံး တက် နဲ့ လှော် ခဲ့ပါတယ်။ "

ဘတ်ဂျက်ကို တွက်ချက်ပါ

အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ အရင်းအနှီးအများကြီး မလိုအပ်ဘူးဆိုပေမယ့်လည်း အမြတ်ငွေတွေ မလည်ပတ်နိုင်ချိန်ထိတော့ ကုန်ကျစရိတ်တွေက ရှိနေဦးမှာပါပဲ။ ကိုယ့်ရဲ့ လုပ်ငန်းစတင်ချိန်ကစပြီး ကုန်ကျနေတဲ့ ကုန်ကျစရိတ်တွေ အားလုံးကို ထည့်တွက်ထားဖို့ လိုအပ်ပါတယ်။ အနည်းဆုံးတော့ တစ်နှစ်စာအတွင်း ကုန်ကျမယ့် ကုန်ကျစရိတ်တွေအတွက် အရင်ဆုံး ကြိုတင် ထည့်သွင်းတွက်ချက်ထားဖို့ လိုပါတယ်။ ကိုယ့်လက်ထဲမှာ တစ်နှစ်စာအတွင်း လုပ်ငန်းအတွက် ထည့်ရမယ့် ရင်းနှီးမြှုပ်နှံမှုအတွက် ရင်းနှီးငွေရှိဖို့ လိုအပ်ပါတယ်။ ဒီလို တစ်နှစ်တာအတွက်တောင် ကြိုတင်စီစဥ်ထားတာ မရှိဘဲနဲ့ ကိုယ်ပိုင် စီးပွားရေးတစ်ခု စတင်လို့ မရနိုင်ပါဘူး။ ဒီအပိုင်းမှာဆိုရင်လည်း အရာရာကို အသေးစိတ်စီစဥ်တတ်တဲ့ အမျိုးသမီးတွေရဲ့ ဗီဇကြောင့် အဆင်ပြေနိုင်ပါတယ်။

ငွေကြေးပိုင်းဆိုင်ရာတိကျမှုရှိပါစေ

ကိုယ်ပိုင်လုပ်ငန်းတော့ တည်ထောင်ဖို့ရှိပါရဲ့၊ ကိုယ်ဘယ်လောက်ရင်းပြီး ဘယ်လောက် အမြတ်ငွေဝင်တယ်ဆိုတာတွေ မရှိလို့မရပါဘူး။ လုပ်ငန်းစတင်ချိန်က စလို့ တောက်လျှောက် Run နေတဲ့ အချိန်အတောအတွင်းမှာ ကိုယ့်ရဲ့ လုပ်ငန်းက ဝင်ငွေ၊ ထွက်ငွေ ၊ ကုန်ကျစရိတ်၊ အမြတ်ငွေ စတာတွေကို စနစ်တကျ စာရင်းရှိနေဖို့ လိုအပ်ပါတယ်။ ဒါဟာ စီးပွားရေးမှာ အရေးကြီးဆုံး သော့ချက်ပါပဲ။ ကိုယ့်ရဲ့ ဘတ်ဂျက်တွေအတွက် Plan လုပ်တဲ့ အခါမှာလည်း ငွေစာရင်းတွေက တကယ်ကို အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ငွေစာရင်းကို လုပ်ငန်းစတင်ချိန်က စလို့ တိတိကျကျ ဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်။

ကိုယ့်ရဲ့ လုပ်ငန်းနေရာကို သတ်မှတ်ပါ

ကိုယ့်ရဲ့ လုပ်ငန်းက နေရာတစ်ခု လိုအပ်တာလား၊ အိမ်မှာပဲ လုပ်လို့ရတဲ့ လုပ်ငန်းမျိုးလား ဒါမှမဟုတ် နေရာမလိုဘဲ အွန်လိုင်းလို နေရာမျိုးက လုပ်လို့ရတဲ့ လုပ်ငန်းမျိုးလား စသဖြင့် ကိုယ့်ရဲ့ လုပ်ငန်းနေရာ ၊ လုပ်ငန်းရဲ့ လိုအပ်မှု စတာတွေအတွက်လည်း တွေးထားဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းရဲ့ တည်နေရာဟာ ဘယ်လိုနေရာမျိုး ဖြစ်နိုင်မလဲဆိုတာကို ကိုယ့်လုပ်ငန်းPlan ထဲ ထည့်ထားဖို့ လိုအပ်ပါတယ်။

အမေရိကန် အလှကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ TORI Cosmetics ထုတ်လုပ်သူတစ်ဦး ဖြစ်တဲ့ မဗစ်တိုးရီးယားဟန်းနီဝင်းကတော့ စီးပွားရေးတစ်ခုကို လုပ်တော့မယ်ဆိုရင် ဘယ်လို စတင်သင့်လဲဆိုတာကို Duwun ကို ခုလို ပြောပြပါတယ်။

က

"လူတွေက စီးပွားရေးလုပ်တော့မယ်ဆိုရင် ငွေကြေးကို အရင်ကြည့်ကြတယ်။ စီးပွားရေး လုပ်ဖို့အတွက် ငွေကြေးပြည့်စုံရဲ့လားဆိုပြီး တွေးကြတာများတယ်။ တကယ်တော့ စီးပွားရေးလုပ်ဖို့ အတွက် အရေးကြီးတာ ငွေရေးကြေးရေးမဟုတ်ဘူး၊ စီးပွားရေးတစ်ခု စလုပ်တော့မယ်ဆို အရင်ဆုံးတွေးရမှာက ကိုယ့်မှာ ပညာပြည့်စုံပြီလား၊ Experience ပြည့်စုံပြီလား၊ ဒီနှစ်ခု ပြည့်စုံပြီဆိုရင် Just Drive မရပ်မနားတမ်းသာ မောင်းနှင်တော့လို့ ပြောချင်ပါတယ်။"

ပါဝင်ဆောင်ရွက်မယ့်သူတွေ အသင့်ဖြစ်နေပါစေ

ကိုယ့်လုပ်ငန်းအတွက် လိုအပ်တဲ့ အလုပ်သမားတွေကို ငှားရမှာလား၊ ဒါမှမဟုတ် မိသားစုဝင်တွေက ကူညီပေးမှာလား ဆိုတာတွေကလည်း ထည့်သွင်း စဥ်းစားရမယ့်အရာတွေထဲမှာ ပါဝင်ပါတယ်။ ကိုယ့် လုပ်ငန်းမှာ ဘယ်လို ရာထူးမျိုး ၊ ဆောင်ရွက်မှုမျိုးတွေ လိုအပ်ပြီး အရေအတွက် ဦးရေအားဖြင့် ဘယ်နှယောက်လိုအပ်တယ်ဆိုတာမျိုးတွေထိ ကြိုတင်တွက်ချက်ထားရပါမယ်၊ တွက်ချက်ထားရုံတင်မကပါဘူး လုပ်ငန်းစတင်ချိန်မှာ အဲဒီလူတွေက အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါသေးတယ်။ နောက်ဆုံး အသေးစားလုပ်ငန်းလေးမို့ အလုပ်သမား၊ ဝန်ထမ်းဆိုတာမျိုးတွေ မငှားနိုင်သေးဘူး၊ မလိုအပ်သေးဘူးဆိုရင်တောင် ဘယ်လိုအရာမျိုးတွေတာဝန်ယူဆောင်ရွက်ရမလဲ၊ မိသားစုဝင်တွေထဲက ဘယ်သူက ဘယ်လိုတာဝန်တွေကို ဆောင်ရွက်ပေးမှာလဲ ဆိုတာတွေကိုပါ ကြိုတင်ညှိနှိုင်းဆွေးနွေးထားဖို့ လိုအပ်တဲ့အပြင် ကူညီပေးမယ့် မိသားစုဝင်တွေရဲ့ ထင်မြင်ချက်တွေ၊ အကြံဥာဏ်တွေကို တောင်းဖို့ လိုအပ်ပါတယ်။

ကိုယ့်စီးပွားရေးလုပ်ငန်းကို လူသိအောင် ကြော်ငြာပါ 

ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းကို လူတွေ သိအောင် စိတ်ဝင်စားအောင် လုပ်ဖို့ဆိုတာလည်း တကယ်ကို လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းကို လူတွေ စိတ်ဝင်စားအောင် ဘယ်လိုကြော်ငြာမလဲ၊ ဘယ်လို ရောင်းထွက်အောင် ရောင်းမလဲဆိုတာတွေက စီးပွားရေးမှာ အရေးကြီးဆုံး အပိုင်းတစ်ခုဖြစ်ပါတယ်၊ ဒါ့ကြောင့် စီးပွားရေးလုပ်မယ့်သူတစ်ယောက်အနေနဲ့ သေးငယ်တဲ့ စီးပွားရေးလုပ်ငန်းဖြစ်ဖြစ် ၊ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းဖြစ်ဖြစ် Marketing အိုင်ဒီယာကောင်းကောင်း ရှိနေဖို့ လိုအပ်ပါတယ်။ ကိုယ့်လုပ်ငန်းကို လူတွေ စိတ်ဝင်စားအောင် လုပ်နိုင်လေ ကိုယ့်လုပ်ငန်းဟာ ဆထက်ထမ်းပိုးအောင်မြင်လာလေပဲ ဖြစ်ပါတယ်။


က္က