စွန့်ပစ်စက်ဘီးကျွတ်တွေကို ပြန်အသုံးပြုပြီး အသုံးအဆောင်ကို ဖန်တီးရောင်းချပေးနေတဲ့ TUbe Myanmar ရဲ့ ပဲ့ကိုင်ရှင် ဒေါ်ဒီးနာပဲ ဖြစ်ပါတယ်။
May Thaw

ဘဝမှာ ကိုယ်ရွေးချယ်တဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်၊ ကိုယ်လုပ်လိုက်တဲ့ စီးပွားရေးဟာ ကိုယ့်အတွက်လည်း အကျိုးရှိမယ်၊ အများအတွက်လည်း တစ်ဖက်တစ်လမ်းက အကျိုးပြုနိုင်မယ့်အပြင် ပတ်ဝန်းကျင်အတွက်လည်း အများကြီးအထောက်အကူဖြစ်မယ်ဆိုရင် ဒီအလုပ်အတွက် ဘယ်လောက်ပဲ အခက်အခဲတွေကြုံရကြုံရ ရင်ဆိုင်ရင်း ရှေ့ဆက်လျှောက်လှမ်းနေတဲ့ အမျိုးသမီးတစ်ဦးရှိနေပါတယ်။ သူကတော့ စွန့်ပစ်စက်ဘီးကျွတ်တွေကို ပြန်အသုံးပြုပြီး အိတ်နဲ့အသုံးအဆောင်ကို ဖန်တီးရောင်းချပေးနေတဲ့ TUbe Myanmar ရဲ့ ပဲ့ကိုင်ရှင် ဒေါ်ဒီးနာပဲ ဖြစ်ပါတယ်။

ဒီလုပ်ငန်းမစခင်တုန်းက အမျိုးသမီးဝတ်အထည်ဆိုင် ဖွင့်ဖြစ်ခဲ့တဲ့သူမဟာ စက်ဘီးကျွတ်တွေနဲ့ အိတ်တွေချုပ်ဖြစ်လိမ့်မယ်၊ ဒီဇိုင်းမျိုးစုံဖန်တီးလို့ရနိုင်တယ်လို့ အရင်က တစ်ခါမှမတွေးမိခဲ့ပါဘူး။ စချုပ်ဖြစ်သွားတဲ့ အကြောင်းအရင်းကို မေးကြည့်တဲ့အခါမှာတော့ “အန်တီ့အမျိုးသားရဲ့ မိတ်ဆွေ ၊ ဂျာမန်တစ်ယောက်က ကားကျွတ်ယူလာပြီး ကြိုက်တဲ့အိတ်ဒီဇိုင်း ချုပ်ပေးပါဆိုပြီး အန်တီ့ကိုချုပ်ခိုင်းတယ်။ ကားကျွတ်က ပိုမာတယ်။ ဆိုင်ကယ်ကျွတ်နဲ့လည်း စမ်းချုပ်ကြည့်သေးတယ်။ သူလည်းမာတယ် ၊ အဆင်မပြေဘူး။ နောက်ဆုံးစက်ဘီးကျွတ်နဲ့မှ အဆင်ပြေသွားတယ်။ အဲ့ဒီကစပြီး စက်ဘီးကျွတ်နဲ့ အိတ်လေးတွေ ဘယ်လိုချုပ်နိုင်သလဲဆိုတာကို စမ်းသပ်ချုပ်ဖြစ်ခဲ့တာပါ” လို့ သူမက ပြောပြပါတယ်။

အစပိုင်းအိတ်လေးတွေချုပ်တဲ့အခါမှာ နည်းမသိတာကြောင့်ရော၊ ချုပ်ဖို့သုံးတဲ့စက်တွေက အဝတ်ချုပ်တဲ့စက်တွေသုံးမိတာကြောင့် အဆင်မပြေတာမျိုးတွေ ကြုံခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် စက်ဘီးကျွတ်ချုပ်ရတဲ့အခါ ကိုယ်ကပထမဆုံးစပြီး ခုလိုဖန်တီးတာမို့ အခြားသောအခက်အခဲတွေလည်း အများကြီးရှိပါသေးတယ်။

အဲ့ဒီအကြောင်းကို သူမက “TUbe Myanmar မဖြစ်လာခင်၂၀၁၃ကတည်း အိတ်တွေကို သေချာသေသေသပ်သပ်ချုပ်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ အကြိမ်ကြိမ်ကို စမ်းသပ်ချုပ်ခဲ့ရတာပါ။ အစပိုင်းချုပ်တာမအောင်မြင်တော့ စိတ်ပျက်ရပါတယ်။ ဒီအလုပ်မလုပ်ချင်တော့ဘူး ၊လက်လျှော့လိုက်တော့မယ် ဆိုပြီးတောင် စဉ်းစားမိခဲ့တယ်။ ဒီအလုပ်စလုပ်တော့ ချက်ချင်းလဲ ငွေမပေါ်ဘူးလေ။ ရောင်းဖို့အဆင့်လည်း မဟုတ်တော့ ချုပ်ပြီး အလကားပေးတာရယ်၊ လွှင့်ပစ်ရတာရယ်နဲ့ပဲ သံသရာလည်နေခဲ့တာ။ နောက်ပိုင်း အန်တီက အဝတ်ချုပ်တဲ့စက်နဲ့ ကျွတ်တွေကိုချုပ်ဖို့ အဆင်မပြေတော့ စက်ဘီးဆိုင်သွားပြီး ဒီကျွတ်စကိုချုပ်ချင်တယ်၊ ဘယ်လိုစက်နဲ့ အဆင်ပြေမလဲမေးတယ်၊ ကျွတ်စပြပြီး ချုပ်ခိုင်းကြည့်တာပေါ့နော်။ စက်ဆိုင်ကိုလည်း လိုအပ်တာလေးတွေပြပြီး ချုပ်ကြည့်ပြီးအဆင်ပြေမှ ရောင်းပေးတာပါ။ အစတွေ ခုလိုသွားချုပ်ကြည့်ပြီး အဆင်ပြေတော့မှ စက်တွေဝယ်တာပေါ့။ ချုပ်တဲ့စက်တွေကတော့ အသစ်မဟုတ်ပါဘူး၊ ဂျပန်ကျစက်ကြီးတွေနဲ့ ချုပ်ရတာပါ။ နည်းပညာသိလာတဲ့အခါကျတော့ လက်ရာကောင်းလာတယ်။ ၂၀၁၃တစ်နှစ်လုံးကတော့ စမ်းသပ်နေရတာနဲ့ အချိန်ကုန်သွားတာပေါ့။ ၂၀၁၄ တောက်လျှောက်လည်း ဆက်တိုက်ချုပ်ပြီး ပိုကောင်းတဲ့ကွာလတီရဖို့ကြိုးစားနေခဲ့တယ်။ ၂၀၁၄အကုန်နဲ့ ၂၀၁၅လောက်မှပဲ ဒီ Recycle အိတ်လေးတွေကို ချင်းမိုင်ကိုစ export လုပ်နိုင်ခဲ့ပါတယ်” တဲ့။

အဲ့ဒီနောက်မှာတော့ ဒေါ်ဒီးနာဟာ ချင်းမိုင်ကိုပဲ တင်ပို့နေရတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံမှာစပြီး ချုပ်လုပ်ဖန်တီးခဲ့တဲ့ Made In Myanmar အိတ်လေးတွေမို့ မြန်မာနိုင်ငံမှာလည်း ရောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ သူမဟာ အဲ့ဒီအချိန်ကစပြီး TUbe Myanmar အိတ်နဲ့ အခြားအသုံးအဆောင်တွေကို တစ်နေရာတည်းမှာ ဝယ်ယူရရှိနိုင်ဖို့ ဗိုလ်ချုပ်စျေးမှာ ဆိုင်ခန်းဖွင့်ပြီး စတင်ရောင်းချခဲ့ပါတယ်။

နိုင်ငံခြားသားတွေက စွန့်ပစ်ပစ္စည်းကနေ ပြန်ပြီး recycle လုပ်ထားတာကို သဘောကျတာများပေမယ့် ပြည်တွင်းစျေးကွက်ကတော့ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ အထူးသဖြင့်တော့ စွန့်ပစ်ပစ္စည်းဖြစ်ပြီး စျေးများတယ်ဆိုတဲ့ သတ်မှတ်ချက်တွေသာ ပြန်ကြားခဲ့ရပါတယ်။

“Recycle ဆိုပေမယ့်လို့ အန်တီတို့ ချုပ်ရတာ မလွယ်ဘူး။ ဝယ်သမျှ ကျွတ်တိုင်းလည်း သုံးလို့မရပါဘူး။ ကျွတ်အခု တစ်ထောင်ဝယ်ရင် တစ်ထောင်စလုံးသုံးလို့မရပါဘူး။ ဆွေးတဲ့ဟာတွေ၊မာတဲ့ဟာတွေ၊ အပေါက်အပြဲတွေကြောင့် အလေအလွင့်များပါတယ်။ ဝယ်တဲ့နေရာမှာလည်း ရွေးလို့မရပါဘူး။ စပြီးချုပ်တော့မယ်ဆိုရင် ကျွတ်တွေကို အလယ်တည့်တည့်ကနေခွဲရတယ်။ စောင်းခွဲလို့မရဘူး။ ပြီးတာနဲ့ ဆပ်ပြာနဲ့စိမ်ထား၊ ရေနဲ့သေချာတိုက်ဆေး၊ နေလှမ်းပြီးမှ မလိုတဲ့ဘေးသားတွေ ညှပ်ထုတ်ပြီး ချုပ်ရတာပေါ့။ ကျွတ်စကကျတော့ ပိတ်စချုပ်သလို မမြန်ဘူး၊ မလွယ်ဘူး။ ဒီ့အတွက် အန်တီတို့မှာ အလုပ်သမားစရိတ်၊ ချုပ်ဖို့နေရာငှားရတာတွေ၊ ဆိုင်ခန်းငှားရတဲ့စရိတ်တွေလည်း ရှိသေးတာကိုး” လို့ သူမက ရှင်းပြသွားပါတယ်။

TUbe Myanmar ကနေ ဒီဇိုင်းပေါင်း (၃၀)ကျော်ထွက်ရှိခဲ့ပြီး ခုနောက်ပိုင်းမှာတော့ လူကြိုက်အများဆုံးဒီဇိုင်း (၂၀)ကျော်ကို ဆက်လက်ရောင်းချပေးနေခဲ့တာပါ။ ရောင်းအားအကောင်းဆုံး ဒီဇိုင်းတွေကတော့ အမျိုးသားတွေ စလွယ်သိုင်းလွယ်လို့ရတဲ့ Fanny Pack Bag၊ ခါးပတ်အိတ်၊ ဘောပင်ထည့်တဲ့အိတ်၊ Toiletry အိတ်အလုံးလေးတွေ၊ ပေါ့ပေါးပါးပါးလွယ်နိုင်တဲ့ Round Bag အိတ်လေးတွေနဲ့ ရိုးရာစင် Tote Bag အိတ်လေးတွေလို့ သိရပါတယ်။

“ဒီဇိုင်းပိုင်းနဲ့ပတ်သက်ရင် သူကကျတော့ ချုပ်ချင်တဲ့ ဒီဇိုင်းတိုင်းလည်း ချုပ်လို့မရဘူး။ အသားက ထူတော့ အရမ်းခက်တဲ့ ဒီဇိုင်းဆိုရင် မထုတ်ပါဘူး။ ကျွတ်နဲ့ချုပ်ထားတဲ့ အိတ်တွေရဲ့အားသာချက်ကတော့ အဆက်မပြတ်သုံးလေ၊ လွယ်လေ သူက ပိုလွယ်လို့ကောင်းလာလေပါပဲ၊ ဆက်တိုက်သုံးရင် သူကမပျက်စီးနိုင်ပါဘူး။ မလွယ်ဘဲ ပစ်ထားမှသာ ဆွေးတာမျိုးဖြစ်နိုင်ပါတယ်။ ပြီးတော့ ရေစိုမှာဘာညာလည်း မပူရပါဘူး။ အားနည်းချက်ကိုပြောပါဆိုရင်တော့ သူအသားကနည်းနည်းလေးတာမို့ ကျောပိုးအိတ်လို အိတ်မျိုးတွေဆို ဘာမှထည့်မလွယ်ရသေးဘဲနဲ့တင် လေးသလိုဖြစ်နေတာပေါ့။ စျေးကကျတော့ ၃ဝဝဝကနေ ၈၈ဝဝဝအထိ အစားစားရှိပါတယ်။ အန်တီတို့ဘက်ကတော့ material ပိုင်းရော၊ နောက် ချုပ်ရိုးချုပ်သားပိုင်းကိုပါ အထူးဂရုစိုက်ထားတာမို့ အာမခံချက်ပေးနိုင်ပါတယ်။ ဝယ်သူက ဝယ်သွားပြီးလို့ အိတ်ကတစ်ခုခုဖြစ်တယ်၊ ဇစ်ပြုတ်တယ်ဘာညာဆိုရင်လည်း အသစ်တစ်လုံးပြန်လဲပေးလိုက်တယ်။ သုံးတဲ့သူကို အဓိကစိတ်ချမ်းသာစေချင်တာပါ” လို့ သူမက သူမဖန်တီးတဲ့ အိတ်နဲ့အသုံးအဆောင်တွေအကြောင်းကို သေချာရှင်းပြသွားပါတယ်။

ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ခုလို Recycle အိတ်နဲ့အသုံးအဆောင်တွေကို ချုပ်လုပ်ရောင်းချပေးနေတဲ့ သူမရဲ့အိပ်မက် အကောင်အထည်ပေါ်လာခဲ့ပေမယ့် ရေရှည်ဆက်သွားနိုင်မသွားနိုင်ကိုတော့ ပြောရခက်တဲ့အခြေအနေပါ။ စျေးကွက်အနေအထားအရ ပြည်တွင်းစျေးကွက်က ထင်သလောက်မသွားတဲ့အတွက် သူမအနေနဲ့ ဒီလုပ်ငန်းကို ဆက်ပြီးရပ်တည်နိုင်ဖို့ ရုန်းကန်နေရတဲ့အကြောင်း၊ သူမအတွက် TUbe ဟာ ဘယ်လောက်ထိအရေးပါကြောင်းကိုလည်း “TUbe က အန်တီ့အတွက်တင် မကပါဘူး၊ ကိုယ်နဲ့လက်တွဲပြီးအတူ ချုပ်ခဲ့ရသူတွေအတွက်လည်း အရေးပါပါတယ်။ ဝင်ငွေရှိမှ ရပ်တည်လို့ရမယ်။ လူတိုင်းလူတိုင်း စားဝတ်နေရေးက အရေးကြီးတော့ အလုပ်ရှိမှရမယ်လေ ၊ ဒါကြောင့် ဝယ်သူရှိနေသရွေ့တော့ ဆက်လုပ်သွားပါမယ်။ အဓိကကတော့ ဆိုင်ခန်းငှားးခက စျေးကြီးတယ် ။ ဆိုင်ခွန် ၊ အမြတ်ခွန်တွေလည်း မနည်းဘူး။ အိမ်ငှားတာတွေကလည်း တစ်နှစ်ထက်တစ်နှစ် စျးတက်လာတယ်။ လုပ်ငန်းကကောင်းလားဆိုတော့ အရမ်းကောင်းတယ်တော့ မဟုတ်ဘူးပေါ့နော်၊ အားတင်းပြီး ဆက်ကြိုးစားရပ်တည်နေရတာပါ။ ကိုယ်အကြာကြီး ကြိုးစားအကောင်အထည်ဖော်လာခဲ့တဲ့ အလုပ်လေးဆိုတော့ ရပ်သွားမှာကို နှမြောမိပါတယ်။ ပြည်တွင်းဖြစ် Recycle product လးဖြစ်တာကြောင့်လည်း မရပ်လိုက်ချင်ပါဘူး” လို့ သူမဖွင့်ဟသွားပါတယ်။

သုညအခြေအနေကနေ စတင်ခဲ့တဲ့ ဒီလုပ်ငန်းလေး ရေရှည်တည်တံ့ဖို့ဆိုတာ လက်မှုပညာကို ချစ်မြတ်နိုးတန်ဖိုးထားတဲ့သူတွေ၊ စွန့်ပစ်ပစ္စည်းကနေ လူ့အသုံးအဆောင်တွေ ပြန်လည်ထုတ်လုပ်တာမျိုးကို အားပေးတဲ့သူတွေ ပိုများလာမှသာ ဖြစ်နိုင်မယ့်အခြေအနေပါ။ မြန်မာနိုင်ငံမှာတော့ လက်မှုပညာကို ခုချိန်မှာ စတင်လက်ခံပေမယ့် စျေးကွက်ကတအားတော့ အရှိန်မရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အန်တီဒေါ်ဒီးနာကတော့ လက်မှုပညာဟာ အမျိုးသမီးတွေအနေနဲ့ တတ်မြောက်ထားရင် အကောင်းဆုံးလို့ ဆိုလာပါတယ်။

“အမျိုးသမီးတစ်ယောက်အတွက် လက်မှုပညာတစ်ခုခု တတ်မြောက်တာ အများကြီးကောင်းကျိုးရှိပါတယ်။ အန်တီ အိမ်ထောင်စကျပြီးကတည်းက လက်မှုပညာနဲ့ပတ်သက်ပြီး တစ်ခုမဟုတ်တစ်ခု လုပ်တယ်။ လွယ်အိတ် ယက်ခဲ့တယ်။ အင်္ကျီ ချုပ်ခဲ့တယ်။ ခု ဒီ TUbe အိတ် ချုပ်တယ်။ အဲ့လိုချုပ်လုပ်တာက အနည်းဆုံး မိသားစု စားဝတ်နေရေးတော့ တစ်ဖက်တစ်လမ်းက အဆင်ပြေစေတာပေါ့ ။ ပြီးတော့ ကိုယ့်မှာအလုပ်ရှိတဲ့အတွက် ပျင်းချိန်မရှိတော့ဘူး။ ကိုယ်ကမှ တစ်ခြားအမျိုးသမီးတွေနဲ့ပါ အတူတွဲလုပ်နိုင်မယ်ဆိုရင် သူတို့လည်းအလုပ်ရှိတော့၊ ဝင်ငွေရှိလာမယ်။ စားဝတ်နေရေး အဆင်ပြေလာမယ်။ လက်မှုပညာကိုတော့ အမျိုးသမီးတွေကို တစ်ခုမဟုတ်တစ်ခု သင်ယူစေချင်တယ်” လို့ ပြောသွားပါတယ်။

ကိုယ်ဖန်တီးတဲ့လက်ရာ၊ ကိုယ်ချုပ်လုပ်တဲ့အိတ်၊ အသုံးအဆောင်တွေကို တစ်ပါးသူသဘောကျ စိတ်ကျေနပ်ပျော်ရွှင်သွားတာကို မြင်ရတဲ့အရသာကို ဖန်တီးသူပညာရှင်သာ သိပါလိမ့်မယ်။ ကိုယ်ကြိုးစားတည်ဆောက်ခဲ့ရတဲ့ အိပ်မက်တွေ မပျက်စီးအောင်၊ မပြိုလဲအောင် အခက်အခဲတွေ ဘယ်လောက်ဖြတ်သန်းခဲ့ရတယ်ဆိုတာကိုလည်း ကာယကံရှင်ကသာ အသိဆုံးဖြစ်မှာပါ။ သို့ပေမယ့် သူမ ဘယ်လိုရည်ရွယ်ချက်ကောင်းတွေနဲ့ လက်ရာကောင်းကောင်းတွေ ဖန်တီးတယ်၊ ဘယ်လိုစေတနာတွေနဲ့ ဒီလို စွန့်ပစ်စက်ဘီးကျွတ်လေးတွေကနေ အိတ်၊ အသုံးအဆောင်လေးတွေ ကိုယ်တိုင်ပုံဖော် ဖန်တီးထားတယ်ဆိုတာကိုတော့ ဒီအိတ်လေးတွေအသုံးပြုနေသူတွေ ခံစားမိကြလိမ့်မယ်၊ ဒီစျေးကွက်လေးလည်း ပိုမိုဖြစ်ထွန်းလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။


က္က