ထက်မြက်တဲ့မိန်းမဆိုတာ ဘယ်လိုပုံစံမျိုးလဲ။
Thin Nu Swe

ထက်မြက်တဲ့မိန်းမဆိုတာ အရမ်းချေမိုးပြီး စတိုင်ကျနေတာမျိုးကို ၊ ဘယ်သူဘာထင်ထင် ဂရုမစိုက်ဘူးဆိုတာမျိုးကို ထက်မြက်တယ်လို့ခေါ်တာမဟုတ်ပါဘူး။ ထက်မြက်တဲ့ မိန်းမဆိုတာ လူတိုင်းအပေါ် ကြင်နာနွေးထွေးသလို ကိုယ်တိုင်လည်း တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိတဲ့ လူသားဆန်တဲ့မိန်းမမျိုးပါ။ တကယ်တမ်း ထက်မြက်တဲ့မိန်းမဆိုတာမျိုးက အခုပြောပြမယ့် အချက်တွေနဲ့ ကိုက်ညီနေတဲ့ သူမျိုးပါ။ ကဲ...ထက်မြက်တဲ့မိန်းမတစ်ယောက်ဟုတ်မဟုတ် အချက်လေးတွေ တိုက်ကြည့်ကြရအောင်နော်။

ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်ရပါမယ်

ကိုယ့်ရဲ့ အခြေအနေ ၊ ကိုယ့်ရဲ့ပုံစံ ၊ ကိုယ့်ရဲ့ အသိုင်းအဝိုင်း ဝန်းကျင်အားလုံးကို လက်ခံနိုင်တဲ့သူမျိုးမှ ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်လို့ ဆိုရမှာပါ။ ကိုယ့်အခြေအနေကို လက်မခံနိုင်ဘဲ စိတ်ထဲကနေ ကျိတ်ပြီး သူများကို အားကျနေတာ ၊ သူများရဲ့ ပုံစံကို လိုချင်မက်မောနေတာ၊ လူရှေ့မှာ ချေမိုးနေပြီး ကွယ်ရာမှာ ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျ လက်မခံနိုင်တဲ့သူဟာ ထက်မြက်တဲ့မိန်းမ လုံးဝမဟုတ်ပါဘူး။

အရှိအတိုင်းနေသူပါ

ထက်မြက်တယ်ဆိုပြီး ကိုယ့်ရဲ့ တကယ့်ပုံစံအမှန် ချမပြရဲဘဲ ဟန်ပြတွေများနေရင်လည်း အဆင်မပြေပါဘူး။ အရှိအတိုင်းကို မနေဘဲ အရာရာ ဖုံးကွယ်ထားပြီး သရုပ်မှန်မရှိတဲ့သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ထက်မြက်တဲ့မိန်းမပါလို့ အော်နေလည်း သူ့ကိုယ်သူတော့ ယုံကြည်မှုရှိနေနိုင်မှာမဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသူပါ

ထက်မြက်တဲ့မိန်းမဆိုတာ သူများအပြောတစ်ခုတည်းနဲ့ တွယ်ငြိခံစားနေတတ်တဲ့သူတော့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး သူများစကားတွေအပေါ် လိုက်ခံစားမနေတတ်ပါဘူး။ ကိုယ့်ရဲ့ တန်ဖိုးကို သူများပါးစပ်ဖျားမှာ အဆုံးမခံတတ်ဘဲ ကိုယ့်ရဲ့ တန်ဖိုးကို ကိုယ်ကိုယ်တိုင် သိသူပါ။

ဖက်ရှင်လောကမှာ မသိသူမရှိလောက်အောင် ထင်ရှားတဲ့ ဒီဇိုင်နာဌေးဌေးတင်ကတော့ သူ့ကိုယ်သူ ထက်မြက်တဲ့အမျိုးသမီးအဖြစ်ခံယူထားပါတယ်။

"ထက်မြက်တဲ့မိန်းမဆိုတာအဓိပ္ပါယ်အများကြီးဖွင့်လို့ရပါတယ်။ အစ်မအမြင်တော့ ကိုယ်ဆောင်ရွက်နေတဲ့လုပ်ငန်းတွေအပေါ်မှာရိုးရိုးသားသားကြိုးကြိုးစားစားနဲ့အောင်မြင်အောင် ကြိုးစားလုပ်ဆောင်နေနိုင်မယ်ဆိုရင်လည်း ထက်မြက်တဲ့မိန်းမလို့ယူဆလို့ရပါတယ်။ Fashion ပညာသင်ယူစဉ်အခါက သူများမမြင်နိုင်တဲ့အရာတွေကို ကြိုမြင်နေတတ်လို့ အစ်မ ကိုယ့်ကိုယ်ကိုယ်ထက်မြက်တဲ့မိန်းမလို့လည်းခံယူထားပါတယ်"

အတိတ်ကိုမေ့ထားတတ်သူ

ပြန်တွေးနေလို့မှ ကိုယ့်အတွက် ဘာအကျိုးမှမရှိတဲ့အပြင် ကိုယ့်အတွက် ပူလောင်စေတဲ့ အတိတ်ဆိုးတွေအကြောင်းကို တသသပူဆွေးနေတတ်တဲ့သူမဟုတ်ပါဘူး။ ကိုယ် လုပ်ခဲ့ဖူးတဲ့အမှားတွေအပေါ် သင်ခန်းစာယူသင့်တာ ယူပြီး ဒီအမှားတွေအတွက် ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ဒဏ်ခတ်မနေတော့ပါဘူး။ အတိတ်ကအမှားတွေကို မေ့ထားပြီး လက်ရှိမှာ တိုးတက်မြင့်မားအောင် လုပ်တတ်သူဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုတတ်သူ

အမှားတွေအတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပေးတတ်သလို ကိုယ်လုပ်ခဲ့တဲ့ အမှန်တွေအတွက်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုဆုချတတ်သူပါ။ ကိုယ့်ရဲ့ လုပ်ရပ်အမှန်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ဆုချတတ်တဲ့အကျင့်မျိုး ထက်မြက်တဲ့ မိန်းမတချို့မှာ မြင်ရတတ်ပါတယ်။

ဈေးရောင်းတဲ့မိသားစုကနေ ပေါက်ဖွားခဲ့ပေမယ့် မဆုတ်မနစ်တဲ့ ဇွဲ လုံ့လတွေကြောင့် အလှမယ်တစ်ယောက်အဖြစ်ရပ်တည်နေပြီး စိန်ခေါ်မှု အခက်အခဲပေါင်းများစွားကို အပြုံးလေးနဲ့ ကျော်လွှားနိုင်ခဲ့တဲ့ အလှမယ် အိမ့်မြတ်ချယ်ကလည်း ထက်မြက်တဲ့အမျိုးသမီးဆိုတဲ့ ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။

"မိမိရဲ့ ယုံကြည်ရာကို မဆုတ်မနစ် ဆက်လျှောက်ရဲတဲ့သတ္တိ မိမိရဲ့ အိပ်မက်တွေကို တစ်ဆင့်ချင်း ထုဆစ်ပုံဖော်နိုင်တဲ့ အရည်အချင်း၊ ဦးနှောက်နဲ့ နှလုံးသာကို ဟန်ချက်ညီညီ စည်းချက်ကျကျ ထိန်းချုပ်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိတဲ့ အမျိုးသမီးတစ်ယောက်ကို ထက်မြက်တယ်လို့ဆိုနိုင်တယ်လို့ ထင်ပါတယ်။ ဒီလိုအရည်အသွေးတွေနဲ့ ပြည့်ဝနေတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ရဲရဲရင့်ရင့်နဲ့ ရပ်တည်နိုင်ဖို့က ကျွန်မဘဝရဲ့ အကြီးမားဆုံး ဆန္ဒဖြစ်ပါတယ်။ စိန်ခေါ်မှုတော့အများကြီးရှိတာပေါ့ ၊ ဒါပေမယ့် နဂိုတည်းက စိတ်ဓာတ်မာတယ် ၊ ဆုံးဖြတ်ချက်ပြတ်သားတယ်၊ ကျောခိုင်းပြီးရင် ပြန်လှည့်မကြည့်တတ်ဘူး။ လုပ်ချင်တာတစ်ခုရှိရင် မရရတဲ့နည်းနဲ့ မဖြစ်ဖြစ်အောင် လုပ်ယူတတ်တယ်။ သူတစ်ပါးအပြစ်ပြောခံရမဲ့ အနေအထားမျိုးဖြစ်အောင် ဘယ်တော့မှ ကိုယ့်ကိုယ်ကို မဖန်တီးဘူး။ လက်ညှိုးထိုးလာရင်လည်း လုံးဝမကြိုက်ဘူး ဒီလို ခံယူချက်တွေနဲ့ ရပ်တည် ရှင်သန်လာတာဆိုတော့ ကိုယ့်ကိုယ်ကိုတော့ကျေနပ်ပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ ထက်မြက်တယ်ဆိုတဲ့ အတိုင်းအတာထိတော့ မရောက်သေးပေမယ့်ပေါ့"

ယုံကြည်မှုအပြည့်ရှိသူ

ငါ လုပ်နေတာ မှန်မှမှန်ပါ့မလား လို့ ဇဝေဇဝါ မရှိတတ်သူပါ။ ကိစ္စတစ်ခုကို ဆုံးဖြတ်ပြီဆိုရင် အမှား နဲ့ အမှန် သေချာ ပိုင်းခြားနိုင်ပြီး သေချာပိုင်နိုင်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သူပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ သူဖြစ်ပြီး မှားသွားတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်မိရင်တော့ အဲဒီအတွက် တာဝန်ယူတတ်တဲ့ အမျိုးသမီးမျိုးပါ။

ကိုယ့်ကိုယ်ကိုယ်ချစ်တတ်သူ

ထက်မြက်တဲ့ မိန်းမဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းချစ်တတ်ကြပါတယ်။ ကိုယ့်ရဲ့ ပုံစံ ၊ ကိုယ့်ရဲ့ စိတ်နေစိတ်ထား ၊ ကိုယ့်ရဲ့ ရပ်တည်ချက် မှန်သမျှကို ချစ်တတ်၊ မြတ်နိုးတတ်သူပါ။ ထက်မြက်တဲ့ မိန်းမဆိုတာ တယူသန်လားလို့ မေးလာခဲ့ရင်တော့ အတ္တတော့ နည်းနည်းရှိတယ်လို့ ဖြေရမှာပါပဲ။ ဒါပေမယ့် ကိုယ်လုပ်တာမှန်သမျှ အမှန်ထင်နေရင်လည်း ထက်မြက်သူ မဟုတ်တော့ပါဘူး။ ထက်မြက်တယ်ဆိုတာ အရာရာကို စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတာမျိုးပါ။ တယူသန်တဇောက်ကန်းလုပ်တတ်၊ တွေးတတ်သူက ထက်မြက်တဲ့မိန်းမလို့ အော်နေလို့ မရပါဘူး။

ထက်မြက်တဲ့ အမျိုးသမီးဆိုတာထက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတဲ့အမျိုးသမီးတစ်ယောက်အဖြစ်ခံယူထားသူကတော့ fitness influence r တစ်ယောက်ဖြစ်တဲ့ Chloe Zin ပါ။

အင်အားအပြည့်ရှိနေသူ

အင်အားဆိုတာ ခွန်အားကို ဆိုလိုတာမဟုတ်ပါဘူး။ မိန်းမတွေက ရုပ်ပိုင်းဆိုင်ရာအနေနဲ့ဆို အားပျော့တဲ့ နေရာမှာ ပါထားပြီးသားပါ။ ဒါပေမယ့် စိတ်ဓာတ်ခွန်အားနဲ့ ခံနိုင်ရည်ပိုင်းဆိုင်ရာမှာတော့ ယောကျာ်းတွေထက် ပိုသာပါတယ်။ ဒါပေမယ့် မိန်းမသားတိုင်းကတော့ ကိုယ့်ရဲ့ အားသာချက် ၊ အားနည်းချက်ကို သိနိုင်စွမ်းမရှိကြပါဘူး။ ထက်မြက်တဲ့ မိန်းမသားကတော့ ကိုယ့်ရဲ့ အားနည်းချက် ၊ အားသာချက်တွေကို ကောင်းကောင်းသိပြီး ဘဝအတွက် အကျိုးရှိရှိ အသုံးချတတ်တဲ့ အင်အားတွေအပြည့်ရှိနေပါတယ်။ 

ထက်မြက်တဲ့ မိန်းမဆိုတာ အရာရာကို ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်ဉာဏ်နဲ့ ဦးဆောင်နိုင်ပြီး တာဝန်ခံမှု ၊ တာဝန်ယူမှု အပြည့်ရှိတဲ့သူမျိုးခေါ်တာပါ။ ယောကျာ်းပဲဖြစ်ဖြစ် ၊ မိန်းမပဲ ဖြစ်ဖြစ် ကျားမ ခွဲခြားမနေဘဲ လူသားဆန်မှုအပြည့်ရှိပြီး ကိုယ်ကျင်လည်ရာဝန်းကျင်မှာ ဦးဆောင်နိုင်မှုအပြည့်ရှိတဲ့ ကြင်နာနွေးထွေးတဲ့ မိန်းမမျိုးကိုမှ ထက်မြက်တဲ့ မိန်းမလို့ ခေါ်နိုင်မှာပါ။

နှစ်လိုဖွယ်ကောင်းပြီး လူတိုင်းလေးစားအားကျရတဲ့ ထက်မြက်တဲ့ မဒီလေးတွေ ဖြစ်နိုင်ကြပါစေ။


က္က